menu

Thursday 14 November 2013

သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူ

Photo: သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ် (ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူး အောင်ကြည်က ပြောကြားသည်။

စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီး အရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် ချလန်ဖြတ် အရေးယူပြီး ယာဉ်မောင်း မရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ပေါ် တင်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်း ယာဉ်ရပ်နားကွင်းတွင် သွားရောက် ထိန်းသိမ်းကြောင်း၊ သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသော ယာဉ် ၄၄ စီးအနက် ယာဉ်မောင်းနှင့်အတူ မရှိသောယာဉ် ၁၅ စီးကို ကရိန်းဖြင့် ဆွဲယူ အရေးယူခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“အရင်တုန်းက မရပ်ရတဲ့ နေရာမှာ ရပ်တဲ့ကားတွေကို မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူတယ်။ ယာဉ်မောင်း မရှိဘူးဆိုရင် စတေကာကပ် မှတ်သားပြီး ဓာတ်ပုံရိုက် အရေးယူတယ်။ အခုကတော့ စည်ပင်ဥပဒေအရဘဲ အရေးယူသွားမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။ 

ဖမ်းဆီးရမိသည့် ယာဉ်များကို စည်ပင်သာရေး ကော်မတီ တရားရုံးသို့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက တရားလိုလုပ်၍ စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် တရားစွဲ တင်ပို့ကြောင်း၊ ချလံဖြတ် အရေးယူသည့် ပုဒ်မမှာ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်တစ်သောင်းမှ ငါးသိန်းထိ ချမှတ်နိုင်သော်လည်း တရားရုံးက လတ်တလော ဒဏ်ငွေ နှစ်သောင်းခွဲသာ ကျခံစေရန် အမိန့်ချမှတ်ထားကြောင်း ဗဟန်းမြို့နယ် စည်ပင်သာယာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြား သည်။
“တရားရုံးမှာက နှစ်သောင်းခွဲ ဆိုပေမယ့် ယာဉ်မောင်းမရှိလို့ ကရိန်းနဲ့ သယ်ရမယ်ဆိုရင် သယ်ယူခ တစ်စီးကို ငါးသောင်း (ကျပ်) နဲ့ ရပ်နားကွင်းခက တစ်နာရီကို နှစ်ရာနှုန်း၊ တစ်ရက်ဆိုရင် သုံးထောင်နှုန်း ရပ်နားကွင်းကို ပေးရပါမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။ 

နိုဝင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြိုတော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ လမ်းမကြီးပေါင်း ၃၇ လမ်းတွင် ယာဉ်ရပ်နားခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယာဉ်ထိန်းရဲ အရာရှိများ၊ စည်ပင်သာယာရေး ကော်မတီမှ ရဲအရာရှိများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) ထံမှ  စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis