menu

Monday 21 October 2013

"Avatar 2" ကို ၂၀၁၄ အောက်တိုဘာလတွင် စတင်ရိုက်ကူးမည်


အောင်မင်း

"Avatar 2" ရုပ်ရှင်အားလာမည့်၂၀၁၄ ခုနှစ် အောက်တိုဘာလ (ဆောင်းဦးရာသီ) တွင် စတင်ရိုက်ကူး သွားမည်ဖြစ်ကြောင်း Sam Worthington က ထုတ်ဖော်ပြောကြားသည်။ အသစ်ထွက်ရှိလာမည့် ဇာတ်ကားတွင် ၎င်းအနေဖြင့် ယခင်နေရာ၌ပင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သြစတြေးလျ အသံလွှင့်ဌာန Nova 96.9 နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

“သူတို့က ဇာတ်ညွှန်းကို ရေးနေတုန်းပါပဲ။ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ Jim က Pandora ကို သွားမယ့် အာကာသယာဉ်ကို တည်ဆောက်ဆဲပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကိုတော့ နောက်နှစ်မှာ စတင်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဗားရှင်းနှစ်ခု၊ သုံးခု သို့မဟုတ် လေးခုလောက်အထိ လုပ်သွားမှာပါ။ တကယ်လို့ ဒီကားကို ရိုက်လို့ပြီး သွားမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အရမ်းဝမ်းသာမှာပါ”ဟု Sam Worthington က ပြောကြားလိုက်သည်။


၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြသမည့် "Avatar 2" အတွက် ဇာတ်ညွှန်းအား Josh Friedman က ရေးသားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွက် "Avatar 3" အား Rick Jaffa နှင့် Amanda Silver တို့က ဇာတ်ကားရေးသားမည်ဖြစ်သည်။ ထို့အတူ ၂၀၁၈ ခုနှစ်တွင် ပြသမည့် "Avatar 4" အား Shane Salerno က ရေးသားမည်ဖြစ်သည်။

အသစ်ထွက်ရှိလာမည့် ဇာတ်ကားသုံးခုအား တစ်ခုပြီးတစ်ခု
ရိုက်ကူးသွားနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။ ရုပ်ရှင်ရိုက်ကူးမှုအား နှစ်စဉ်ဇာတ်ကားအသစ်ထွက်ရှိမည့် အချိန်မတိုင်မီ အပြီးရိုက်ကူးရန် စီစဉ်နေသည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။

ဇာတ်ကားလေးကားအထိ ရိုက်ကူးထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ Avatar ၏ ရုပ်ရှင်ဒါရိုက်တာက “ဇာတ်ကားသစ်တွေအတွက် ဇာတ်ညွှန်းရေးရင်းနဲ့ Avatar ရဲ့ကမ္ဘာ၊ အကြောင်းအရာနဲ့ ဇာတ်ကောင်တွေဟာ ကျွန်တော် မျှော်လင့်ထားတာထက် ပိုပြီးတော့ ရေးစရာတွေရှိတယ်ဆိုတာကို ကျွန်တော်နားလည်လိုက်ပါပြီ။ ကျွန်တော်ပြချင်တာတွေ အကုန်လုံးအတွက် ဇာတ်ကားနှစ်ကားတည်းနဲ့ မလုံလောက်ပါဘူး”ဟု ပြောကြားသည်။

"Avatar 2" ၏ ရုပ်ရှင်ဇာတ်ညွှန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်တော်တော် များများအား မရရှိသေးပေ။ သို့သော် ယင်းရုပ်ရှင်ဇာတ်ကားအား Jake အနေဖြင့် Na’vi avatar အဖြစ် လုံးဝအသွင် ပြောင်းပြီးနောက်ပိုင်း၌ မင်းသမီး Neytiri နှင့်အတူ ဘ၀သစ်တင်ခြင်းမှ စတင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ယင်းမှာ "Avatar 1" ၏ အဆုံး သတ်အခန်းဖြစ်သည်။ Zoe Saldana မှာလည်း "Avatar 2" တွင် ခေါင်းဆောင်သရုပ်ဆောင် အမျိုးသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဦးမည်
jဖစ်သည်။

Arnold #Schwarzenegger မှာ "Avatar 2" ရုပ်ရှင်၏ လူကြမ်းအဖြစ် သရုပ်ဆောင်ရန်အတွက် လက်မှတ်ရေးထိုးနေသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း "20th Century Fox" တွင် သရုပ်ဆောင်ရန်ရှိသည့်အတွက် ယင်းသတင်းမှာ အတည်ပြုရန် မဖြစ်နိုင်တော့ပေ။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis