menu

Sunday 20 October 2013

နိုင်ငံတည်ဆောက်ရေး ထိပါးလာသည့် စာပေများကို ဖယ်ရှားသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဆို

photo for news no  6 1
မြန်မာနိုင်ငံအတွင်း ထုတ်ဝေလျှက်ရှိသည့် စာပေများအတွင်းအချို့စာပေများသည် သံသယများ၊ အမုန်းတရားများ ပါဝင်နေပြီး အဖွဲ့အစည်းအချို့နှင့် တစ်ဦးတစ်ယောက်ချင်း၏ လွတ်လပ်မှုကို နယ်ကျူးနေခြင်းများ တွေ့မြင်နေရခြင်းမှာ နိုင်ငံတော် တည်ဆောက်ရေးကိစ္စများအတွက် သံချေးတက်စေသော ကိစ္စများသာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။
ယခုလအောက်တိုဘာလ ၂၀ရက်နေ့၌ UMFCCI တွင် ကျင်းပသော စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 လွတ်လပ်ခွင့်အပေါ်မှာ နယ်ကျူးမှုတွေရှိတွေ တွေ့ရှိနေပါတယ်၊ အဲ့ဒါတွေက နိုင်ငံတစ်နိုင်ငံအတွက် ခိုင်မာတောင့်တင်းတဲ့ အင်အားဖြစ်ပေါ်လာရေးကိစ္စတွေမှာ အကျိုးကျေးဇူးသိပ်ပြီးတော့ မြန်မြန်ရလာ စရာမရှိဘူး၊ ကျွန်တော်တို့ နိုင်ငံမှာ စာပေလွတ် လပ်ခွင့်ရှိလာတယ်၊ ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုအဖြစ် တန်ဖိုးထားပါတယ် ဟု ပြည်ထောင်စု ၀န်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
စာပေကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာရေး  ၄င်းအနေဖြင့် ရရှိလာသည့်လမ်းကြောင်းအတိုင်း ကူညီသွားမည်ဖြစ်ကြောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာနတစ်ခုတည်းဖြင့် မရပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ကူညီမှုပေးမည်ဖြစ်ကြောင်း၊ စာပေ ဖွံ့ဖြိုးရန် မြန်မာနိုင်ငံမှာ လိုနေပြီဟု ခံစားမိကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးကို ထိပါးလာသည့် စာပေများကို ဖယ်ရှားသင့်ကြောင်း ဦးအောင်ကြည်က ဆက်ပြောသည်။

"နယ်မြေဒေသအကန့်အသတ်မရှိ စာအုပ်ရရှိမှုကို အဆုံးစွန်ထိ စဉ်းစားပေးဖို့ လိုပါတယ်၊ မြို့ပြအတွင်းမှာ သာမက တိုင်းရင်းသား ဘာသာစကားနဲ့ပါ ထုတ်ဝေဖို့ ကြိုးစားရမယ်၊ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာတွေကလည်း စာဖတ်ချင်တယ်၊ သူတို့တွေ အတွက်လည်း ပြည်တွင်းမှာ သာမက ပြည်ပအထိ ရောက်အောင် နယ်မြေဆန့်ထုတ်နိုင်ဖို့ ကြိုးစားရမယ်" ဟု ၀န်ကြီးက ပြောသည်။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းအား ဖွဲ့စည်း၍ စာပေဖွံ့ဖြိုးရေး လုပ်ငန်များအား ဆောင်ရွက်ကြရာ၌ ၀န်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်မှုများ အားနည်းကြောင်း၊ စာအုပ်ပွဲတော်များ ကျင်းပရန် ခန်းမများငှားရမ်းရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ခွင့်ပြုသော်လည်း ၀န်ကြီးဌာနအချို့က ခွင့်မပြုသဖြင့် တပ်မတော် ခန်းမကို ငှားရမ်းခွင့် မရကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေ သူနှင့် ဖြန့်ချိသူများအသင်းမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက ဆိုသည်။
" ၀ထ္ထုရှည်တွေကို အခန်းဆက် ထည့်သွင်းခွင့်မရလို့ စာပေလောကအတွက် နစ်နာပါတယ်၊ ပြီးတော့ လှည်းတန်းက စာအုပ်ဆိုင် တချို့ဆိုရင် ဒီလပိတ်လိုက်၇ပါတယ်၊ အခန်းငှားခကို မတတ်နိုင်တော့ပါဘူး၊" ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံစာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းမှ ကြီးမှူးကျင်းပသော စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်ဈေးပွဲတော်သို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒုတိယ၀န်ကြီး ဦးရဲထွဋ်တက်ရောက် ပြီး စာပေလောကအတွင်းမှ စာရေးဆရာကြီးများ၊ ကဗျာဆရာများ၊ ထုတ်ဝေ သူများ တက်ရောက်ခဲ့ပြီး စာအုပ်တိုက်ပေါင်း ၅၀ ကျော်မှ ၄င်းတို့ တိုက်များမှထုတ်ဝေသည့် စာအုပ်များကိုလည်း အထူးနှုန်းဖြင့်လျှော့ချ ရောင်းချလျှက်ရှိကြောင်း သိရသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ခန်းမတွင် အောက်တိုဘာလ ၂၀ရက်မှ ၂၂ရက်နေ့အထိ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပမည်ဖြစ်သည်။

Shwe Myit Ma Kha News Agency

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis