menu

Saturday 26 October 2013

ဆိုက်ကားဂိမ်း အပါအဝင် မြန်မာ့ရိုးရာ အားကစားဂိမ်းများ အခမဲ့ဖြန့်မည်

net n'teah_sygamagap_tgps

ရန်ကုန်၊ အောက်တိုဘာ ၂၅
မြန်မာနိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် အသုံးပြုနေရဆဲ ဖြစ်သည့် အနှေးယာဉ် (ဆိုက်ကား) ကို ဂိမ်းအဖြစ် တီထွင်ထားသည့် ဆိုက်ကားဆရာ ငပိန်ဂိမ်း အပါအဝင် မြန်မာ့ရိုးရာ အားကစားဂိမ်းများကို လာမည့် လမှစတင်ကာ ဆက်တိုက်အခမဲ့ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း Total Game Play Studio မှ ဒါရိုက်တာ ဦးမြင့်ကျော်သူက ပြောကြားသည်။
အဆိုပါဂိမ်းမှာ လမ်းတစ်လျှောက် အတားအဆီးများကို ရှောင်ရှားခြင်း၊ ချိုင့်များ ခုန်ကျော်ခြင်းများ ပါဝင်ကြောင်း၊ ရရှိလာသည့် အမှတ်ပေါ် မူတည်ကာ ဆိုက်ကားအသစ် ဝယ်ယူခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနစ် ဖေဖော်ဝါရီလအတွင်း စတင်ဖြန့်ချိမည် ဖြစ်ကြောင်း၊ Temple Run ဂိမ်းနှင့် ဆင်တူကြောင်းလည်း ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းကို တီထွင်ထားသည့် ရိုးရာ စစ်တုရင်ဂိမ်းကို ဒီဇင်ဘာလတွင် လည်းကောင်း၊ ဘုရင့်နောင်ဂိမ်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း အခမဲ့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းဂိမ်းများမှာ 3D ဂိမ်း အမျိုးအစားများ ဖြစ်ပြီး ဂိမ်းများကို Google play တွင် တင်ပေးထားမည် ဖြစ်ကြောင်း၊ အနယ်နယ် အရပ်ရပ်ရှိ မိုဘိုင်းလ် ဖုန်းဆိုင်များသို့လည်း ဖြန့်ချိသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။
ရေးဆွဲပြီးစီးပြီ ဖြစ်သည့် မြန်မာ့ရိုးရာ ခြင်းလုံးဂိမ်းကိုမူ အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဖြန့်ချိမည် ဖြစ်ပြီး Andriod OS စနစ်အတွက် စတင်ဖြန့်ချိမည် ဖြစ်ကြောင်း၊ iPhone နှင့် iPad များ အတွက်လည်း နိုဝင်ဘာလ အတွင်းတွင် ဖြန့်ချိမည် ဖြစ်ကြောင်း၊ မြန်မာ Version သည် အခမဲ့ ဖြစ်ပြီး နိုင်ငံတကာ အတွက်ကိုမူ ၀ ဒသမ ၉၉ ဒေါ်လာ သတ်မှတ်ထားကြောင်း ၎င်းကရှင်းပြသည်။
အဆိုပါ ဂိမ်းများကို Total Game-play Studio နှင့် Zwenexsys Intl.Ltd တို့မှ ပူးပေါင်း၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး Total Gameplay Studio မှာ ဂိမ်းအမျိုးအစား ၂၀ ကျော်ကို ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလအတွင်းက တိုကျို ဂိမ်းပွဲတော်ကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis