menu

Saturday 19 October 2013

အိမ်ပြန်ချိန် တကယ်နီးပြီလား

Photo: အိမ်ပြန်ချိန် တကယ်နီးပြီလား
-----------
ရေးသားသူ- အောင်ခိုင်၊ မရန်

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခန့်။ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမအတွင်း လက်ခုပ်သံများ သောသောညံနေသည်။ အစိုးရနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သဘောတူညီချက်(၇)ချက်ကို လက်မှတ်ရေးထိုးနေကြသည့်မြင်ကွင်းဖြစ်သည်။

ထိုအချိန်မှာပင် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းစစ်ဘေးဒုက္ခသည်စခန်းမှ ဦးလထော်ဘရန်ရှောင်တစ်ယောက် အလှည့်ကျတာဝန်အဖြစ် စခန်းတစ်ခုလုံးအတွက် ထမင်းချက်နေသည်။

ဦးလထော်ဘရန်ရှောင်သည် အစိုးရမှ ကေအိုင်အေတပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည့် စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့်သုံးလခန့်ကမှ သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းလည်းဖြစ်သည်။

ဦးလထော်ဘရန်ရှောင် အပါအ၀င် ကချင်စစ်ဘေးဒုက္ခသည်များ၊ ဒေသခံပြည်သူများအားလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်ကို အားကိုးတကြီးဖြင့် မျှော်လင့်လျက်ရှိသည်။ စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေရန် ဆွေးနွေးပွဲသဘောတူညီချက်များကို အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်ရန်လည်း လိုလားနေကြသည်။

“ငြိမ်းချမ်းရေးကိစ္စ အမြန်ဖြစ်မယ်ဆို ၀မ်းသာပါတယ်။ ကချင်တစ်ခုတည်းမဟုတ်ဘူး အားလုံးပျော်စေချင်တယ်။ တိုင်းရင်းသားအားလုံး မြန်မြန်ပျော်ခွင့်ရကြပါစေလို့ ဆုတောင်းချင်ပါတယ်”ဟု ဦးလထော်ဘရန်ရှောင်က ကချင်သံဝဲ၀ဲဖြင့် သူ၏ဆန္ဒကိုပြောပြသည်။

မြစ်ကြီးနားမြို့တွင် ဒုတိယအကြိမ်အဖြစ် သုံးရက်ကြာပြုလုပ်သော အစိုးရနှင့်ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နေရပ်စွန့်ခွာ ပြည်သူများ မူလနေရပ်များသို့ ပြန်နိုင်ရေးအတွက် ရှေးဦးစီမံချက်အဖြစ် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ညီလာခံကျင်းပရန်နှင့် ကေအိုင်အိုက ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန် အပါအ၀င် အချက် ၇ ချက်ကို သဘောတူညီမှုရရှိခဲ့သည်။

ကချင်အရေးစောင့်ကြည့်လေ့လာသူများနှင့် ဒေသခံပြည်သူအချို့ကမူ ယခုဆွေးနွေးပွဲသည် ယေဘုယျဆန်သည့်အချက်များကိုသာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သုံးသပ်ပြောကြားသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ရင်တော့ နှေးတယ်လို့ပြောရမယ်။ အသေးစိတ်အချက်တွေပါတာ မတွေ့ရဘူး။ ကျွန်မတို့က ပြည်သူတွေ ဒီအချက်တွေထဲမှာ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ ကြည့်ရမယ်”ဟု ကချင်လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကဆိုသည်။

သို့သော်လည်း အောက်တိုဘာဆွေးနွေးပွဲ သဘောတူညီချက်များထဲမှ အချို့အချက်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စစ်ဘေးဒုက္ခသည်များအတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်ဟုလည်း ဒေသခံပြည်သူများကြား ပြောဆိုမှုများရှိခဲ့သည်။

ယခုဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာအရပ်သို့ ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် အခြေခံရမည့်မူများ၊ စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရန် နှစ်ဖက်အလုပ်အဖွဲ့များ၊ သက်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက်ရန်နှင့် အနည်းဆုံးရွာလေးရွာကို ရှေးဦးစီမံချက်အဖြစ် ညှိနှိုင်းအကောင်အထည်ဖော်ရန် အစိုးရနှင့်ကေအိုင်အိုကြား သဘောတူမှုရရှိခဲ့သည်။

ယင်းအချက်သည် ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်နှင့် ၄င်းတို့ကို အကူအညီများပေးအပ်နေသော အသင်းအဖွဲ့များအတွက် အားတက်စရာဖြစ်စေသည်ဟုလည်း ဒေသခံအဖွဲ့အစည်းများက ဆိုကြသည်။

အောက်တိုဘာသဘောတူညီချက် ၇ ချက်တွင် ကေအိုင်အိုအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး တိုင်ပင်ခြင်းများပြုလုပ်ရန် သဘောတူသည်ဆိုသည့်အချက်လည်း ပါဝင်သည်။

ဆွေးနွေးပွဲအပြီးတွင်လည်း ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့သည် ဒေသခံအသင်းအဖွဲ့များ၊ ပြည်သူများနှင့် သီးသန့်စီ ဆက်တိုက်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

“ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေကို လွတ်လပ်စွာတင်ပြလို့ရလာတယ်။ ကေအိုင်အိုနဲ့ ဆွေးနွေးခွင့်ရလာတယ်ဆိုတာ အရမ်းအားတက်စရာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကေအိုင်အိုတောင်းဆိုချက်ကလည်း ထပ်တူပဲလေ”ဟု ဒေသခံတစ်ဦးကဆိုပါသည်။

ထို့အပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ညီလာခံတရားဝင်ကျင်းပရန် ကေအိုင်အို၏အဆိုပြုမှုကို အစိုးရက သဘောတူညီခဲ့ခြင်းသည်လည်း မြင်သာသော တိုးတက်မှုတစ်ခုဖြစ်ကြောင်း ကချင်အရေးစောင့်ကြည့်သူများက သုံးသပ်ခဲ့ကြသည်။

“ဒါ ပထမဆုံးတရားဝင်လေ။ ထူးခြားမှုတစ်ခုပေါ့”ဟု ကချင်အရေးလေ့လာသူတစ်ဦးက သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုသည်။

သို့သော်လည်း သဘောတူညီချက်များကို အစိုးရနှင့်ကေအိုင်အိုတို့အနေဖြင့် နှစ်ဖက်ညှိနှိုင်း၍ အမြန်ဆုံး အကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးရရှိစေနိုင်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်မည်ဟု ကူညီစောင့်ရှောက်ရေးပြုလုပ်နေသော အသင်းအဖွဲ့အစည်းများက တိုက်တွန်းပြောဆိုခဲ့ကြသည်။

“နှစ်ဦးနှစ်ဖက် ပေါ်လစီညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာနိုင်ရင် နေရပ်အရမ်းပြန်ချင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်မှာပါ”ဟု ၀ိုင်းမော်မြို့နယ် မိုင်းနားနှစ်ခြင်းအသင်းတော်မှ စစ်ရှောင်စခန်းတာဝန်ခံ ဦးနော်လာက သူ့အမြင်ကိုပြောကြားသည်။

ယခုဆွေးနွေးပွဲတွင် ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ လူထုဝတ်ပြုရာနေရာများ၌ ထပ်မံ၍တပ်စခန်းချခြင်း၊ နေထိုင်ခြင်း၊ မီးရှို့ခြင်းများမပြုလုပ်ရန် ဘာသာရေးဆိုင်ရာနေရာများနှင့် ငြိစွန်းနေသော တပ်နေရာများကို နှစ်ဖက်ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန်လည်း သဘောတူညီခဲ့ကြသည်။

သို့ရာတွင် စစ်ဘေးရှောင်ဒုက္ခသည်များမှာမူ ၄င်းတို့နေထိုင်ရာ ကျေးရွာများတွင် တပ်များနေရာယူထားခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် မိုင်းပြဿနာများကြောင့် နေရပ်ပြန်နိုင်ရေး အလှမ်းဝေးနေဆဲဖြစ်သည်။

ယင်းအတွက်ကြောင့်ပင် ရှေ့တန်းတပ်များပြဿနာကို ဖြေရှင်းပြီးမှသာလျှင် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နေထိုင်နေရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အောက်တိုဘာဆွေးနွေးပွဲအတွင်းတွင်လည်း ရှေ့တန်းပြဿနာ ဖြေရှင်းနိုင်ရေး၊ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးတို့ကို ညှိနှိုင်းအကောင်အထည်ဖော်သွားမည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသွားသည်။

မေလကဲ့သို့ပင် ယခုဆွေးနွေးပွဲသည် လိုချင်သလောက် ရလဒ်မကောင်းခဲ့သော်လည်း သဘောတူညီမှု(၇)ချက်ကြောင့် အောင်မြင်စွာပြီးဆုံးပြီဖြစ်သည်။ သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်၍ နေရပ်ပြန်နိုင်ရေး၊ စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိစေရေးတို့ကို စစ်ရှောင်ပြည်သူများက မျှော်လင့်နေဆဲဖြစ်သည်။

“ကေအိုင်အေမလုပ်ဘဲ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတာ စိတ်မကောင်းဘူး။ ဒါပေမဲ့ အခြေအနေအားလုံး စိတ်ချရလို့ အိမ်ပြန်လို့ရပြီဆိုရင် ကျေနပ်ပါတယ်”ဟု ဦးလထော်ဘရန်ရှောင်က သုံးနှစ်ခွဲအရွယ်ရင်သွေးငယ်ကို ငေးရင်းကဆိုပါသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis