menu

Saturday 26 October 2013

အီရန် အမျိုးသမီးနှစ်ဦးကို သေဒဏ်ချမှတ်ခြင်း မပြုရန် မလေးရှားကို အီရန်သတိပေး


တီဟီရန်၊ အောက်တိုဘာ ၂၄

မလေးရှား အာဏာပိုင်များက အီရန် အမျိုးသမီးနှစ်ဦးကို မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်မှုဖြင့် သေဒဏ် ချမှတ်ထားပြီး ယင်းကဲ့သို့ ပြစ်ဒဏ် ချမှတ်ထားခြင်းကို ပြင်ဆင်ပေးရန် အီရန်နိုင်ငံက သတိပေး ပြောကြားလိုက်ကြောင်း Now သတင်းတွင် ဖော်ပြထားသည်။
အီရန် အမျိုးသမီးနှစ်ဦးကို သေဒဏ် စီရင်လိုက်ပါက အီရန်နှင့် မလေးရှားနိုင်ငံ ဆက်ဆံရေး ထိခိုက်လိမ့်မည်ဟု အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂတ်ဂါဗီက ပြောကြားလိုက်သည်။
သေဒဏ် စီရင်ခံရသူ နှစ်ဦး၏ အသက်ချမ်းသာခွင့် ပေးပါက နှစ်နိုင်ငံကြား ချစ်ကြည်မှုနှင့် ညီနောင်ချင်း သွေးစည်းမှု ပိုမိုခိုင်မာလာလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မလေးရှား နိုင်ငံတွင်းသို့ မက်သာအက်ဖက်တမင်း မူးယစ်ဆေးဝါးများ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မှောင်ခို တင်သွင်းမှုဖြင့် အသက် ၃၁ နှစ်အရွယ် အီရန် အမျိုးသမီး မန်ဆာနှင့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး မီဒါတို့ကို မလေးရှား တရားရုံးက သေဒဏ် အမိန့်ချမှတ်လိုက်ပြီးနောက် အီရန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမျိုးသမီးနှစ်ဦးကို မလေးရှားနိုင်ငံသို့ အလကား လည်ပတ်ခွင့် ပေးမည်ဟု မူးယစ်မှောင်ခို သမားများက ပြောကြားပြီး မူးယစ်ဆေးဝါးများ လိမ်ညာသယ်ဆောင် ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း အီရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ အလီမေယတ်ဒီက ပြောကြားသည်။

အပြန်အလှန်အားဖြင့် မက်သာအက်ဖက်တမင်း အပြည့်ပါဝင်သည့် အိတ်နှစ်လုံးကို အီရန် အမျိုးသမီးနှစ်ဦးကို သယ်ဆောင်ခိုင်းခဲ့ပြီး မူးယစ်ဆေးဝါးများ ပါဝင်ကြောင်း အသိပေး ပြောကြားခဲ့ခြင်း မရှိပေ။
အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သေဒဏ်ပေးမှုနှုန်း အမြင့်ဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၂ ခုနစ်တွင် သေဒဏ် စီရင်မှုပေါင်း ၅၀၀ ကျော် ရှိခဲ့ကာ ယခုနှစ်တွင်လည်း ယင်းအရေအတွက်ခန့် သေဒဏ် စီရင်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောကြားသည်။
ယင်းကဲ့သို့ သေဒဏ် စီရင်ရခြင်းမှာ တရားဥပဒေ စိုးမိုးစေရန် လုပ်ဆောင်ရခြင်း ဖြစ်ပြီး တရားစီရင်မှုများ ပြည့်ပြည့်စုံစုံ ပြုလုပ်ပြီးမှ သေဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း အီရန်နိုင်ငံက ပြောကြားသည်။
လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများနှင့် ပတ်သက်ပြီး အီရန်နိုင်ငံတွင် သေဒဏ်ချမှတ်လေ့ ရှိကြောင်း Now သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis