menu

Saturday 26 October 2013

သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြသေဆုံးမှု ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံ တိုင်ကြားမည်


ရန်ကုန်၊ အောက်တိုဘာ ၂၄
ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်သော ဆင်ညီနောင် သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြ သေဆုံးမှုနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိပါက ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံ တိုင်ကြားသွားမည်ဟု အဆိုပါ အမှုကို ကိုင်တွယ် ဆောင်ရွက်လျက် ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်က အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်သည့် အမွေဆိုင် မြေကွက်များနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေး မီဒီယာများသို့ ရှင်းလင်း တင်ပြသည့် အခမ်းအနားတွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း အမှုကိစ္စနှင့် ပတ်သက်၍ ၎င်းထံ စုံစမ်းမေးမြန်းနိုင်ပြီး မထူးခြားပါက ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံ တင်ပြပေးမည်ဟု ကတိပြုထားကြောင်း သူရဦးအောင်ကို၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက နိုင်ငံသားများအပေါ် တရားဥပဒေ စိုးမိုးမှုဖြင့် ကာကွယ်ပေးနိုင်ရန် သိက္ခာသမာဓိ ပြည့်စုံသော ဥပဒေ ပညာရှင်များက ယင်းအမှုနှင့် ပတ်သက်ပြီး ပူးပေါင်း ရပ်တည်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း သက်ဆိုင်ရာ တိုင်းဌာန၊ တရားသူကြီးချုပ်က ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဆင်ညီနောင် သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြ၏ မြေးဖြစ်သူ ဦးဝင်းနိုင်က ဆိုသည်။

၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဆင်ညီနောင် သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြ သေဆုံးခဲ့ပြီး ဒေါ်စောမြ တရားဝင် စာချုပ်စာတမ်းဖြင့် မွေးစားထားသည့် မြေးဖြစ်သူကို ပိုင်ဆိုင်ခွင့် မရရှိအောင် တရားသူကြီးအချို့၊ တရားရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သေစာရင်းဌာန၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ နိုင်ငံသား စိစစ်ရေးကတ်ပြား အတု၊ အိမ်ထောင်စု စာရင်းအတု၊ သက်သေခံ အထောက်အထားအတု၊ မွေးစားစာချုပ် အတုတို့ဖြင့် မသမာသူများက ဒေါ်စောမြ ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာနှင့် တိုက်တာ အဆောက်အအုံများကို အပိုင်စီး ဝင်ရောက် နေထိုင်နေကြောင်း ဒေါ်စောမြ၏ တရားဝင် စာချုပ်စာတမ်းဖြင့် မွေးစားထားသည့် မြေးဖြစ်သူ ဦးဝင်းနိုင်က ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ၂၀၁၃ ခုနှစ် မတ်လက တိုင်ကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis