menu

Monday 21 October 2013

အခြေခံဥပဒေပါ အချက်ပေါင်းတစ်ရာကျော် ပြင်ဆင်ရန် NLD တင်ပြမည်

Photo: အခြေခံဥပဒေပါ အချက်ပေါင်းတစ်ရာကျော် ပြင်ဆင်ရန် NLD တင်ပြမည်

ရန်ကုန်၊ အောက်တိုဘာ ၂၀

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မနှင့် အချက်ပေါင်း ၁၀၀ ကျော် ပြင်ဆင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ဦးကိုနီက ပြောကြားသည်။

အခြေခံဥပဒေတွင် ဒီမိုကရေစီနည်း မကျသော အချက်များ၊ ဥပဒေများ၌ ရှေ့ပြဋ္ဌာန်းချက်နှင့် နောက်ပြဋ္ဌာန်းချက် ကိုက်ညီမှု မရှိခြင်းများ၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး မရရှိခြင်းများ၊ ပြည်ထောင်စု၏ ဖွဲ့စည်းပုံစနစ် အခြေခံ မကျခြင်းများ၊ အမျိုးသမီးနှင့် အမျိုးသား ခွဲခြားကန့်သတ်ထားခြင်း စသည့် အခြေခံ အချက်အလက်များကို အဓိက ပြင်ဆင်ရန် တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် NLD မှ ဆန္ဒကောက်ယူရာတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အားပေးထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် အသစ်ပြန်လည် ရေးဆွဲရန် ၂၀ ရာခိုင်နှုန်း ထောက်ခံခဲ့သောကြောင့် အသစ်ရေးဆွဲမည့်မူမှာ မဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုသည်။
“ဒီဥပဒေကို လက်မခံတာချင်းက တူတယ်။ ပြင်မှာလား၊ အသစ်ရေးမှာလားပဲ ကွာတာပါ၊ ဖြည့်စွက်ရမှာကလည်း များပါတယ်” ဟု ဦးကိုနီက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း (၁) အခြေခံမူများ၊ ပုဒ်မ ၂၀၊ ပုဒ်မ ၅၉ အစရှိသော အချက်အလက်များအပြင် အလွန်အကျွံ နေရာယူထားသော တပ်မတော်၏ အခန်းကဏ္ဍများကိုပါ ထည့်သွင်းပြင်ဆင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း ဦးကိုနီက ဆိုသည်။
“NLD က အချိန်တို အတွင်းမှာပဲ အခြေခံဥပဒေ ပြင်ဆင်ရေးဘက်ကို သွားမယ်ဆိုတော့ ဝမ်းသာပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက မှတ်ချက်ပြုသည်။ 

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနှင့်လည်း အခြားတိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော် ကော်မတီသို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ပုဒ်မအရေအတွက် မည်မျှ ပြင်ဆင်မည်ကိုမူ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
NLD ၏ အဆိုပါ တွေ့ရှိထားသည့် အချက်များသည် တိုင်းနှင့် ပြည်နယ် ဒေသအသီးသီးမှ ပြည်သူများနှင့် တိုင်းရင်းသားပါတီငယ်များ တွေ့ဆုံ ဆွေးနွေးခဲ့သည့် ရလဒ်များ ဖြစ်ကြောင်း ဦးကိုနီက ထပ်လောင်းရှင်းပြသည်။
“သမ္မတက စစ်ရေးအမြင် ရှိရမယ်ဆိုတာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီပါဘူး၊ ထည့်ပြင်ရမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက မှတ်ချက်ပြုသည်။

NLD ပါတီက ပြင်ဆင်လိုသော အချက်များကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ တင်ပြသွားမည် ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထား သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis