menu

Wednesday 13 November 2013

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်


per_mmssltst_DTATW

တန်ဆောင်မုန်းသည် ‘တန်ဆောင်မှုန်’ ဟူသော ကျောက်စာမှ ဆင်းသက် လာသည်ဟု ယူဆကြသည်။ ‘တန်ဆောင်မှုန်’ မှ ‘တန်ဆောင်မှုန်း’၊ ယင်းမှ ‘တန်ဆောင်မုန်း’ ဖြစ်လာသည်ဟု ဆိုကြ၏။ တန်ဆောင်သည် မီးရှူးမီးတိုင်ဖြစ်၍ မှုန်းသည် ထွန်းညှိခြင်းဟု အနက်ရသည်။ ထို့ကြောင့် တန်ဆောင်မုန်းသည် ဆီမီးတန်ဆောင် ထွန်းပြောင်သောလ ဟူ၏။ ဤလတွင် ရက်ပေါင်း ၃၀ ရှိကာ နာရီအားဖြင့် နေ့ ၂၈ နာရီ၊ ညဥ့် ၃၂ နာရီ ရှိသောကြောင့် နေ့တာတိုကာ ညတာရှည်သော လဖြစ်၏။ ဤလကို ရာသီအလို ဗြိစ္ဆာခေါ်ဆို၍ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ် ပြည့်ကာ ကျီးတာရာထွန်းပ၏။ ရာသီရုပ်မှာ ကင်းမလက်မည်းပုံ ဖြစ်သည်။
မိုးအကုန် ဆောင်းအကူး၊ အထူးသာယာကာ ငွေနှင်းစဖြာသည့် ဤလရာသီမှာ ကျင်းပလေ့ ရှိကြသည့် ပွဲတော်နှင့် ပွင့်လေ့ရှိသော ရာသီပန်းကား …
“လှူကထိန်သင်္ကန်းနှင့်
မဂ်လမ်းတဲ့ ဆုပန်ရွယ်။
သည်ချိန်ကို ဝတ်မှုန်ကြဲလို့
ခဝဲရွှေညှာရင်းမာ
ဆင်းရနံ့ကြွယ်” ဟု ဖိုးသူတော်ဦးမင်း စပ်ဆိုသကဲ့သို့ ခဝဲပန်းနှင့် ကထိန်ခင်း ပွဲတော်တို့ ဖြစ်ကြ၏။
ကထိန်ခင်းပွဲဟူသည် ကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲကို ဆိုလို၏။ ‘မိုးနောက်ဆုံးလ ကထိန်ကျခင်းရ သည်ချိန်ခါ’ ဟူသော စကားလာအတိုင်း သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်တိုင် တစ်လတာမျှအတွင်း ခင်းကျင်းရသော ပွဲဖြစ်၏။ မိမိလှူချင်သည့် အချိန်မှာ လှူနိုင်သည့် အလှူပွဲမျိုး မဟုတ်ချေ။ ထို့ကြောင့် ကာလဒါနဟုလည်း ခေါ်၏။ ထို့ပြင် ဤကထိန်သင်္ကန်း ကပ်လှူရာ၌ ဘုရားရှင်ကိုယ်တိုင် …

(က) ကထိန် သင်္ကန်းလျာအတွက်
(ခ) အလှူခံသံဃာတော်အတွက်
(ဂ) အလှူရှင်ဒါယကာအတွက် စည်းကမ်းချက်များစွာ ထုတ်ပြန်ခဲ့၏။ ယင်း အထူးစည်းကမ်းများနှင့်အညီ ပြုလုပ်မှ ကထိန်မြောက်ကာ အထူးကုသိုလ်ကိုလည်း ရနိုင်သည်ဟု သိရ၏။
ကထိန်ဟူသော ဝေါဟာရသည် ‘ကထိန’ ကို အဆုံးသရချေ၍ အသုံးပြုထားသော မြန်မာဝေါဟာရ ဖြစ်သည်။ ကထိန်၏ အဓိပ္ပာယ်မှာ ‘မြဲမြံခိုင်ခံ့ခြင်း’ ဟု ရပါသည်။ ဝိမတိဝိနောဒနီဋီကာ၊ ဒုတိယတွဲ၌ ‘အာနိသင် ငါးပါးတို့ကို ကထိန်ခင်းရာ ဥပစာရသိမ် အတွင်း၌ တည်နေအောင်ပြုခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် စည်ပင်ပြန့်ပွား ကြီးမားသော သစ်ပင်ကြီးအလား ခိုင်မြဲ တည်တံ့သော ထိရသတ္တိရှိသဖြင့် ကထိန်’ ဟု ဖွင့်ဆိုထားကြောင်း တွေ့ရှိရပါသည်။ သာရတ္ထိဒီပနီဋီကာ၊ တတိယတွဲ၌လည်း ‘မယိမ်းမယိုင် ကျောက်စာတိုင်ပမာ တည်တံ့ ခိုင်မြဲသော အစွမ်းသတ္တိ အရှိန်အဝါ ရှိသောကြောင့် ကထိန်’ ဟု ဖွင့်ဆိုထားပါသည်။
ကထိန်ခင်းနိုင်သော ကာလမှာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာဖြစ်၏။ ဤတစ်လအတွင်း မိမိနှစ်သက်ရာရက်မှာ မိမိရွေးချယ်သော ကျောင်းတိုက်ရှိ သံဃာတော်များကို ကထိန်သင်္ကန်း လှူဒါန်းနိုင်ပါသည်။ လှူဒါန်းသည့်အခါ မိမိ၏ ဆရာရဟန်းစသည် ပုဂ္ဂိုလ် တစ်ပါးပါးကို မရည်စူးဘဲ ရဟန်းအပေါင်း ဆိုသည့် သံဃာကို ရည်စူးရပါသည်။ “ဤ ကထိန်သင်္ကန်းကို သံဃာအား ပေးလှူပါ၏” ဟုလည်း နှုတ်မှမြွက်ဆို လှူဒါန်းရပါသည်။ ကထိန်သင်္ကန်းကို အလှူခံသည့် သံဃာအဖွဲ့ကလည်း သင်္ကန်းရရှိသည့် နေ့မှာပင် ကထိန်ခင်းရ၏။
ကထိန်ပွဲတော်သည် ဗုဒ္ဓဘာသာ မြန်မာ့ရိုးရာ ပွဲတော်တစ်ခု ဖြစ်ပါသည်။ ယင်းပွဲတော်သည် သံဃာနှင့်သာ သက်ဆိုင်သည်။ ဥပစာရသိမ် အတွင်း၌ သံဃာများအား စည်းဝေးစေပြီး ဉတ်ကမ္မဝါစာဖြင့် နှုတ်မှရွတ်ဖတ်၍ အသိအမှတ်ပြုကာ လှူဒါန်းလာကြသော ဉတ်သင်္ကန်းကို ကထိန်ခင်း ထိုက်သည့် ရဟန်းအား သေချာစွာ ပေးအပ်ခြင်းဖြင့် ကထိန်ခင်းရပါသည်။ ဤသို့သော ကထိန်သင်္ကန်းကို သံဃာအား ပေးလှူသော ပွဲကို ကထိန်ပွဲဟု ခေါ်ပါသည်။
သာမန်အားဖြင့် သင်္ကန်းကို အချိန်မရွေး ပေးလှူနိုင်သော်လည်း ကထိန်သင်္ကန်းကိုမူ တစ်နှစ်အတွင်း တစ်လတာသော ရက်အတွင်းမှသာ လှူဒါန်းခွင့် ရှိ၏။ ဤရက်တာ အတွင်းမှာလည်း တစ်ကျောင်းမှာ တစ်ကြိမ်သာ ကထိန်ခင်းခွင့် ရှိပါသည်။ ကထိန်ခင်းမည့် ရဟန်းတော်သည်လည်း ပုရိမဝါကပ်သူ ဖြစ်ရပါမည်။ ဝါတွင်းမှာ ဝါကျိုးဝါပျက်သော အဖြစ်မျိုး မရှိစေဘဲ သီတင်းကျွတ် လပြည့်နေ့မှာ ပဝါရဏာပြုပြီး ဝါကျွတ်လာသည့်သူလည်း ဖြစ်ရမည်။ ဤသို့သော ရဟန်းတော်သာ ကထိန် သင်္ကန်းကို အလှူခံခွင့်၊ ကထိန်ခင်းခွင့် ရှိ၏။ ကထိန်သင်္ကန်းသည်လည်း စေတနာသဒ္ဓါ သက်သက်နှင့် လှူဒါန်းလာသော သင်္ကန်း ဖြစ်ရပါသည်။
ရဟန်းတော်များသည် မိမိ၏ မိဘကိုပင် ကထိန်သင်္ကန်း ပေးလှူဖို့ ပြောပိုင်ခွင့် မရှိပါချေ။ အခြား ဒါယကာ ဒါယိကာမ များကိုလည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ကထိန်သင်္ကန်းကို အလှူခံခွင့် မရှိချေ။ မိုးပေါ်က ကျလာသလို အလှူရှင်တို့၏ စေတနာ သဒ္ဓါတရား သက်သက်ဖြင့် ပေါ်ပေါက် လှူဒါန်းလာသော သင်္ကန်းနှင့်သာ ကထိန်ခင်းခွင့် ရှိပါသည်။ ရဟန်းတော်များ အနေနှင့် တစ်နှစ်မှာ တစ်ကြိမ်သာ ကထိန်ခင်းနိုင်ခွင့် ရှိသော်လည်း ကထိန် အလှူရှင် အနေနှင့်မူ တစ်ကျောင်းမှာ တစ်ကြိမ်စီ မိမိတတ်နိုင်သမျှ ကျောင်းများစွာမှာ ကထိန်သင်္ကန်း လှူဒါန်းနိုင်ပါသည်။
ဤသို့ သတ်မှတ်ထားသော ရက်တာအတွင်း၌သာ လှူဒါန်းနိုင်ခြင်း၊ ဝါကျိုး ဝါပျက်မရှိဘဲ ပုရိမဝါမှ ထသည့် ရဟန်းများသာ ကထိန်ခံ၊ ကထိန်ခင်းနိုင်ခြင်း၊ ထိုကထိန်ခင်းသော ရဟန်းတို့က ကထိန်အကျိုး ငါးပါးကို လက်ငင်း ရရှိခြင်း၊ ပုဂ္ဂလိကအလှူ မဟုတ်ဘဲ သံဃိကအလှူ ဖြစ်ခြင်းဟူသော အကြောင်းအချက် များကြောင့် ကထိန်သင်္ကန်း လှူဒါန်းခြင်းသည် သာမန်သင်္ကန်းကို လှူဒါန်းခြင်းထက် ပိုမိုအကျိုးများ၏။ ရဟန်းတော်များ အဖို့လည်း ပိုအကျိုးရှိ၏ဟု ခံယူကြပါသည်။ ရဟန်းတော်များ ခံစားရရှိသော ကထိန်အကျိုး ငါးပါးနှင့် ညီမျှသော ကောင်းကျိုးကို ရရှိလိမ့်မည်ဟုလည်း ယုံကြည်ကြ၏။ ထို့ကြောင့်ပင် သီတင်းကျွတ် ပွဲတော်ပြီးသည့် နောက်မှာ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ကထိန်သင်္ကန်း ကပ်လှူပွဲကို နှစ်စဉ် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်းမှာ ရပ်ကွက်နှင့် အသင်းအဖွဲ့များ သာမကဘဲ အ.ထ.က၊ အ.လ.ကစသော စာသင်ကျောင်းများမှာပင် ကထိန်သင်္ကန်း လှူဒါန်းနေကြပါပြီ။ ယခုအခါ တက္ကသိုလ်၊ ကောလိပ်များပါ ကထိန် ခင်းနေကြပြီ ဖြစ်သည်။
ဘုရားရှင်သည် ပါဝေယျက တိုင်းသား ဘဒ္ဒဝဂ္ဂိယမင်းသား ရဟန်းသုံးကျိပ် တို့ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူခဲ့ပါသည်။ ထိုရဟန်းတို့သည် ဘုရားရှင်၏ သာသနာတော်၌ အာရညကဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ ပံ့သကူ ဓူတင်၊ တိစီဝရိတ်ဓူတင်တို့ကို ကျင့်ကြံ ကြကုန်သည်။ ဘဒ္ဒဝဂ္ဂီရဟန်းတို့သည် ဘုရားရှင်ကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ ကြွတော် မူလာကြကုန်၏။ လမ်းခရီးတွင် ဝါဆိုရန် ရက်နီးလာသဖြင့် သာဝတ္ထိပြည်သို့ ဝါဆိုအမီ ရောက်ရန် မတတ်နိုင်ကြကုန်။ ထို့ကြောင့် ခရီးလမ်းအကြားဖြစ်သော သာကေတမြို့၌ ဝါကပ်တော် မူကြကုန်သည်။
ဝါကျွတ်သောအခါ ပဝါရဏာ ပြုပြီးလျှင် ဘုရားရှင်ရှိရာ သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ လမ်းခရီး၌ မိုးသည်းထန်သောကြောင့် မိုးရေစိုရွှဲသော သင်္ကန်းတို့ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန် ကျောင်းတော်သို့ ရောက်ရှိလာကြကုန်၏။ ထိုအခါ ဘုရားရှင်က လမ်းခရီး၌ ချမ်းသာစွာ ဝါကပ်၍ မပင်မပန်းဘဲ ရှိကြ၏လောဟု မေးတော်မူရာ ရဟန်းတို့က လမ်းခရီးတွင် မိုးသည်းထန်စွာ ရွာသောကြောင့် မိုးရေထဲတွင် ရွှံ့တို့ ပေကျံလျက်ရှိသော သင်္ကန်းတို့ဖြင့် ပင်ပန်းကြီးစွာ လာခဲ့ရကြောင်း လျှောက်ထားကြသည်။ ထိုအခါ ဘုရားရှင်က ဘဒ္ဒဝဂ္ဂီ ရဟန်းများသည် အဓိဋ္ဌာန် တင်ထားသော သင်္ကန်း သုံးထည်တို့ဖြင့် ပင်ပန်းဆင်းရဲစွာ လာခဲ့ရသော ဖြစ်ရပ်ကို အကြောင်းပြု၍ ဝါကျွတ်သောအခါ ကထိန်ခင်းခွင့် ပြုခဲ့သည်။ ထို့ပြင် ကထိန်၏ အကျိုးတရားငါးပါးနှင့် ကထိန် ခင်းပုံခင်းနည်းဖြစ်သော ကထိန်မူဝိနည်း ကံကိုပါ ခွင့်ပြုတော်မူခဲ့သည်။
ဤသို့ ခွင့်ပြုတော်မူခဲ့သဖြင့် ကထိန် အာနိသင်ရသော ရဟန်းများသည် ခရီးသွားရာ၌ အဓိဋ္ဌာန်ဝင်ထားသော သင်္ကန်းသုံးထည်လုံးကို ဆောင်စရာ မလိုတော့ချေ။ ထို့ပြင် လေးလံသော ဒုကုဋ်သင်္ကန်းကြီး ကိုလည်း ထားလိုက ထားခဲ့နိုင်ကြောင်း သိရှိရပါသည်။ ဤသို့ ကထိန်ခင်းခွင့် ပြုခြင်းမှာ ရဟန်းတော်များ ခရီးသွားလာရာတွင် သင်္ကန်းနှင့် ပတ်သက်၍ ပင်ပန်းခြင်း မဖြစ်စေရန်နှင့် ကထိန်ခင်းခြင်းကို ရှေးရှေးသော ဘုရားရှင်များကလည်း ခွင့်ပြုတော် မူခဲ့ကြခြင်း၊ ကထိန်သင်္ကန်း အလှူရှင်တို့အားလည်း သံဃိကဒါန အကျိုးကို ရစေလိုခြင်းကြောင့် ဖြစ်ပါသည်။
၁။ အနာမန္တစာရ = ရဟန်းတို့အား မပန်ကြားဘဲ ခရီးလှည့်လည် သွားလာနိုင်ခြင်း
၂။ အသမာဒါနစာရ = အဓိဋ္ဌာန် တင်ထားသော သင်္ကန်းကို မဆောင်ဘဲ သွားနိုင်ခြင်း
၃။ ဂဏာဘောဇန = မအပ်သော ပင့်ဖိတ်ခြင်းဖြင့်ရသော ဆွမ်းကို သုံးဆောင်နိုင်ခြင်း
၎။ ယာဝဒတ္တစီဝရ = ရသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်တင်ခြင်း၊ ဝိကပ္ပနာ ပြုခြင်းတို့ မလုပ်ဘဲ အလိုရှိသလောက် ထားရှိ သုံးဆောင်နိုင်ခြင်း
၅။ ယောစတတ္ထစီဝရုပ္ပါဒ = ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ် ရရှိလာသမျှသော သင်္ကန်းတို့ကို သုံးစွဲနိုင်ခွင့် ရှိခြင်း
အထက်ပါ အကျိုးတရားငါးပါးကို ကထိန်ခင်းသော ရဟန်း၊ သာဓုအနုမောဒနာ ခေါ်သော ရဟန်းတို့သည် ကထိန်ခင်းသောနေ့မှ တပေါင်းလပြည့်နေ့ တိုင်အောင် ခံစားနိုင်ပါသည်။ ကထိန်သင်္ကန်း လှူဒါန်းသော ဒါယကာများမှာလည်း အောက်ပါ အကျိုးတရားများကို ရရှိပါသည်။
၁။ သကာမာဝစရ = အချုပ်အချယ် အတားအဆီးမရှိဘဲ မိမိလိုရာ အရပ်သို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း
၂။ ဘာရနိက္ခေပ = နိဗ္ဗာန်မရမီ စပ်ကြားဘဝများ၌ ပြုလုပ်ကြသော ကိစ္စအဝဝတို့တွင် ဝန်မလေးခြင်း
၃။ ဗဟုဝိတ္တက = ဝတ်ဆင်၍ မကုန်နိုင်အောင် အဝတ်တန်ဆာ စည်းစိမ်ဥစ္စာတို့ ပေါများ၍ မိမိကိုယ်တိုင် ချမ်းသာစွာ သုံးဆောင်နိုင်ခြင်း
၎။ အနေကဘောဇနလာဘီ = မိမိ စားသုံးသော အစားအစာများမှာ ပေါများ၍ အဆိပ်အတောက်ကြား အန္တရာယ် မရှိခြင်း
၅။ အာစိန္နဒါနဘောဂဝါ = မိမိ၏ စည်းစိမ်ဥစ္စာများမှာ ရန်သူမျိုးငါးပါး ဘေးကြောင့် ပျက်စီးမှု မကြုံတွေ့ရခြင်း
ကထိန်ခင်း ပွဲတော်အပြင် ဤလတွင် လ၏အမည် တန်ဆောင်မုန်းနှင့်အညီ ဆီမီးထွန်း ပွဲတော်ကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြ၏။ ယင်းဆီမီးထွန်း ပွဲတော်ကို ရှေးမြန်မာတို့သည် ကြတ္တိကာ နက္ခတ်ကို ပူဇော်သောအားဖြင့် ထွန်းညှိသည်ဟု သိရ၏။ ကြတ္တိကာနက္ခတ်၏ အစောင့်သည် အဂ္ဂိဒေဝ မီးနတ်ဖြစ်၍ တန်ဆောင်မုန်း လပြည့်နေ့တိုင်း လူ့ပြည်သို့ ဆင်းလာလေ့ ရှိသည်ဆို၏။ ထိုအခါ လူတို့က ယင်းနတ်ကို မီးရောင်စုံ ထွန်းညှိ ပူဇော်ပြီးလျှင် ခြိမ့်ခြိမ့် သဲသဲ အမျိုးမျိုးသော ပွဲတို့ကိုလည်း ကျင်းပကြသည်ဆို၏။ အချို့ကလည်း ဤဆီမီးထွန်း ပွဲတော်သည် မဟာပိန္နဲနတ်ကို လည်းကောင်း၊ တာဝတိံသာရှိ ဆံတော်ဓာတ် ကိန်းဝပ်ရာ စူဠာမဏိ စေတီတော်ကို လည်းကောင်း ရည်စူးပူဇော်ခြင်းဟု အဆိုပြုကြပြန်၏။သို့ရာတွင် ဆီမီးထွန်း ပွဲတော်သည် ယနေ့ ခေတ်တွင်မူ ဘုရားမြတ်စွာကို ရည်မျှော်ကာ ပူဇော်ကြခြင်း ဖြစ်၏။
ပံ့သကူပစ်ပွဲသည်လည်း တန်ဆောင်မုန်းလ၏ ပွဲတစ်ပွဲ ဖြစ်သည်။ ပွဲဟု ဆိုရသော်လည်း အခြားပွဲများကဲ့သို့ လူစု၊ လူဝေးများဖြင့် ထင်ထင်ရှားရှား ကျင်းပပြုလုပ်သော ပွဲမျိုးမဟုတ်။ လူအများ ကွယ်ရာ၌ဖြစ်စေ၊ ညမှောင်ချိန်တွင် ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသော ပွဲမျိုးဖြစ်သည်။ အခမ်းအနားဖြင့် ကျင်းပသောပွဲမျိုး မဟုတ်စေကာမူ ရှေးအခါက ပံ့သကူပစ်၍ လှူဒါန်းသူ အလွန်များသဖြင့် အများပြုလုပ်သည်ကို စွဲ၍ ပံ့သကူပစ်ပွဲဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်သည်။
“ပုရှာလေပြီဧအ်။ ပုထုပ်လေပြီဧအ်။ က(ဓိ) န် ပင်္သကူလေပြီဧအ်” ဟု သက္ကရာဇ် ၅၆၃ ခုထိုး၊ သင်ကြီး ညောင်အုပ်ကျောက်စာကျော- ၁-၂-၃ တွင် ဖော်ပြထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပံ့သကူပစ်ပွဲသည် ပုဂံခေတ် ကတည်းက ရှိခဲ့သော ပွဲတစ်ပွဲ ဖြစ်ကြောင်း ထင်ရှား လှပေသည်။ ယခုခေတ်တွင် ပံ့သကူ ကုသိုလ်ရှင်တို့သည် သင်္ကန်းကို သာမကတော့ဘဲ ထီး၊ ဖိနပ်၊ သပိတ်၊ သေတ္တာ၊ ကော်ဇော၊ အိပ်ရာခင်း၊ လက်ကိုင်ပဝါ၊ မျက်နှာသုတ်ပဝါ၊ ဝတ္ထုငွေတို့ပါ တိုးချဲ့လှူဒါန်းလာကြ ပါသည်။ ရဟန်းတော်များ အတွက်သာမက ခရီးသွား ပြည်သူများ အတွက်ပါ ရည်မှန်း၍ ပံ့သကူ ပစ်ကြပါသည်။ ထိုပွဲတော်သည် တန်ဆောင်မုန်း လပြည့်အစ နံနက်စော အရုဏ်တက် ၄ နာရီ ၅ နာရီတွင် ပြုလုပ်ကြခြင်း ဖြစ်သည်။
အထက်ပါ ပွဲတော်များအပြင် မသိုးသင်္ကန်း ရက်လုပ် ပွဲတော်ကိုလည်း ဤလတွင် ကျင်းပလေ့ရှိ၏။ မသိုးသင်္ကန်းဟူသည် နေ့ရက်မကူးစေဘဲ တစ်ရက်အတွင်း ပြီးအောင် ရက်လုပ်သော သင်္ကန်းကို ဆိုလို၏။ ကထိန်ကာလ၏ နောက်ဆုံးရက်ဖြစ်သော တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင်သာ မသိုးသင်္ကန်းကို ရက်၍ လပြည့်နေ့ အရုဏ်မတက်မီ အပြီးရက်ကာ လှူဒါန်းလေ့ ရှိသည်။ ထိုနေ့မှလွန်လျှင် ပုပ်သိုးမည်။ တစ်နည်းအားဖြင့် အသုံးပြုခွင့် မရှိတော့ဟူသော သဘောရှိ၏။ နှစ်စဉ် ရွှေတိဂုံ ရင်ပြင်တော်ပေါ်တွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေမှစကာ လပြည့်နေ့ အရုဏ် မတက်မီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိ၏။
ရွှေတိဂုံဘုရား စသည်တို့တွင် ‘မသိုးသင်္ကန်း’ ရက်လုပ်ပြိုင်ပွဲ ကျင်းပခြင်းသည် ဤသဘောပင် ဖြစ်ပါသည်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေမှာ ရက်ကန်းရက်မည့် ရက်ကန်းစင်များကို ရွေးချယ်ပြီး သတ်မှတ်သည့် အချိန်မှစပြီး ရက်ကန်း ပြိုင်ပွဲစတင်သည်။ သတ်မှတ်ထားသည့် အတိုင်းအတာအထိ ပထမဆုံး ရက်ပြီးသော ရက်ကန်းစင်ကို ပထမဆု၊ ဒုတိယဆု စသည်ဖြင့် ရွေးချယ်ဆုပေး၏။ ရက်လုပ်ပြီးသော သင်္ကန်းလျာကိုလည်း သင်္ကန်းအကွက် ဖော်ပြီး ယင်း ၁၄ ရက် ညမကုန်မီ (ဝါ) ၁၅ ရက်နေ့ နံနက် အရုဏ်မတက်မီ ဘုရားရုပ်ပွားတော်ကို မသိုးသင်္ကန်းအဖြစ် ဆက်ကပ်လှူဒါန်းသည်။ စင်စစ်မှာ မသိုးသင်္ကန်း ဆိုခြင်းသည် အထက်မှာ ပြောပြခဲ့သည့်အတိုင်း ကထိန်းသင်္ကန်းကို ခေါ်ခြင်း ဖြစ်၏။ တစ်ညတာ ကျော်လွန်၍ သိုးနံလာသော ထမင်းကို ထမင်းသိုး ခေါ်သကဲ့သို့ ယနေ့ လာလှူသော ကထိန်သင်္ကန်းသည် တစ်ညတာ ကျော်လွန်သွားလျှင် သိုးသော သင်္ကန်းဖြစ်သွားပြီး ယင်းသင်္ကန်းနှင့် ကထိန်ခင်းခွင့် မရချေ။ ယနေ့ ကထိန်သင်္ကန်းကို ရရှိလာလျှင် ရက်မကျော်စေဘဲ ရသည့်နေ့တာ၊ ညတာအတွင်းမှာပင် ကထိန် အပြီးခင်းရသည်။ ဤသို့ ရက်မကျော် ရခြင်းကို မသိုးထမင်းနှင့် နှိုင်းယှဉ်ပြီး ‘မသိုးသင်္ကန်း’ ဟု ခေါ်ခြင်း ဖြစ်ပါသည်။
‘တန်ဆောင်မာသ၊ ဆေးပေါင်းခသည့်၊ ပင်များမင်းမည်၊ မဲဇလီ’ ဆိုသည့်အတိုင်း မဲဇလီသည် တန်ဆောင်မုန်းလ၏ ဆေးပေါင်းခသည့် ပင်မြတ် ဖြစ်သည်။
တန်ဆောင်မုန်းလပြည့် နက္ခတ်တာရာ စုံချိန်တွင် စားသုံးပါက ၉၆ ပါးသော ရောဂါတို့ကို ပျောက်ကင်းစေသည် ဟူသော အစဉ်အလာ ယုံကြည်ချက် ရှိပါသည်။ တန်ဆောင်မုန်း လပြည့်ညသည် တစ်နှစ်တာ လပြည့်ညများထက် အထွန်းလင်းဆုံး၊ အတောက်ပဆုံး လဖြစ်သည်။ ထိုညတွင် သက်ကြီးရွယ်အို များပင်လျှင် အပ်နဖားပေါက် အပ်ချည် ထိုးနိုင်သည်ဟူ၏။ ပုဂံခေတ်က အစပြုခဲ့သော ပံ့သကူပစ်သည့် အလေ့အထသည်လည်း တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်တက် တွင် ယနေ့ထက်တိုင် ပြုလုပ်မြဲ ဖြစ်သည်။
ထို့ကြောင့် တန်ဆောင်မုန်းလသည် ကထိန်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးထွန်းပွဲ စသည်တို့ဖြင့် ထူးခြားသော လမြတ် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
ဒေါက်တာအောင်သန်းဝင်း (အရှေ့တိုင်းပညာ)
The Voice Weekly...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis