menu

Wednesday 13 November 2013

အဖေ၊ ကျွန်တော်၊ ဆေးလိပ်...(မင်းလူ)



    မိန်းမသည် ဆေးလိပ်ကို ရန်ရှာနေတာ အတော်ကြာပြီ။ သမီးရည်းစား ဖြစ်ကာနီး အချိန်ကပင် စတင်ခဲ့သည်။ ကျွန်တော်သည် သူ့အချစ်ကိုရဖို့ အကြိတ်အနယ် ဆွေးနွေးစဉ်အခါမှာပင် ဆေးလိပ် တဖွာဖွာနှင့် ဖြစ်၏။
    သူ့အနေနှင့်လည်း တက္ကသိုလ် နောက်ဆုံးနှစ်တောင် ရောက်နေပြီဖြစ်၍ ဆေးလိပ်ဖြတ်မှ အဖြေပေးမယ်ဟု ပြောလို့ ယုတ္တိမတန်မှန်း သိနေသည်။ သို့တည်းမဟုတ် ကျွန်တော်က အဖြေမပေးချင် နေ၊ ဆေးလိပ်တော့ မဖြတ်နိုင်ဘူး ဆိုတာမျိုး ဖြစ်သွားမှာကို သူ စိုးရိမ်မိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
    ထို့ကြောင့် သူသည် အချစ်နှင့် ဆေးလိပ်ကို ဆက်စပ်ခြင်း မပြုတော့ဘဲ ကျွန်တော့်ကို လက်ခံလိုက်သည်။
    “အဖေက ဆေးလိပ်သောက်တာ မကြိုက်ဘူး”
    ဆိုသော စကားကိုတော့ ကြိုထောက်ထားလိုက်၏။ ထိုသတိပေးချက်သည်လည်း သိပ်မထိရောက်လှပါ။ သူတို့အိမ်ကို ကျွန်တော် ဝင်ထွက်သွားလာခွင့်ရသော အချိန်မှာပင် သူတို့ အဘွားဖြစ်သူက တစ်တောင်လောက်ရှိသော လက်ဖြစ်ဆေးပေါ့လိပ်ကြီးနှင့်။ သူတို့ အမေက ကျားပျံမကောက် ဆေးပေါလိပ်ကြီး တဖွာဖွာ။ သူ့မောင်တွေ လက်ကြားမှာ စီးကရက်၊ ဆေးပေါ့လိပ် မီးခိုးတလူလူ တွေ့ရလေသည်။ ဒီတော့ ကျွန်တော်လည်း ဆေးလိပ်မီး တရဲရဲနဲ့ပေါ့။
    လက်ထပ်ခါနီးမှာ တစ်ခါ ရမယ်ရှာခံရသည်။ ဖြစ်ရတာက ဆေးလိပ်နှင့် ဘာမျှမဆိုင်။ သင်္ကြန်တွင်းမှာ သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါးနေရင်း အရက်ကလေး နည်းနည်းသောက်မိသည်။ ရေစိုလိုက်၊ နေပူလို့ ပြန်ခြောက်လိုက်၊ အရက်ကလေး တစ်ခွက်နှစ်ခွက် ဝမ်းထဲဝင်လိုက်နှင့် အဆုတ်ကို အအေးမိပြီး ချောင်းဆိုးလာခြင်း ဖြစ်၏။ သိပ်ဂရုတစိုက် မလုပ်မိသဖြင့် ချောင်းဆိုးရက်က ကြာလာသည်။ ထိုအခါ သူက တီဘီတွေ ဘာတွေ ဖြစ်နေမလားဟု စိုးရိမ်သည်။ ဆေးစစ်ကြည့်ပါလားဟု တိုက်တွန်းသည်။

    ဓာတ်မှန်ရိုက်၊ သွေးစစ် လုပ်ကြည့်တော့ ဘာမှမဖြစ်ပါ။ အားလုံးကောင်းသည်ဟု ဆို၏။ ဒီတုန်းကသာ တစ်ခုခု တွေ့ခဲ့လျှင် မိန်းမရဖို့ ခြောက်လ တစ်နှစ် စောင့်ခဲ့ရဖွယ် ရှိ၏။
    ဒီနောက်ပိုင်းမှာတော့ သူသည် ဆေးလိပ်နှင့် ပတ်သက်၍ ပေယျာလကန် ပြုထားလိုက်လေသလား မသိ။ ဘာမှ မပြောတော့ချေ။

                    *  *  *  *  *

    ကျွန်တော်သည် ဆေးလိပ်ကို တက္ကသိုလ်ပထမနှစ် ကျောင်းသားဘဝက စ၍ မက်မက်မောမော သောက်လာခဲ့သူ ဖြစ်၏။ ဆေးလိပ်သည် ကျွန်တော့်အတွက် ငယ်ချစ်လို ဖြစ်နေသည်။ ဆေးလိပ်ဖြတ်ဖို့ကို ဘယ်တုန်းကမှ စိတ်မကူးခဲ့။
    ဆေးလိပ်သည် ကျွန်တော်၏အဖော်လည်းဖြစ်သည်။ ညဘက် လူခြေတိတ်ချိန်မှာ တစ်ယောက်တည်း စာထိုင်ရေးသည့်အခါ သူ့တန်ဖိုးကို သိရ၏။ အားလုံး အိပ်ကုန်ကြပြီဖြစ်၍ စကားပြောဖော်လည်း မရှိ။ စာရေးရင်း ပျင်းလာသည့်အခါ၊ ငြီးငွေ့လာသည့်အခါ ဆေးလိပ်ကလေး ကောက်ဖွာရသည်။ မီးခိုးငွေ့တွေကို ကြည့်ရင်း ရှေ့ဆက်ရေးဖို့ အကြောင်းအရာကို စဉ်းစားရသည်။
    ဆေးလိပ်သာ မရှိလျှင် ဒီဝတ္ထုတွေ၊ ကဗျာတွေ ဖြစ်တောင် ဖြစ်လာပါ့မလားဟုပင် ထင်ရ၏။
    ဤသို့ဖြင့် ဆေးလိပ်သက်က စာရေးသက်၊ အိမ်ထောင်သက်တို့ထက်ပင် ပိုရှည်ကြာပြီး အနှစ်နှစ်ဆယ် ကျော်လာခဲ့သည်။
    ဟိုတလောကတော့ အလိုလိုနေရင်း မောချင်သလိုလို၊ အသက်ရှူမဝသလိုလို၊ ရင်ထဲက ကျပ်သလိုလို ဖြစ်လာသည်။ ထိုအခါ မိန်းမသည် နှစ်အတော်ကြာအောင် ဥပေက္ခာပြုထားသည့် ကိစ္စကို ပြန်အစဖော်ခဲ့လေသည်။
    “ဆေးလိပ်တွေ သိပ်သောက်တာကိုး”
    ဟု သူက ပြောသည်။ ဆေးစစ်ကြည့်ဖို့ တိုက်တွန်းသည်။ ဓာတ်မှန်ရိုက်၊ သွေးစစ်ကြည့်တော့ အဖြေက ထုံးစံအတိုင်း ဘာမှမဖြစ်ပါ၊ အားလုံးကောင်းပါတယ် တဲ့။
    သို့တိုင်အောင် ကျွန်တော်သည် အရင်ကလို မပေတေရဲတော့။ ခုချိန်မှာ ကျန်းမာရေးက အရေးကြီးလာပြီ။ ကျန်းမာရေးဆိုင်ရာ အသိအမြင်တွေ ရလာတာကြောင့်ချည်းပဲ မဟုတ်။ စရိတ်စကတွေ ကြီးမြင့်လာခြင်းက အဓိကအကြောင်း ဖြစ်၏။
    လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့် အခြေအနေဖြစ်သောကြောင့် ကိုယ့်ကိုယ်ကို အလဲမခံနိုင်။ ဦးနှောက်ကလည်း လက်နှင့်အတူ လှုပ်ရှားနိုင်အောင် ကျန်းမာဖို့ လိုသေးသည်။ ပြီးတော့ ဆေးဝါးတွေက ဈေးကြီး၊ ဆေးကုသစရိတ်တွေက တက်လာ ဆိုတော့ ကျန်းမာရေးကို အထင်သေးချင်လို့ မရတော့။
    သို့တိုင်အောင် ဆေးလိပ်ကို တိခနဲ ဖြတ်ပစ်ဖို့ စိတ်မကူးသေးပါ။ မိန်းမစကားကို နားထောင်ဖို့တော့ ဆုံးဖြတ်လိုက်သည်။
    သူ့စကားမှာ “ဆေးလိပ်တွေ သိပ်သောက်တာကိုး” ဟူ၍ ဖြစ်သဖြင့် သိပ်မသောက်ဘဲ လျှော့သောက်လျှင် သူ့ကို လေးစားရာ ကျနိုင်သည်။
    ကျွန်တော် ကျန်းမာရေးလည်း တိုးတက်လာနိုင်သည်။
    ထို့ကြောင့် ဆေးလိပ်လျှော့သောက်ဖို့ အစီအစဉ်တွေ လုပ်ရသည်။ တစ်နေ့ကို လေးလိပ်ထက် ပိုမသောက်ဘူးဟု အရေအတွက်ကို ဦးစွာ ကန့်သတ်လိုက်သည်။ ပြီးတော့ ဘယ်လိုဆေးလိပ်မျိုး သောက်မလဲဟု စဉ်းစားသည်။
    ကျွန်တော်က စီးကရက် သောက်လေ့မရှိ။ ဆေးပေါ့လိပ်ထဲက ရွေးရမည်။ ဂျိုးသိန်းတို့၊ ရွှေပြည်စိုးတို့က အလိပ်သေးသဖြင့် မြန်မြန်ကုန်လွယ်သည်။ သို့ဖြင့် ကျွန်တော်တို့ မြို့နယ်က ထုတ်လုပ်သော ဂျက်ကမ္ဘာဆေးလိပ်ကို ရွေးလိုက်သည်။ သူက အလုံးတုတ်ပြီး ရှည်လည်းရှည်သဖြင့် အသောက်ခံသည်။
    အမျိုးအစားနှင့် အရေအတွက်ကို သတ်မှတ်ပြီးပြီ။ ဘယ်ပုံဘယ်နည်း သောက်မလဲဆိုတာ စဉ်းစားဖို့သာ ရှိတော့သည်။

                    *  *  *  *  *

    လူတွေ ဆေးလိပ် သောက်ပုံသောက်နည်းကို လေ့လာကြည့်သည်။ ရှေးလူကြီးတွေလည်း ဆေးလိပ်သောက်ကြသည်။ အသက်လည်း ရှည်ကြသည်။
    ကျွန်တော်တို့ အဘွားလေးဒေါ်သိန်းသည် ဆေးလိပ်သောက်တတ်သူ ဖြစ်သည်။ အသက်ရှစ်ဆယ်အထိ ကျန်းကျန်းမာမာ နေသွားသည်။
    အဘွားဆေးလိပ်သောက်ပုံကို ပြန်စဉ်းစားကြည့်သည်။ မနက် အိပ်ရာမှနိုးလျှင် ပဲပြုတ်နှင့်ထမင်း သို့မဟုတ် မုန့်ဟင်းခါးစားပြီးလျှင် မစိန်ညွန့် ဆေးပေါ့လိပ်ကြီးကို မီးညှိ၍ စတိုင်နှင့်ဖွာသည်။ အားရလောက်ပြီဆိုလျှင် ဆေးလိပ်ကို နှပ်ထားပြီး လုပ်စရာရှိတာ လုပ်သည်။ မနက်စာ ထမင်းစားပြီးတော့ တစ်ခါဖွာသည်။ နေ့လည် တစ်ရေးတစ်မော အိပ်ရာမှအထတွင် တစ်ခါ။ ထိုအချိန်တွင် ဆေးပေါ့လိပ်ကြီး တစ်ဝက်ကျိုးပြီ။ ညစာ စားပြီးသည့်အခါ ကျလျှင်တော့ ထမင်းလုံးစီရင်း ဆေးပေါ့လိပ်ကို ဇိမ်နှင့်ဖွာသည်။ ဆေးလိပ်ကုန်သည့် အချိန်မှာ အိပ်ရာဝင်သည်။
    ဆန်းစစ်ကြည့်သောအခါ အဘွားသည် တစ်နေ့လုံးနေမှ ဆေးပေါ့လိပ်ကြီး တစ်လိပ်သာ သောက်ခြင်း၊ အဓိကအားဖြင့် အစာစားပြီးချိန်ကျမှ သင့်တင့်ရုံသောက်ခြင်း၊ ဇိမ်ကျကျ အေးအေးဆေးဆေး သောက်ခြင်းတို့ကို တွေ့ရသည်။
    ကျွန်တော်အပါအဝင် လူတော်တော်များများ ဆေးလိပ်သောက်ပုံမှာ ဒီလိုမဟုတ်။ စည်းမရှိ ကမ်းမရှိ သောက်ချင်တိုင်း သောက်ကြခြင်းဖြစ်၏။
    အစက ဆေးလိပ်ကို အပျင်းပြေဖွာသည်။ နောက်တော့ စွဲသွားပြီး မသောက်ရမနေနိုင် ဖြစ်လာသည်။ သောက်နေကျသွားတော့လည်း ရိုးသွားသည်။ တကယ် မက်မက်မောမော သောက်တာထက် အပျင်းပြေ ဖွာတာက ပိုများလာပြန်သည်။ များသောအားဖြင့် သွေးသားက တကယ် တောင့်တလို့ သောက်ရသည့်အကြိမ်က နည်းနည်းသာ ရှိသည်။ အကျင့်ပါနေသောကြောင့် လွယ်လွယ်ကူကူ အမှတ်တမဲ့ မီးကောက်ညှိတာက များနေသည်။
    ကားမောင်းရင်း သောက်ခြင်း၊ စကားပြောရင်း သောက်ခြင်း၊ စာဖတ်ရင်း သောက်ခြင်း၊ အလုပ်လုပ်ရင်း သောက်ခြင်း တို့မှာ ဆေးလိပ်အရသာကို အမှန်စင်စစ် ပြည့်ပြည့်ဝဝ မခံစားရဘဲ အလဟဿ ဖြစ်သွားရသည်ဟု တွေးမိသည်။ အာရုံက ဆေးလိပ်ပေါ်မှ မရှိသောကြောင့် ကိုယ် ဆေးလိပ်သောက်လိုက်ပါလား ဆိုတာ သတိမမူနိုင်သောကြောင့် ဖြစ်၏။ အဆုတ်ကတော့ ဝင်လာသမျှ အဆိပ်မီးခိုးများကို တင်းပြည့်ကျပ်ပြည့် ခံယူရလေသည်။ ဒီလိုပုံစံမျိုး သောက်သူများမှာ ရောဂါ ကြီးကြီးမားမား ဆိုးဆိုးဝါးဝါး ခံစားရလေ့ရှိသည်ဟု ထင်၏။
    ထို့ကြောင့် ကျွန်တော်သည် အဘွား၏ ဆေးလိပ် သောက်ပုံသောက်နည်းကို အတုယူကြည့်သည်။
မနက် အိပ်ရာမှနိုးလျှင် လက်ဖက်ရည်သောက်၊ မုန့်စားပြီး ဆေးလိပ်တစ်လိပ် စညှိသည်။ အာသာပြေရုံလောက် သောက်ပြီး ပြန်ချထားလိုက်သည်။ လုပ်စရာရှိတာ လုပ်ရင်း မေ့မေ့ပျောက်ပျောက်  နေလိုက်သည်။ ဒီကြားထဲ သောက်ချင်လာလျှင် တတ်နိုင်သမျှ အောင့်ထားသည်။ မတတ်နိုင်တော့ဘူး ဆိုမှ  လေးငါးဖွာလောက် ဖွာပြီး ပြန်ချထားသည်။ မနက်စာ ထမင်းစားပြီးချိန်မှာလည်း ဒီအတိုင်းဖွာသည်။ နေ့လယ်  လက်ဖက်ရည်သောက်ချိန်ကျမှ စိတ်ကြိုက်ဖွာသည်။ ပြီးတော့ ပြန်နားထားလိုက်သည်။ ဒီလိုနှင့် ညစာစားပြီးချိန်အထိ သုံးလိပ်ကုန်သည်။ ကျန်တစ်လိပ်ကိုတော့ ညဘက် စာရေးသည့်အခါ တစ်စိမ့်စိမ့်သောက်ရင်း စိတ်ကူးဥာဏ်ထုတ်ရသည်။
    ဆေးလိပ်သောက်နေခိုက်တွင် စိတ်အာရုံကို ဆေးလိပ်မှာပဲ ထားသည်။ ငါ ဆေးလိပ်ကို သောက်နေပါလားဟု သိတသွင်းထားသည်။ ဆေးလိပ်တစ်ဖွာချင်းကို သေသေချာချာ အရသာခံသည်။ ထိုအခါ အမှတ်တမဲ့ သောက်ခြင်းထက် ပို၍တာသွားကြောင်း သိရသည်။ နည်းနည်းသောက်ရုံဖြင့် အာသာပြေသည်။ သောက်သည့် အလိပ်ရေ နည်းသွားသော်လည်း အရင်ကလိုပင် စိတ်ဆန္ဒပြည့်ဝသည်။ ဆေးလိပ်ကြောင့်ဖြစ်သည့် ရောဂါအန္တရာယ်လည်း လျော့ပါးသွားသည်ဟု ထင်သည်။
    အထက်ပါ ဆေးလိပ်သောက်နည်းမှာ ဆရာဝန်က ကျေနပ်ထောက်ခံလောက်သည်ဟု မဆိုရဲသော်လည်း ကျွန်တော့်အတွက်တော့ အဆင်ပြေနေသည်။

                    *  *  *  *  *

    ဆေးလိပ်အကြောင်း တွေးမိသည့်အခါတိုင်း အဖေ့ကို သတိရသည်။ အဖေနှင့် ဆေးလိပ်သည် ခွဲခြားမရအောင် တသားတည်း ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ အဖေသည် ဆေးလိပ်ကို ပြောစမှတ်ပြုလောက်အောင်ပင် ကြိုက်နှစ်သက်သူ ဖြစ်၏။
    အိပ်ရာကနိုးလျှင် စီးကရက်သံဘူးနှင့် မီးခြစ်ကို ကိုင်ပြီး ထွက်လာတတ်သည်။ အဖေ့ စီးကရက်ဘူးမှာ အရင်က ဆေးပြားတွေထည့်သည့် ပလတ်စတစ်ဘူး ဖြစ်သည်။ စီးကရက် အလိပ်လေးဆယ်ခန့် ဆန့်သည်။ အဖေ့ကို ခင်မင်လေးစားသူများက ယွန်းစီးကရက်ဘူးများ၊ နိုင်ငံခြားဖြစ် ရွှေရောင် ငွေရောင် စီးကရက်ဘူးများ လက်ဆောင်ပေးထားတာ ရှိသည်။ သို့တိုင်အောင် အဖေက သူကိုင်နေကျ ပလတ်စတစ်ဘူးကိုသာ သုံးလေ့ရှိ၏။
    အဖေသည် အိပ်ရာက နိုးနိုးချင်း ဘာမှ စားလေ့မရှိ။ ရေနွေးကြမ်းနှင့် စီးကရက်သာ သောက်လေ့ရှိသည်။ ပထမဆုံး စီးကရက်ကို မီးညှိဖွာပြီးလျှင် နောက်ထပ် မီးခြစ်မသုံးရတော့။ တစ်လိပ်ပြီး တစ်လိပ် မီးကူးပြီး သောက်သောကြောင့် ဖြစ်၏။ ဆက်တိုက် မနားတမ်း သောက်သွားလိုက်တာ ထမင်းစားချိန်ကျမှပင် ရပ်တော့သည်။
    ထမင်းစားပြီးလျှင် စီးကရက်တစ်လိပ် ပြန်ညှိသည်။ ထို့နောက် မီးကူးပြီး ဆက်တိုက်သောက်လိုက်ရာ ညစာ စားချိန်ထိပင် ဖြစ်၏။ ဒီအတိုင်း ညအိပ်ရာဝင်သည်အထိ မရပ်မနား သောက်သည်။ အဖေသည် ညဘက် အလုပ်လုပ်လေ့ရှိပြီး နှစ်ချက်သုံးနာရီမှ အိပ်တတ်သည်။ ဒီတော့ တစ်နေ့တစ်နေ့ အဖေသောက်သည့် စီးကရက် အရေအတွက်ကို ခန့်မှန်းကြည့်လျှင် ဒီလောက်ထိ အသက်ရှည်ရှည် နေသွားရတာကိုပင် ကံကောင်းသည်ဟု ဆိုရမည်။
    အဖေကား သူကိုယ်တိုင် ဆေးလိပ်သောက်ရုံဖြင့် အားမရ။ သူများတကာကိုပါ ရက်ရက်ရောရော ဆေးလိပ်တိုက်တတ်သူ ဖြစ်၏။ သူ့ဆီ လာလည်သည့် ဧည့်သည်များကို စီးကရက်ဖြင့် ဧည့်ခံလေ့ရှိသည်။ ဧည့်ခံပွဲများ၊ အစည်းအဝေးများလို လူစုစုရှိသည့်အခါ လွယ်အိတ်ထဲက စီးကရက်ဘူးကို ထုတ်၍ လူတကာကို ဆေးလိပ်လိုက်ကမ်းနေသော အဖေ့ကို တွေ့ရလေ့ရှိ၏။
    မော်တော်ကားနှင့် ခရီးဝေးသွားရင်း ကားချင်းရှောင်သည့်အခါ ကားလေးမို့ ဦးစားပေးသည့်အနေဖြင့် လမ်းဘေးချရပ်ပေးသော စစ်ကား၊ က-ပ-ရ ကား၊ ကုန်ကားများနှင့် ကြုံလျှင် ကားကိုရပ်၍ စီးကရက်တိုက်တတ်သည်။ အဖေက ကားမောင်းနေရင်းလည်း စီးကရက်ကို အဆက်မပြတ် သောက်တတ်သဖြင့် ကျွန်တော်တို့ကလည်း ဘေးကထိုင်ရင်း အလျဉ်မီအောင် မီးညှိပေးရသည်။

                    *  *  *  *  *

    အဖေနှင့် အမေ လက်ထပ်ခါနီးတွင် အမေက “လက်ထပ်ပြီးရင် ဆေးလိပ်ဖြတ်နိုင်မလား” ဟု မေးသည်။ အဖေကလည်း “လက်ထပ်ပြီးလျှင် ကျောင်းဆရာမ အလုပ်က ထွက်နိုင်မလား” ဟု ပြန်မေးသည်။ အမေက ခေါင်းခါသည်။ အဖေကလည်း ခေါင်းခါသည်။ ဒီလိုနှင့် အဖေကလည်း ဆေးလိပ်ဆက်သောက်၊ အမေကလည်း ကျောင်းဆရာမ ဆက်လုပ်လေသည်။
    တစ်နေ့မှာတော့ အဖေ့မှာ အဆုတ်မကောင်းချင်သလို ဖြစ်လာသည်။ တီဘီရောဂါတော့ မဟုတ်။ ဆရာဝန်က ဆေးလိပ်ဖြတ်ခိုင်းသည်။ အဖေက မဖြတ်နိုင်။ ထိုအခါ ဆရာဝန်က ဆေးလိပ်လျှော့သောက်ရန် အကြံပေးသည်။ ထိုစဉ်က စီးကရက်များမှာ အစီခံ မပါသေးဟု ဆိုသည်။
    အဖေက ဆေးပေါ့လိပ် ပြောင်းသောက်သည်။ ဆေးလိပ်မီးညှိခါနီးလျှင် ဖင်စီခံကို လက်သည်းနှင့် ကုတ်ခြစ်ပြီး ထိပ်ဘက်မှ မှုတ်ထုတ်နေသည်ကို မြင်တော့ အမေက ဘာလုပ်တာလဲ မေးသည်။ အစီခံထဲက အမှုန်အမွှားတွေ ထွက်သွားအောင် လုပ်ခြင်းဖြစ်ကြောင်း အဖေက ပြောပြသည်။
    ထိုအခါ အမေ စိတ်ကူးတစ်ခု ထုတ်သည်။ ပဒုမ္မာ ပိတ်ပါးစတွေ ဝယ်သည်။ နှစ်လက်မပတ်လည်လောက် ရှိသည့် အပိုင်းကလေးများကို ဆေးလိပ် ဖင်စီခံပေါ်မှာ အုပ်ပြီး အပ်ချည်ကြိုးနှင့် စည်းပေးထားလိုက်သည်။ ဤသို့ဖြင့် ပိတ်ပါးစသည် “ဖီလ်တာ” သဘောမျိုး ဖြစ်သွားပြီး အမှုန်အမွှားများနှင့် ဆေးချေးများကိုပါ စစ်ပေးလေသည်။
    နောက်ပိုင်း ရောဂါကင်းစင်သွားပြန်တော့လည်း အဖေက စီးကရက်ကိုသာ ပြန်သောက်သည်။ အစီခံ စီးကရက်တွေလည်း ပေါ်လာသောကြောင့် ဖြစ်သည်။

                    *  *  *  *  *

    အဖေသည် အသက် ဆယ့်လေးနှစ်လောက်က စပြီး ဆေးလိပ်သောက်တတ်ခဲ့သည်ဟု ဆို၏။ ဒီလောက် နှစ်ပေါင်းများစွာ စွဲသောက်ခဲ့သဖြင့် အသက်ကြီးလာသောအခါ ဆေးလိပ်၏ ဒဏ်ကို ခံလာရသည်။ ခုနှစ်ဆယ်နား နီးလာတော့ ချူချာလာသည်။
    ပထမတစ်ကြိမ် ဆီးကျိတ်ခွဲဖို့ ဆေးရုံတက်ရတာကတော့ ဆေးလိပ်နှင့် မဆိုင်လှ။ ဒုတိယတစ်ကြိမ်ကတော့ ဆေးလိပ်နှင့် တိုက်ရိုက်ပတ်သက်နေသည်။ မကြာခဏ ချောင်းဆိုးတတ်ခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်လာရာမှ တစ်ခါတော့ အရမ်းမောပြီး ကျပ်လာသဖြင့် ဆေးရုံတင်ရသည်။
    ရောက်ခါစမှာ အောက်ဆီဂျင်ပိုက် တပ်ထားရသောကြောင့် ဆေးလိပ်သောက်ဖို့ အခွင့်မသာ။ ထူထူထောင်ထောင်လေး ဖြစ်လာသောအခါ ဆေးလိပ် ကောက်ဖွာတော့သည်။ ဒါကို ဆရာဝန်ကြီးက သူနာပြုဆရာမများမှ တစ်ဆင့် သတင်းကြားသွားသည်။ အဖေ့ကိုတော့ ဘာမှမပြော၊ ကျွန်တော်တို့ကို ခေါ်ပြီး “ခင်ဗျားတို့ အဖေကို ဆေးလိပ်ဖြတ်ခိုင်းရင် ကောင်းမယ်၊ အဆုတ်က တော်တော် အားနည်းနေတယ်” ဟု ပြောသည်။
    ဆရာဝန်ကြီး၏ အခန်းမှ ပြန်လာကြသောအခါ ခုတင်ပေါ်တွင် ခေါင်းအုံးတွေ မှီ၍ထိုင်ရင်း စီးကရက်တစ်လိပ် ဖွာ၍ ဇိမ်ကျနေသော အဖေ့ကို တွေ့ကြရလေသည်။ “ဆရာဝန်ကြီးက ဘာပြောလိုက်သလဲကွ၊ ဆေးရုံ ဘယ်တော့ဆင်းရမယ် ပြောသလဲ” ဟု အဖေက မေးသည်။
    ကျွန်တော်တို့ ညီအစ်ကိုများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ အဖေက တစ်ချက် အကဲခတ်ပြီး “ဘာပြောလိုက်သလဲ” ဟု ထပ်မေးသည်။
    အဖေ့ကို တစ်စုံတစ်ခုနှင့် ပတ်သက်၍ အတိုက်အခံလုပ်ပြီး ပြောရသည့် အခါများမှာ တာဝန်ကျလေ့ရှိသော ကျွန်တော်ကပင် “တစ်ရက် နှစ်ရက်နေရင် ဆင်းရမယ်တဲ့၊ ဒါပေမယ့် ဆေးလိပ်တော့ ဖြတ်ရမယ်လို့ ပြောတယ်” ဟု စွန့်စား၍ ပြောလိုက်သည်။
    အဖေ တစ်ချက် တွေသွားသည်။ သူ့လက်ချောင်းများကြားမှ မီးခိုးတလူလူ ထွက်နေသော တစ်ဝက်လောက် ကျန်သေးသည့် စီးကရက်ကို ငေးကြည့်နေသည်။ ခဏကြာတော့ “အေးလေ၊ ဖြတ်ဆိုရင်လည်း ဖြတ်လိုက်တာပေါ့ကွာ” ဟု ပြောပြီး စီးကရက်ကို ပြာခွက်အဖြစ်သုံးသော ပန်းကန်ပြားထဲ ထိုးချေလိုက်သည်။ စီးကရက်ဘူး၊ မီးခြစ်တို့သာမက သူ့အကြံနှင့် သူ ပုဆိုးတွေ၊ အင်္ကျီတွေကြားမှာ ဝှက်ထားသော စီးကရက်တစ်ဘူးကိုပါ ထုတ်ပေးပြီး “အိမ်ပြန်ယူသွားကြ” ဟု ပြောသည်။
    ကျွန်တော့်စိတ်ထဲတွင် ဆေးရုံက ဆင်းပြီးလျှင် အဖေ ဆေးလိပ် ပြန်သောက်မှာပဲဟု ထင်မိသည်။ တကယ်က ဒီလိုမဟုတ်။ အဖေသည် ကွယ်လွန်သည်အထိ ဆေးလိပ်ကို ပြန်မသောက်တော့ချေ။ နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ်ကျော် စွဲစွဲလန်းလန်း သောက်ခဲ့သော ဆေးလိပ်ကို သောက်လက်စ တစ်လိပ်တောင် ကုန်အောင်မသောက်ဘဲ ယတိပြတ် ဖြတ်နိုင်ခဲ့သော အဖေ့စိတ်ဓာတ်ကိုတော့ အံ့သြမိသည်။
    အဖေ ဆေးရုံမှဆင်းပြီး အိမ်မှာနားနေသည့်အချိန် ကျွန်တော်တို့ ရောက်သွားသည့်အခါ စာပေအကြောင်း၊ ရုပ်ရှင်အကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်များအကြောင်း ပြောကြသည်။ ပြောရင်းက ခံတွင်းချဉ်လာသည့်အခါ ဝရန်တာဘက် ထွက်ပြီး ဆေးလိပ်ဖွာရသည်။ အဖေ့ရှေ့မှာဆိုလျှင် အဖေ ဆေးလိပ်ကို သတိရပြီး သောက်ချင်လာမှာ စိုးသောကြောင့်ဖြစ်၏။ အဖေ အလွန် အကင်းပါးသည်။ “ဆေးလိပ်သောက်ချင်ရင် ဒီမှာပဲ သောက်ပါကွာ၊ ရပါတယ်” ဟု ပြောသည်။ ပြီးတော့မှ “တစ်ခါတစ်ခါကျတော့လည်း ဆေးလိပ်သောက်ချင်တဲ့စိတ် ပေါ်လာလို့ မနည်းအောင့်ထားရတယ်ကွ” ဟု ဆက်ပြောသည်။
    အဖေ့ကို ကျွန်တော် သနားသွားမိသည်။ ဆရာကြီး “ရွှေဥဒေါင်း” ဟု ဆိုလိုက်လျှင် ဆေးတံကြီး ခဲနေပုံကို မြင်ယောင်လာကြသလို ဦးသာဓု ဟု ဆိုလျှင် လွယ်အိတ်ကလေး လွယ်လျက် စီးကရက်ဖွာနေပုံကို စိတ်ထဲက ထင်မြင်လာတတ်ကြသည်။ ပန်းချီဆရာများက မဂ္ဂဇင်းမှာ အဖေ့ပုံတူ ဆွဲလျှင် စီးကရက်ကို ပါအောင် ထည့်ဆွဲလေ့ရှိကြသည်။ စီးကရက်မပါဘဲ မြင်လျှင် အဖေ့ကို မှတ်မိချင်မှ မှတ်မိလိမ့်မည်ဟု ထင်ရလောက်အောင် အဖေနှင့် စီးကရက် တတွဲတွဲ နေလာခဲ့ကြသည်။ ဒီလောက် နှစ်သက်သော စီးကရက်ကို ဖြတ်လိုက်ရသည့်အတွက် အဖေ ဘယ်လို ခံစားရမည်နည်း။
    အဖေသည် ကျန်းမာရေး မကောင်းသဖြင့် အပြင်လည်း မထွက်နိုင်တော့။ မိတ်ဆွေ အပေါင်းအသင်းတွေ သူ့ဆီလာမှသာ တွေ့နိုင်တော့သည်။ များစွာသော အချိန်တို့တွင် သူ့အခန်းထဲမှာ တစ်ယောက်တည်း စာအုပ်များကို အဖော်ပြု၍ နေရသည်။ နေသာထိုင်သာ ရှိသော အချိန်ကလေးတွေမှာ ဝတ္ထုတွေ၊ ဆောင်းပါးတွေ ရေးသည်။ အဲလိုအခါမျိုးမှာ စီးကရက်လေးကို ဇိမ်နှင့် ဖွာချင်မှာပဲဟု ကျွန်တော် ကိုယ်ချင်းစာမိသည်။
    ဆေးလိပ်ဖြတ်လိုက်သည့်အတွက် နှစ်အနည်းငယ် ပို၍ အသက်ရှည်မည်၊ မရှည်မည်မှာ မသေချာ။ သူနှစ်သက်သော စီးကရက်ကို မှီဝဲရင်း နောက်ဆုံးအချိန်ကလေးကို အေးချမ်းစွာ ကုန်လွန်ရလျှင် မကောင်းဘူးလားဟု တွေးမိသည်။ ထို့ကြောင့် “အဖေ ဆေးလိပ်ပြန်သောက်ချင် သောက်ပါလား” ဟု တိုက်တွန်းမည်ဟု မကြာခဏ စဉ်းစားမိသော်လည်း မပြောဖြစ်ခဲ့။

                    *  *  *  *  *

    မည်သို့ပင်ဖြစ်စေ အဖေသည် ဆေးလိပ်ဖြတ်ပြီး သုံးနှစ်အကြာတွင် အဆုတ်နှင့်ပတ်သက်သော ရောဂါဝေဒနာ တစ်ခုနှင့်ပင် ကွယ်လွန်ခဲ့ရှာသည်။
    အဖေ၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားရာတွင် စံပယ်ပန်းတွေ ဖွေးနေအောင် ဝန်းရံပြီး ရင်ဘတ်ပေါ်တွင် နှင်းဆီပန်းစည်းကလေး တင်ထားလျှင် ဒီလောက် လွမ်းစရာကောင်းမည် မဟုတ်။ ခုတော့ ပြင်ထားပုံမှာ ရိုးရိုးကလေး။ ခေါင်းရင်းမှာတော့ အဖေ အလွန် ကြိုက်နှစ်သက်ခဲ့သည့် ဒူးယား စီးကရက်ဘူးကလေး။ အဆင်သင့် ဆွဲယူသောက်နိုင်သည့် အနေအထားမျိုး ဖြစ်အောင် စီးကရက်တစ်လိပ်ကို တစ်ပိုင်းတစ်စ ဆွဲထုတ်ပေးထားသည်။ ထိုမြင်ကွင်းကို မြင်ရသူတိုင်း ရင်မှာ ဆို့နင့်စွာ ခံစားရလိမ့်မည်ဟု ကျွန်တော် ထင်သည်။
    အဖေသည် နောက်ဘဝတွင် လူပြန်ဖြစ်လျှင်လည်း ဆေးလိပ်ကို ဆက်သောက်လိမ့်မည် ဖြစ်သည်။ အဖေ့ကို သူတော်စင်ကြီး၊ သူတော်ကောင်းကြီးဟု ကျွန်တော် မပြောလိုပါ။ သို့တိုင်အောင် အဖေသည် သူ့ဘဝတစ်လျှောက်လုံး မဟုတ်တာ၊ မတရားတာကို မလုပ်ခဲ့။ သူ့ကိုယ်ကျိုးတစ်ခုတည်းကို မကြည့်ဘဲ အများအတွက် သူတတ်စွမ်းသည့် အနုပညာနှင့် အကျိုးပြုခဲ့သည်။ ထို့ကြောင့် အဖေသည် ကောင်းသော သုဂတိဘုံသို့သာ ရောက်လိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
    ကျွန်တော်ကတော့ အဖေ့ကို နတ်ဒေဝါ တစ်မျိုးမျိုး ဖြစ်စေချင်သည်။ ဒါဆိုလျှင် အဖေ ဆေးလိပ်သောက်လို့ ရမည်။ နတ်တို့သည် အခိုးအငွေ့ကို ရှူရှုက်နိုင်သည်ဟု ကြားဖူးသည်။ ပြီးတော့ နတ်ဒေဝါတို့မှာ အဆုတ်ကင်ဆာလည်း မဖြစ်နိုင်ဘူး မဟုတ်လား။


မင်းလူ
---------------
(ကလျာ မဂ္ဂဇင်း၊
ဇန်နဝါရီ၊ ၁၉၉၆)
Copy From... မင်းလူ၏ ၀တ္တုတိုများ Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis