menu

Sunday 27 October 2013

ပြင်ဆင်ရေး၊ အသွင်ကူးပြောင်းရေးနှင့် အချစ်မပါသော အိမ်ထောင်ရေး..(မှူးဇော်)

per_psyatkpy_HZ

နိဒါန်း

အမျိုးသားရေးနိုးကြားမှု အသွင်ဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ရေးဆွဲမလား ဟူသည့် မေးခွန်းသည်လည်း လက်ရှိကြား သိရသည့် သတင်းများအရ ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ သွားကြတော့မည့် သဘောသို့ တိမ်းညွတ်နေသည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်လမ်းကြောင်း ကသာ လျှောက်လှမ်းသွားမည့် ရည်မှန်းချက်ကို လူသိထင်ရှား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေပါ ပေးထားချက်များအတိုင်း ဆောင်ရွက်သွားမည် ဟူ၍ ဖြစ်သည်။

အစောဆုံး ပြောကြားခဲ့သူ


နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ကျိန်ဆိုပြီး နိုင်ငံ့တာဝန်ကို လွှဲ ပြောင်းရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပေးထားချက်အတိုင်း ပြင်ဆင်ကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။ ဆိုရလျှင် နိုင်ငံတော်သမ္မတကြီး သည် စတင် တာဝန်ထမ်းဆောင်ချိန်မှာပင် ပြင်ဆင်ရေးလမ်းကြောင်းကို ဖော်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ပိုမိုထင်ရှားစေရန် အတွက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ကောက်နုတ်ချက်ကို အောက်ပါအတိုင်း ပြန်လည်ဖော်ပြလိုသည်။
“အမျိုးသား ပြန်လည် ပေါင်းစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ်(၇)ရပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်း ပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေ ပြင်ပရှိ အဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ် အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်ကြပါတယ်။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဖြစ်ကြသလို ကျွန်တော်တို့ အစိုးရအဖွဲ့ ကိုလည်း ကိုယ့်တိုင်းရင်းသားတွေနဲ့ အဆင့်ဆင့် ပါဝင်ဖွဲ့စည်းထားတဲ့ ကိုယ့်အစိုးရအဖြစ် မြင်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)မှာ လုပ်ထုံးလုပ်နည်း များနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ပေးထားပြီး ဖြစ်ပါတယ်။”
ဤသည်မှာ စတင်တာဝန်ယူချိန်မှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ထားရှိသော နိုင်ငံတော်သမ္မတကြီး၏ သဘောထားကို အတိအလင်း ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။ ပေးထားချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)နှင့် (ခ)တို့သည် ပြင်ဆင်ပုံ ပြင်ဆင်နည်းကို သတ်မှတ်ပေးထားခြင်းသာ ဖြစ်သည်။ ပြင်လိုသော် ဤအတိုင်းပြင်ဟု ဆိုထားသည့် ပြင်ဆင်ရေးဆိုင်ရာ ပေးထားချက်များလည်း ဖြစ်သည်။

ဘယ်လိုပြင်ကြမလဲ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရန် ပြဋ္ဌာန်းထားသည့် ပုဒ်မပေါင်း ၉၅ ခု ရှိရာ ၂၀ ဒသမ ၇၉ ရာခိုင်နှုန်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင်းမှာပင် ပြင်ဆင်နိုင်သည့် ပုဒ်မပေါင်း ၃၆၂ ခု ၇၉ ဒသမ ၂၁ ရာခိုင်နှုန်း ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိကကျသည်မှာ ပုဒ်မ ၁ မှ ၄၈ အထိ ဖြစ်သော အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ဖြစ်သည်။ အဆိုပါ အခြေခံမူများ (Basic Principles) ကို အခြေခံ၍ ကျန်ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကိုလည်း ပုဒ်မ ၄၈ တွင် “နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေ ပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွှန်ချက်များ ဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း တွေ့ရှိနိုင်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင် ပထမဦးစွာ အခြေခံမူများကို ဆွေးနွေးညှိနှိုင်းပြီး ယင်းအခြေခံမူ များကို အခြေခံ၍ အသေးစိတ် အခြေခံရမည့်မူများ ဟူ၍ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ ယင်းမူများ အတည်ပြု သဘောတူညီပြီးနောက် ပြဋ္ဌာန်းချက်များ အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခန်း(၁)ကို အခြေခံ၍ အခန်း(၂)မှ အခန်း(၁၅)အထိ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဤသို့ ရှင်းလင်းနေရခြင်း အကြောင်းရင်းမှာ အခန်း(၂)မှ အခန်း(၁၅)အထိ ပါရှိသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ယင်းပုဒ်မများကိုသာ ကွက်၍ မပြင်သင့်ဘဲ မူလအခြေခံထားသည့် အခြေခံမူကိုပါ ပြင်ဆင်ရမည် ဖြစ်သည့်အတွက် အခန်း(၁) ပါ ပုဒ်မပေါင်း(၄၈)ခုကို ကိုင်တွယ်ရမည်ဟု ရည်ညွှန်းလိုခြင်း ဖြစ်သည်။
တစ်ဖန် အခန်း (၁) ပါ ပုဒ်မပေါင်း ၄၈ ခုသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး၏ မူဘောင် Spirit of Constitution ဖြစ်သည့်အတွက် မူဘောင်ကို ဦးစွာအကျေအလည် ညှိနှိုင်းဆွေးနွေးရန် လိုအပ်မည် ဖြစ်သည်။ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြလာသည့် တင်ပြချက်များအပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် မူဘောင် သဘောတူညီချက် တို့ကို ပြန်လည်တိုက်ဆိုင်၍ စိစစ်သုံးသပ်ရမည့် သဘောရှိသည်။

ဘယ်လောက်အထိ ပြင်မလဲ

ပြင်ဆင်ရေး စားပွဲဝိုင်းတို့တွင် သူ့လိုလားချက်၊ ကိုယ့်လိုလားချက် စသည်အားဖြင့် နိုင်ငံရေး အင်အားစု အသီးသီးတို့၏ ဆန္ဒပေါင်းများစွာ၊ ပြင်ဆင်ချက်ပေါင်းများစွာ ရှိနေကြမည်မှာ မုချဖြစ်၍ ဆန္ဒပေါ် အခြေပြုသော ပြင်ဆင်ရေးအစီအစဉ် တို့လည်း ကိုယ်စီကိုယ်စီ ရှိနေကြပေလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေကို လက်တွေ့ ကျင့်သုံးလာကြသည်မှာ (၂)နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ တွေ့ကြုံလာရသော အခက်အခဲများကို ပြေလည်စိမ့်သောငှာ လည်းကောင်း၊ အမျိုးသားညီညွတ်ရေးကို ရှေးရှုစေခြင်းငှာ လည်းကောင်း ဦးစားပေး ရည်မှန်းချက် ပန်းတိုင်များကို ဆစ်ပိုင်းလေ့လာပြီး ပြင်ဆင်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ရှာဖွေဖော်ထုတ်သော် မသင့်လောဟု တွေးမိသည်။ အကြောင်းရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည်မှာ (၂၀.၇၉ ရာခိုင်နှုန်း) ရှိသည် ဖြစ်၍ ပြင်ဆင်ရေးဒိုင်ယာလော့ မည်မျှအထိ ခရီးရောက်မည်နည်း ဟူသော မေးခွန်းကြောင့် ဖြစ်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည့် ပုဒ်မများကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရသည်-
(၁) အခန်း (၁) ၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၁ မှ ၄၈ အထိ၊ (တစ်ခန်းလုံး)
(၂) အခန်း (၂) ၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၄၉ မှ ၅၆ အထိ၊ (တစ်ခန်းလုံး)
(၃) အခန်း (၃) ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ (ပုဒ်မ ၅၉) ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း (ပုဒ်မ ၆၀)
(၄) အခန်း (၄) ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၇၄) ၊ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၀၉)၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၄၁) ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၆၁)
(၅) အခန်း (၅) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၀၀)၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၀၁) ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၄၈) ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၇၆)
(၆) အခန်း (၆)၊ တရားရုံးများဖွဲ့စည်းခြင်း (ပုဒ်မ ၂၉၃) ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း (ပုဒ်မ ၂၉၄) ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များ ဖွဲ့စည်းခြင်း (ပုဒ်မ ၃၀၅) ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၏ ကြီးကြပ်မှုအောက်ရှိ တရားရုံးများ (ပုဒ်မ ၃၁၄) ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းခြင်း (ပုဒ်မ ၃၂၀) ၊
(၇) အခန်း (၁၁) ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ (တစ်ခန်းလုံး)
(၈) အခန်း (၁၂) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန် လိုအပ်သည့် ပုဒ်မများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅% ကျော်ဖြင့် ပြင်ဆင်နိုင်သော ပုဒ်မများ(ပုဒ်မ ၄၃၆)
အထက်ပါ ပြဋ္ဌာန်းချက်များကို လေ့လာခြင်းအားဖြင့် အခန်း (၇) တပ်မတော်၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ အခန်း (၁၀) နိုင်ငံရေးပါတီများ ဟူသည့် အခန်း (၄) ခန်းပါ ပြဋ္ဌာန်းချက်များမှာ လွှတ်တော်တွင်း ပြင်ဆင်ရေးဖြင့် ပြီးမြောက်နိုင်မည်။ သို့သော် အခန်း (၁) အခြေခံမူနှင့် ညီညွတ်ရမည်ဟူ၍ တွေ့ရှိနိုင်သည်။ လွှတ်တော်တွင် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ဘုံသဘောတူညီချက် များကို တည်ဆောက်နိုင်လျှင် များစွာ လူးသာလွန့်သာ မည်ကို တွေ့ရှိနိုင်သည်။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး။ ပြည်နယ် လုပ်ပိုင်ခွင့်များ ခွဲဝေထားသော နောက်ဆက်တွဲ ဇယားများမှာ ဖက်ဒရယ် စစ်ရေးအတွက် အဓိကဖြစ်နေပြီး လွှတ်တော်တွင်း ပြင်ဆင်ရေး လမ်းကြောင်းနှင့်ပင် ပြီးပြတ်မည်၊ သို့သော် အခန်း (၁) အခြေခံမူနှင့် ညီညွတ်ရမည်၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု လိုအပ်မည် ဖြစ်သည်။
လွှတ်တော်တွင်း အင်အား ချိန်ခွင်လျှာကို မိမိတို့ဘာသာ ဆင်ခြင် သုံးသပ်တော်မူ နိုင်ကြရန်သာ လိုသည်။ သို့ဆိုလျှင် အဖြေမှန်နှင့် နီးစပ်နိုင်ကြ ပေလိမ့်မည်။

ဘယ်ဟာကို စပြင်မလဲ

ဤတွင် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျွမ်းကျင်သူများ စသည့် Stakeholder အားလုံး၏ ဘုံသဘောထား တစ်ရပ် ထွက်ပေါ်နိုင်ရန် မည်သည့်ကို အစပြုမည်နည်း ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာသည်။ ပြည်တွင်းစစ် နိဂုံးချုပ်ရေးသို့ သွားလိုသော် ပြည်နယ်-ပြည်ထောင်စု အငြင်းပွားမှုများကို ဦးစွာ ရှင်းရန် လိုအပ်မည်။ တပ်မတော်အနေနှင့် နိုင်ငံရေးမှ အပြီးဆိုင် ဆုတ်ခွာရေးသည် ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝ ရ-မရ ဟူသောအချက်နှင့် တိုက်ရိုက် ဆက်နွှယ်နေသောကြောင့် ယခုပြင်ဆင်သည့် အဆင့်တွင် အပြီးတိုင် ဆုတ်ခွာရေးအထိ မမှန်းသင့်ဘဲ ရှေ့တစ်ဆင့်ဖြစ်သည့် ငြိမ်းချမ်းရေးကိုသာ ရှေးရှုသင့်ကြောင်း တွေ့ရှိနိုင်သည်။
Politics is The Art of Possible ဟု ဆိုကြသည့်အတိုင်း ဆန္ဒထက် အမြော်အမြင်ကို ဆင်ခြင် ခွဲခြားလျက် ဈာန်သမာပတ် ဝင်စားနိုင်မှသာ ဖြစ်နိုင်ခြေအနုပညာကို ဖန်တီးနိုင်ကြမည် ဖြစ်သည်။ ၂၀၁၅ မတိုင်မီ ဟူသော အချိန်ဇယားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု မှန်သမျှ အပြတ်ဖြတ်နိုင်-မဖြတ်နိုင် ကိုလည်း အင်အားနှင့် အလုပ်နှိုင်းယှဉ် ချိန်ဆကြရန် အရေးကြီးပေမည်။
နိုင်ငံရေးခေါင်းဆောင်များ သတိပြုရမည်မှာ လက်ရှိအနေအထားသည် အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေကြဆဲ ဖြစ်၍ စတန်းဖို့ တက္ကသိုလ်ပါမောက္ခ တယ်ရီကား၏ အဆိုအတိုင်း “အသွင်ကူးပြောင်းရေး ဟူသည်မှာ အချစ်မပါဘဲ ပြုလိုက်ရသော အိမ်ထောင်ရေး” ဟူသည်ကို သတိချပ်ကြရန် ဖြစ်သည်။ အသွင်ကူးပြောင်းရေးကို အသွင်ကူးပြောင်းရေး ဟူ၍ နားလည်နိုင်ခြင်း မရှိခဲ့ပါလျှင် မိမိစံနှင့်အညီ၊ မိမိ စရွေးနှင့်အံကိုက် ဟူသော စိတ်ကူးစံများဖြင့် မချစ်သော်လည်း အောင့်ကာမနမ်းနိုင်ဘဲ အိမ်ထောင် တကွဲတပြား အဖြစ်ခံရမည့်ကိန်း ဆိုက်နိုင်ပေသည်။ သန်း ၆၀ မိသားစုကြီး၏ အိမ်ထောင်ရေး ဖြစ်သောကြောင့် ဆန္ဒထက် ဉာဏ်အမြော်အမြင် တို့ကသာ ဖြစ်နိုင်ခြေ အနုပညာကို ဖန်ဆင်းနိုင်မည် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
မှူးဇော်
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis