menu

Sunday 27 October 2013

လက်ရှိအချိန်သည် ပညာရေးစနစ်ကို စမ်းသပ်ရမည့်အချိန် မဟုတ်တော့၊ မှန်ကန်သည့်စနစ် ချမှတ်ရန် အရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ် သတိပေး

K-27-10
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က ဆွေးနွေးစဉ်

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ ပိုင်ဆိုင်ရေးသည် ပညာရေးစနစ် မှန်ကန်မှုပေါ် မူတည်ပြီး လက်ရှိအချိန်သည် ပညာရေးစနစ်ကို စမ်းသပ်ရမည့်အချိန် မဟုတ်တော့ဘဲ မှန်ကန်သည့်စနစ် ချမှတ်ရန် အလွန်အရေးကြီးကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က သတိပေး ပြောကြားသည်။
အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်၏ အဆင့်မြင့်နည်းပညာ တက္ကသိုလ်များ ပေါ်ပေါက်လာ၍ အရည်အချင်း ပြည့်ဝသော နည်းပညာ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေး လက်တွေ့ကျစွာ ပုံဖော်မည့် အစီအစဉ်ဖြင့် အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ပြောကြားခြင်းဖြစ်သည်။

လက်ရှိပညာရေး စနစ်များဖြင့် မွေးထုတ်သော လူစွမ်းအား အရင်းအမြစ်များသည် အရည်အချင်း မရှိ၊ အရေအတွက်သာဖြစ်ပြီး နိုင်ငံတကာ အဆင့်ရှိ ပညာရှိကဲ့သို့ စီမံကိန်း လုပ်ငန်းများတွင် အသုံးချ၍ မရဘဲ လူ့စွမ်းအား အရင်းအမြစ် ရှားပါးနေသည်ကို လက်တွေ့ကြုံနေရပြီ ဖြစ်ကြောင်း၊ နည်းပညာ တက္ကသိုလ်များ၊ သိပ္ပံကျောင်းများ နေရာအနှံ့ မြောက်မြားစွာ ဖွင့်လှစ်ခြင်းသည် မူအားဖြင့် ကောင်းမွန်သော်လည်း အရည်အချင်း ပြည့်မီအောင် သင်ကြားပေးမှု မရှိခြင်း စာတွေ့အပြင် လက်တွေ့သင်ကြားမှုပါ အဓိက ကျသည်ကို မျက်ကွယ်ပြုသလို ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က သုံးသပ်ပြောကြားသည်။
၂၀၁၂ ခုနှစ်တွင် ပြောင်းလဲလိုက်သော အင်ဂျင်နီယာ ပညာရေးစနစ်ကို ယခင်ပညာရေးစနစ် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေးသော လမ်းကြောင်းဖြစ်သဖြင့် လုပ်သက်ရင့် ပညာရှင်များက ကြိုဆိုခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အသစ်ရေးဆွဲ ပြန်လည်ပြောင်းလဲခဲ့သဖြင့် အင်ဂျင်နီယာ အဆင့်လည်း မရောက်၊ Technician အဆင့်လည်း တတ်မြောက်ခြင်း မရှိ အထက်မရောက်၊ အောက်မရောက် တန်းလန်း အင်ဂျင်နီယာ အဆင့်ရောက်ရှိပြီး နိုင်ငံတကာအဆင့် သုံး၍မရသော ဘွဲ့ရပုဂ္ဂိုလ်များ ဖြစ်လာမည်ကို အထူးစိုးရိမ်စရာဖြစ်ကြောင်း၊ အင်ဂျင်နီယာ ပညာနှင့် Technician ပညာသည် ကွားခြားပြီး အင်ဂျင်နီယာ အဆင့်ရရန် ခြောက်နှစ်သင်နေရခြင်းသည် Technologist ပီပီပြင်ပြင်ဖြစ်အောင် သင်ပေးသည့် ပညာနှင့် မဆိုင်ကြောင်း ဦးစတီဗင်သာဘိတ်က ထောက်ပြပြောကြားသည်။
ထို့အပြင် ဦးစတီဗင်သာဘိတ်က ၎င်းသွားရောက် လေ့လာခဲ့သော နည်းပညာကောလိပ်နှင့် သိပ္ပံကျောင်းများတွင် အဆောက်အအုံများသည် လှပစွာ ရှိသော်လည်း အတွင်းပိုင်း၌မူ လက်တွေ့သင်ကြားမှုအတွက် အင်ဂျင်နီယာ အထောက်အကူပြု ပစ္စည်းများမှအစ ဆရာ၊ ဆရာမများအဆုံး လက်တွေ့ကျကျ သင်ကြားပို့ချမှု အားနည်းသည်ကို တွေ့ရပြီး ကျောင်းသူ၊ ကျောင်းသားများ အရည်အချင်းရှိအောင် အစိုးရက ပံ့ပိုးမှု အားနည်းနေကြောင်း သုံးသပ်ရမှာဖြစ်ကြောင်း ပြောကြားသည်။
"အခုချိန်မှာ ပညာရေးစနစ်ကို စမ်းသပ်ချိန် မဟုတ်တော့ပါ။ တကယ့်မှန်ကန်တဲ့စနစ် ချမှတ်ဖို့ အလွန်အရေး ကြီးပါတယ်။ အဲဒါမှ မဟုတ်ရင် ကျွန်တော်တို့ အိမ်နီးနားချင်း နိုင်ငံတို့ရဲ့ နောက်မှာပို၍ပို၍ နောက်ကျကျန်ရစ် ခဲ့မယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ အခုလို ဆွေးနွေးနေရတဲ့ အဆင့်မြင့် နည်းပညာ၊ အင်ဂျင်နီယာပညာ၊ ကျွမ်းကျင်ပညာရှင်များ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ဖို့ကို နည်းလမ်းမှန်ဖြစ်ဖို့ သိပ်အရေးကြီးတဲ့ကာလ ဖြစ်နေပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က ပြောကြားသည်။
ကမ္ဘာ့တစ်ဝန်း ဖွံ့ဖြိုးပြီးနိုင်ငံများ အနေဖြင့် အင်ဂျင်နီယာ အချိုး၊ ပညာရှင် အချိုး၊ ကျွမ်းကျင်လုပ်သား အချိုးသည် အကြမ်းအားဖြင့် ၁း၎း၁၂ ခန့်ရှိပြီး လက်ရှိမြန်မာနိုင်ငံ၏ အချိုးနှင့် ပြောင်းပြန်ဖြစ်နေကြောင်း အဆိုရှင် ဦးမျိုးမြင့်၏ အဆိုတင်သွင်းချက်အရ သိရသည်။ အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ် အပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ခြောက်ဦးက အင်ဂျင်နီယာ ပညာရေးစနစ် ပြောင်းလဲခဲ့ရာတွင် မှားယွင်းမှုများအား ဝေဖန်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အဆိုအား အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေ ၁၃၉(င)အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ၂၁ ရက်အတွင်း ပြန်လည်ဖြေရှင်း ဆွေးနွေးနိုင်သည့်အတွက် အဆိုတင်သွင်းခဲ့သည့် ရက်မပါ ၂၁ ရက် စောင့်ဆိုင်းပြီးမှ အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis