menu

Sunday 27 October 2013

တစ်ဝက်ပဲလား တစ်ဝက်ကြီးများတောင်မှနှင့် ပေါ်လီယာနာ...(မောင်သာချို)


(တစ်)
လူတို့ မည်ကဲ့သို့ တွေးခေါ်မြော်မြင်ကြသလဲဟူသည့် ကိစ္စနှင့်ပတ်သက်၍ လူသိအများဆုံးနှင့် အထင်ရှားဆုံး သာဓကဆောင်လေ့ရှိကြသည်မှာ ကော်ဖီတစ်ခွက်ပဲဖြစ်ပါသည်။ စာအုပ်တွေထဲမှာ သည်ကော်ဖီတစ်ခွက်အကြောင်းကို ထည့်ရေးလေ့ရှိကြပါသည်။ ဟောပြောပို့ချမှုတွေထဲမှာ သည်ကော်ဖီတစ်ခွက်အကြောင်းကို ထည့်ပြောလေ့ရှိကြပါသည်။ ကြော်ငြာဆိုင်းဘုတ် အကြီးကြီးတွေပေါ်မှာ သည်ကော်ဖီတစ်ခွက်အကြောင်းကို ထည့်ဆွဲလေ့ရှိကြပါသည်။
ကော်ဖီခွက်ကတစ်ခွက်။ အဲသည့် ကော်ဖီခွက်ထဲမှာရှိနေသည်က ကော်ဖီတစ်ဝက်။ ဒါကို ဘယ်လိုမြင်သလဲဆိုသည်က ကြည့်ရှုသူ၏ သဘောထားခံယူချက်။ တစ်ယောက်က ကော်ဖီကလည်း “တစ်ဝက်ပဲ” ရှိတော့တယ်ဟု မြင်သည်။ ဒါကို အဆိုးမြင်သည်ဟု၊ အဆိုးမြင်ဝါဒဟု တံဆိပ်ကပ်လေ့ရှိကြပါသည်။ ပက်စီမစ်ဇင် (passimism)တဲ့။ နောက်တစ်ယောက်ကမူ ဤသို့မဟုတ်။ ကော်ဖီတွေက “တစ်ဝက်ကြီးများတောင်မှ”ကျန်သေးတယ်ဟုမြင်သည်။ ယင်းကိုမူ အကောင်းမြင်သည်ဟု အကောင်းမြင်ဝါဒဟု တံဆိပ်ကပ်လေ့ရှိပါသည်။ အော့ပ်တစ်မစ်ဇင် (optimism)တဲ့။
လူတစ်ယောက်နှင့်လူတစ်ယောက် စိတ်အခံချင်း၊ ဉာဏ်အခံချင်းကွာကြရာ “တစ်ဝက်ပဲ”သမားများနှင့် “တစ်ဝက်ကြီးများတောင်မှ”သမားတို့ကလည်း ကွာခြားသွားကြလိမ့်မည်သာဖြစ်ပါသည်။ ဒါကသဘာဝ။
သို့သော် မည်သို့သောတွေးပုံ၊ မြင်ပုံမျိုးက မိမိကိုယ်တိုင်နှင့် လူ့လောကအတွက် ပိုပြီးအကျိုးများနိုင်သလဲဆိုသည်ကမူ အရေးကြီးပါသည်။

၁၉၄၅ တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါစကီမြို့များပေါ်သို့ အမေရိကန်က အဏုမြူဗုံးကြဲချလိုက်ခြင်းအပေါ် လူ့အသက်ပေါင်းများစွာ ထိခိုက်ဆုံးရှုံးရမှုကြောင့် မကောင်းမြင်သူများရှိကြသကဲ့သို့ ဒုတိယကမ္ဘာစစ်ကြီး ဒါ့ကြောင့်ပြီးသွားတာ၊ ဂျပန်မှာ စစ်ဝါဒီတွေ ဒါ့ကြောင့်စခန်းသိမ်းသွားတာ စသည်ဖြင့် အကောင်းပြောသူတွေကလည်း ရှိနေပြန်ပါသည်။
ထို့အတူ ၁၈၈၅ ၌ သီပေါမင်းနှင့် စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့် မြန်မာတို့ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရခြင်းအပေါ် ကြိတ်မနိုင်ခဲမရ နာကြည်းနေသူများရှိသကဲ့သို့ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကိစ္စ ပြတ်သွားတာပေါ့၊ ခေတ်သစ်ကမ္ဘာထဲကို ရောက်သွားရတာပေါ့ စသည်ဖြင့် ယူဆသူတွေကလည်း ရှိကောင်းရှိနေမည်သာ ဖြစ်ပါသည်။
မည်သည့်အတွေးအမြင်ကမှန်သလဲ။ “တစ်ဝက်ပဲ”လား။ “တစ်ဝက်ကြီးများတောင်မှ”လား။ ဖြေဖို့တော်တော်ခက်ပါသည်။
(နှစ်)
မြန်မာစာဖတ်သူတို့နှင့် ရင်းနှီးသည့်စာအုပ်တစ်အုပ်ရှိပါသည်။ ပေါ်လီယာနာတဲ့။
ပေါ်လီယာနာ(pollyanna)ကို မူရင်းရေးသူက အမေရိကန်စာရေးဆရာမကြီး အယ်လီနာပေါ်တာ(Eleanor H. porter) ဖြစ်ပါသည်။ ကမ္ဘာပေါ်၌ ဘာသာစကားပေါင်း ၂၀ ကျော်နှင့် စာအုပ်ရေသန်းပေါင်းများစွာ ရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်လည်းဖြစ်ပါသည်။
သည်စာအုပ်ကို ကျွန်တော်တို့ဆီ၌ ဆရာထင်လင်းက မြန်မာပြန်ထားခဲ့ပါသည်။ “မေတ္တာရှင်မကလေး ပေါ်လီယာနာ”တဲ့။ ကချင်အမျိုးသား မနောဂါးဂွမ်ခေါင်ကမူ ကချင်ဘာသာဖြင့်ပင် ထပ်ဆင့်ပြန်ဆိုခဲ့ပါလေသည်။
ကော်ဖီခွက်ထဲက ကော်ဖီတစ်ဝက်ကို ဘယ်လိုရှုမြင်ကြမလဲဆိုသည်နှင့်ပတ်သက်၍ ဖတ်ခဲ့ကြရသည့် စာအုပ်ပဲဖြစ်ပါသည်။
သည်ဝတ္ထုထဲမှာ အဓိက ဇာတ်ဆောင်က ပေါ်လီယာနာဖြစ်ပါသည်။ လောကကို အကောင်းမြင်တတ်သည့် ကောင်မလေးဟုဆိုကြပါစို့။ တစ်နည်းအားဖြင့် ကော်ဖီတစ်ဝက်ကို “တစ်ဝက်ကြီးများတောင်မှ” ရှိသေးတာကိုးဟု မြင်တတ်သူ။ ၀မ်းသာစရာအကြောင်းကိုရှာတတ်လျှင် ၀မ်းသာစရာအကျိုးကိုဖြစ်ပေါ်စေသည်ဟု စိတ်အခံရှိသူ။ ဘ၀တစ်လျှောက် လုံးဝမ်းသာတမ်းကစားနည်းဖြင့် ကစားသွားခဲ့သူ။
အဖေရော၊ အမေပါ ဆုံးသွားပြီးသည့်နောက် ပေါ်လီယာနာ သူ့အဒေါ်ရှိရာဆီ ရောက်လာတော့ အသက်ကလေးက (၁၁)နှစ်အရွယ်မျှသာ။ အဒေါ်၏အိမ်ကနေ ပေါ်လီယာနာ့ကို လာကြိုတော့ အဝေးကြီးလားတဲ့။ ဝေးရင် မြင်းရထားအကြာကြီးစီးရတာပေါ့တဲ့။ နီးနီးလေးလားတဲ့။ နီးရင် မြန်မြန်ရောက်တာပေါ့တဲ့။ လွယ်လွယ်နှင့် သဘောထားမကောင်းတတ်သူ အဒေါ်က ဘာပစ္စည်းမှမရှိသည့် ထပ်ခိုးအခန်းစုတ်ကလေးထဲ၌ နေရာချထားပေးခဲ့ရာ ပေါ်လီယာနာက ရှုခင်းတွေကို အဝေးကြီးမြင်ရတာပေါ့တဲ့။ တစ်ခါ၌ ပေါ်လီယာနာ နေထိုင်မကောင်းဖြစ်ရာ အဒေါ်ဖြစ်သူ တူမကိုသနားသွားပြီး ခေါ်တောင့်ခေါ်ခဲ သမီးလေးဟု ခေါ်လိုက်သဖြင့် ပေါ်လီယာနာက နေမကောင်းဖြစ်ရသည်ကိုပင် ၀မ်းသာမိပြန်ပါလေသတဲ့။ သမီးလေးအခေါ်ခံရလို့တဲ့။ တစ်ခါ၌လည်း ပေါ်လီယာနာကိုယ်တိုင် ကားအတိုက်ခံရပြီး ခြေကျိုးပါသည်။ ၀မ်းသာပြန်ပါလေသတဲ့။ နာတာရှည်ရောဂါဆို သည့်ထက်ပိုဆိုးမှာတဲ့။ ခါးကိုင်းနေသည့် အဘိုးအိုတစ်ယောက်နှင့် တွေ့ရာ၌ပင် ပေါ်လီယာနာက ပေါက်တူးပေါက်တဲ့အခါ ခါးကုန်းရတာ တစ်ဝက်သက်သာတာပေါ့တဲ့။ ယင်းတို့ကိုပင် ပေါ်လီယာနာ့ရှုမြင်ပုံ (pollyanna outlook)ဟု ခေါ်ခြင်းဖြစ်ပါသည်။ အကောင်းမြင်စိတ်၊ အကောင်းမြင်ဝါဒ၊ အော့ပ်တစ်မစ်ဇင်(optimism) စသည် စသည်။
သည်လိုအကောင်းမြင်ဝါဒမျိုးကို လက်မခံနိုင်သူ စာရေးသူတစ်ဦးက မိုးဝေမဂ္ဂဇင်းထဲကနေ “အဆိပ်ရည်လျှမ်းသော ပေါ်လီယာနာ”ဟုပင် မူရင်းစာရေးသူ အယ်လီနာပေါ်တာ (Eleanor H.porter)ကို ဝေဖန်ခဲ့ပါသေးသည်။
စာဖတ်သူကရော မည်သည့်သဘောထားမျိုးရှိနေပါလိမ့်။
(သုံး)
ကျွန်တော်တို့သည် ကျွန်တော်တို့၏ နေ့ရက်ပေါင်းများစွာ၌ မကြာခဏဆိုသလို ကော်ဖီတစ်ခွက်ထည့်ထားသော ကော်ဖီခွက်ပေါင်းများစွာနှင့် တွေ့ဆုံကြုံကြိုက်ခဲ့ကြရ၊ တွေ့ဆုံကြုံကြိုက်နေကြရ၊ တွေ့ဆုံကြုံကြိုက်ကြရဦးမည်သာ ဖြစ်ပါသည်။
ကျွန်တော်တို့ ဘယ်လိုသဘောထားကြရမှာပါလိမ့်။ တစ်ဝက်ပဲလား။ တစ်ဝက်ကြီးများတောင်မှလား။
မော်တော်ကားမရှိတာ ကောင်းတာပေါ့။ ဆိုင်ကယ်က သွားရလာရလွယ်ကူတယ်။ ဆိုင်ကယ်မရှိတာကောင်းတာပေါ့။ စက်ဘီးက ကျန်းမာရေးနဲ့ညီညွတ်တယ်။ စက်ဘီးမရှိတာကောင်းတာပေါ့။ လမ်းလျှောက်တာက ကျန်းမာရေးနဲ့ပိုပြီးညီညွတ်တယ်။
ကွန်ပျူတာမရှိတာကောင်းတယ်။ မျက်လုံးသက်သာလို့။ လက်ကိုင်ဖုန်းမရှိတာကောင်းတယ်။ အပြန်အလှန်စကားပြောနေရတာ အချိန်ကုန်လို့။ လျှပ်စစ်မီးမရတာကောင်းတယ်။ ဓာတ်လိုက်တဲ့အန္တရာယ်မရှိတော့လို့။ ငလျင်လှုပ်တာကောင်းတယ်။ မဟာပထ၀ီမြေကြီးတောင်မှ မတည်မြဲပါလားဆိုတဲ့ အသိတရားကိုရလို့။ ကမ္ဘာစစ်ကြီးတွေဖြစ်တာကောင်းတယ်။ လူဦးရေတိုးပွားလာမှုကို ဟန့်တားရာရောက်လို့။ လက်တွေခြေတွေ မရှိတာကောင်းတယ်။ လက်သည်း၊ ခြေသည်းမညှပ်ရတော့လို့။
ကျွန်တော်တို့တစ်တွေ အဲသည်လိုမျိုး တကယ်သဘောထားနိုင်ကြပါစေ။ ထားနိုင်ကြရင်ရော သဘောထားအမှန်ဟုတ်ပါစ။
တကယ့်တကယ်က လူ့ဘ၀ပြဿနာ အရှုပ်အထွေးပေါင်းများစွာကို သဘောထားအမြင်ပေးကြရာ၌ ကော်ဖီတစ်ခွက်ထဲတွင် ထည့်ထားသည့် ကော်ဖီတစ်ဝက်ကို သဘောထားပေးရသည်လောက် လွယ်ကူချောမွေ့လှသည်မဟုတ်ပါ။
ကျွန်တော်ကတော့ အဆိုးပဲမြင်မြင်၊ အကောင်းပဲမြင်မြင် ကိုယ့်ဖြစ်တည်မှုအနေအထားအရ မြင်နိုင်ခွင့်ရှိသည်ဟု ထင်ပါသည်။ သို့သော် အရေးကြီးသော အချက်အလက်အချို့ကိုတော့ ပြောလိုပါသည်။
ယင်းမှာ မိမိမှတစ်ပါး အခြားသူတစ်ယောက်ယောက်ကို ထိခိုက်နေသလား၊ ကိုယ်ကျင့်တရားဆိုင်ရာ ဖောက်လွှဲဖောက်ပြန်မှု ဖြစ်နေသလားဆိုသည့်ကိစ္စများကိုမူ အဆိုးမြင်၊ အကောင်းမြင် အစွန်းနှစ်ပါးမှ လွတ်ကင်းအောင်ရှောင်ပြီး မြင်တတ်ဖို့လိုအပ်လိမ့်မည် ထင်ပါသည်။
သည်လူ အသက်မပြည့်သေးသည့် မိန်းမငယ်ကလေးကို မုဒိမ်းကျင့်တာကောင်းတာပေါ့ဟု အကောင်းမြင်၍မရနိုင်ပါ။ ထို့အတူ ခေတ်ဆိုးစနစ်ဆိုးကြီးကို ချက်ချင်းပြောင်းလဲဖို့လုပ်တာ ဆိုးတာပေါ့ဟု အဆိုးမြင်၍မရနိုင်ပါ။
ကိုယ့်တစ်ကိုယ်တည်းကိစ္စကတော့ ဘယ်လိုပဲမြင်မြင်၊ ဘွဲ့မရတာကောင်းတာပေါ့လို့ မြင်ချင်လည်းမြင်၊ လခတွေအများကြီးရတာ ဆိုးတာပေါ့လို့ မြင်ချင်လည်းမြင်။ ဘယ်သူ့ကိုမှမထိခိုက်။ မြင်။
ကော်ဖီက တစ်ဝက်ပဲလားပဲဆိုဆို၊ တစ်ဝက်ကြီးတောင်မှ ရှိသေးပါလားပဲဆိုဆို၊ ဤကော်ဖီခွက်ထဲ၌ ကော်ဖီတစ်ဝက်တိတိရှိသည်ဆိုသည့် ပကတိတရားကိုမူ မည်သူကမှ ပြုပြင်၍မရပါလေ။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis