menu

Thursday 14 November 2013

လက်ပံတောင်းတောင် ဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တည်းကျေးရွာ အကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့မှုကြောင့် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွား

Photo: လက်ပံတောင်းတောင် ဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တည်းကျေးရွာ အကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့မှုကြောင့် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွား

စစ်ကိုင်းတိုင်း ဒေသကြီး၊ လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုး ပြင်ရွာနှင့် ဆည်တည်း ရွာအကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်းနံဘေး မိုးကြိုးပြင် တောင်ရွာထိပ်တွင် လုံခြုံရေး အဖွဲ့အစည်းများက သံဆူးကြိုး အတားအဆီးများဖြင့် ကျေးရွာသုံးလမ်းအား ပိတ်ဆို့ထားမှုကြောင့် မိုးကြိုးပြင်တောင်ရွာနှင့် အလယ်ရွာမှ ဒေသခံ ၁၅၀ ၀န်းကျင်ခန့်က ဖယ်ရှား ရှင်းလင်းပေးရန် တောင်းဆိုခဲ့ကြသည်။

"နိုင်ဝင်ဘာ ၁၂ ရက် ည ၈ နာရီခန့်ကစပြီး လမ်းထိပ်ကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာကြတယ်။ အဲဒီညမှာပဲ လုံခြုံရေး ရဲကင်းတဲကို အပြီးဆောက်လိုက်ကြပြီး သံဆူးကြိုး အကာအရံတွေနဲ့ ပိတ်လိုက်ကြတယ်။ မနက်ရောက်တော့ ရွာအကူးလမ်းကို ပေးမဖြတ်တော့ဘူး" ဟု မိုးကြိုးပြင် အလယ်ရွာမှ ဦးကျော်မြင့်လေးက ပြောကြားသည်။

"သူတို့ပိတ်ထားတဲ့ လမ်းက ရွာသူ၊ ရွာသားတွေ အမြဲတမ်း သုံးနေတဲ့ လမ်းဖြစ်သလို လျော်ကြေးယူထားတဲ့ မြေတွေလည်း မဟုတ်ဘူး။ စီမံကိန်းနဲ့လည်း ဝေးတယ်။ ဒီနေ့မနက် အဲဒီလမ်းကနေ နွားစာရိတ်သွားတော့ ပေးမ၀င်ဘူး။ လှည်းမောင်းလည်း လက်မခံဘူး။ လက်မှတ်ထိုးပြီးမှ သွားရမယ်လို့ ပြောတယ်ဓ ဟု မိုးကြိုးပြင်တောင်ရွာမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အာဏာပိုင်များက လမ်းပိတ်ဆို့ထားခြင်းနှင့် ပတ်သက်ပြီး အချေအတင် စကားများခဲ့ရာ လုံခြုံရေး အင်အားများစွာဖြင့် တားဆီး ပိတ်ပင်ခဲ့ကြောင်း၊ ယာခင်းပိုင်ရှင် စာရင်းပေးရန်နှင့် ထိုသူများသာ ယာခင်းထဲသို့ ၀င်ခွင့်ပြုမည်ဆိုသောကြောင့် ဒေသခံများက လက်မခံဘဲ အတားအဆီးများကို ဖယ်ရှားပေးရန် ဆက်လက် တောင်းဆိုခဲ့ကြသည်။

အဆိုပါ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း ရောက်ရှိလာပြီး ၎င်းက "ဒါဟာ စီမံကိန်းဖြစ်တဲ့အတွက် အခုလို တားဆီးပိတ်ပင်တာပါ။ အင်ကြင်းတောင်ပေါ်မှာ သပိတ် စခန်း ဖွင့်ထားတဲ့အတွက် ပိတ်ထားတာလည်း ဖြစ်တယ်။ ဒီယာမြေတွေက အစိုးရပိုင်တာပါ။ ဒီကျေးရွာတွေကလည်း တရားဝင်ကျေးရွာ တွေမဟုတ်ဘူး။ အချိန်မရွေး ဖျက်သိမ်းလို့ရတယ်" ဟု ပြောကြားခဲ့သည်။

ထိုသို့ ဖြစ်ပွားရာနေရာတွင် ၀တ်စုံပြည့် ၀တ်ဆင်ထားသည့် လက်နက်ကိုင်ဆောင်ထားသော အမျိုးသား၊ အမျိုးသမီး လုံခြုံရေး ရဲအင်အား စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်ရှိပြီး ဒေသခံများ၏ တောင်းဆိုမှုနှင့် ပဋိပက္ခ ဖြစ် ပွားမှုမှာ မွန်းလွဲ ၁ နာရီကျော်အထိ ပြေလည်မှုမရှိဘဲ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တည်းရွာအကူး လမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis