menu

Wednesday 2 October 2013

အစိုးရမင်းများ တိုင်းခန်းလှည့်လည်ကောင်းတုန်းပဲလား

Photo: အစိုးရမင်းများ တိုင်းခန်းလှည့်လည်ကောင်းတုန်းပဲလား
-----------
ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

သတင်းစာဖတ်နေသော ဂျပန်ပါမောက္ခတစ်ဦး၏ ရုတ်တရက်မေးခွန်းတစ်ခုကြောင့် ဦးနှောက်စားသွားသည်။

“မင်းတို့တိုင်းပြည်ကလူကြီးတွေ အခုလို နေရာအနှံ့ လိုက်လျှောက်သွားနေတော့ သူတို့တာဝန်ယူထားတဲ့ အလုပ်တွေကို ဘယ်အချိန်လုပ်သလဲ၊ ဘယ်လိုလုပ်ကြသလဲ” တိုကျိုမြို့တွင် ထိုမေးခွန်းအမေးခံရသူ ဦးရဲမြတ်သူမှာ အဆင်ပြေအောင်ကြည့်ဖြေခဲ့ရပြီး အမှန်အတိုင်းမဖြေဖြစ်ခဲ့ဟု ဦးရဲမြတ်သူကပြောပါသည်။

အမှန်တကယ် သူဖြေချင်သောအဖြေမှာ လျှောက်သွားကြည့်နေရတာကိုက သူတို့အလုပ်ဟု ထင်နေကြတုန်းဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာရှင်ဦးနေ၀င်း လက်ထက်မှစ၍ တပ်မတော်အစိုးရလက်ထက်ထိ ၀န်ကြီးဌာနများမှ ၀န်ကြီးများသည် တိုင်းခန်းလှည့်လည်ကာ၊ အားပေးကာ၊ ချီးမြှင့်ကာ ဟန်ရေးပြခဲ့ကြသည်။ ထိုအပြုအမူမျိုးမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရလက်ထက်တွင် အတန်ငယ်လျော့နည်းလာသော်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုများရှိနေသေးသည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။  အချို့သော လုပ်ငန်းရှင်ကြီးများမှာလည်း နိုင်ငံတော်အကြီးအကဲများနှင့် ၀န်ကြီးများခရီးစဉ်တွင်လိုက်ပါ၍ အလှူငွေများပေးအပ်သည့် အလေ့အထများ ယခုအချိန်အထိ ရှိနေသေးသည်။

မဆလခေတ်တွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးနေ၀င်း သဘောကျစေရန် ကျန်အရာရှိများကလုပ်ပြရာမှ အဆိုပါစနစ်သည် ခေတ်စားလာခဲ့သည်။ ထို့နောက် တပ်မတော်အစိုးရလက်ထက်တွင် သတင်းစာထဲပါရန် ၀န်ကြီးများမှာ အောက်ခြေထိဆင်းလုပ်လာကြသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်ထွဋ်ဦးကဆိုသည်။

“ကိုယ့်ဝန်ကြီးကလာလို့ အတွင်းရေးမှူး(၁)ကလာလို့ ၊ အတွင်းရေးမှူး (၂)ကလာလို့ တိုင်းမှူးကလာလို့ သွားနေတာ လိုက်နေရတာနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အချိန်မရှိတော့ဘူး”ဟု ဦးတင်ထွဋ်ဦးက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။

ထို့အပြင် တိုင်းမှူးခရီးစဉ်လိုက်နေသဖြင့် ၀န်ကြီးခရီးစဉ်တွင် မလိုက်နိုင်သည့်အခါ သက်ဆိုင်ရာဝန်ကြီး၏ ငြိုငြင်မှုများကို ခံခဲ့ရသူများလည်းရှိကြောင်း တပ်မတော်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ အရာရှိဟောင်းတစ်ဦးကပြောသည်။

နိုင်ငံတော်အကြီးအကဲများနှင့် ၀န်ကြီးခရီးစဉ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသအာဏာပိုင်များ၊ ပြည်သူများ အလုပ်ပျက်ရလေ့ရှိသော်လည်း ထိုခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ပေးသော လုပ်ငန်းရှင်များမှာ အကျိုးအမြတ်များစွာရရှိကြသည်။

“အရင်တုန်းကတော့ တင်ဒါမရှိတော့ ဒီလိုနည်းနဲ့ချည်းကပ်ကျတယ်။ အခုခေတ်မှာ တင်ဒါရှိလာတော့လည်း သတင်းရအောင်၊ နောက်နိုင်ငံခြားကလာတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးအောင်ကပ်ကြတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပွင့်ပွင့်လင်းလင်းပြောသည်။

ဝန်ကြီးများအနေဖြင့် စီမံကိန်းလုပ်ငန်းများရှိ၍ သွားရောက်ကြည့်ရှုရာတွင် လိုက်ပါသွားသော လုပ်ငန်းရှင်အချို့မှာ စီမံကိန်းနှင့်ပတ်သက်၍ တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် လုပ်ငန်းပင်ဖြစ်စေကာမူ သတင်းအချက်အလက် ကြိုတင်သိရှိနိုင်သဖြင့် အဆိုပါလုပ်ငန်းရှင်များသည် အခြားသောလုပ်ငန်းရှင်များထက် အခွင့်အရေးပိုမိုရရှိကြသည်။ 

ထိုကဲ့သို့ လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကလည်း “ဖားတဲ့သဘောမျိုး လုပ်တာရှိသလို ဒါလည်းလာဘ်ပေးတဲ့ ပုံစံတစ်မျိုးပါပဲ”ဟု မှတ်ချက်ပေးသည်။

ထိုကဲ့သို့ လုပ်ဆောင်ရခြင်းတွင် ပြည်တွင်းခရီးစဉ်သာမက ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ နိုင်ငံခြားသွားပါက လေယာဉ်လက်မှတ်၊ ဟိုတယ်နှင့် အသုံးစရိတ်များ၊ အထွေထွေအသုံးစရိတ်များ စီစဉ်ပေးရသည်များရှိသလို လက်တိုလက်တောင်းခိုင်းရန်အတွက် တပည့်များထည့်ပေးသည်များရှိသည်။ 

ဝန်ကြီးများအနေဖြင့် နိုင်ငံခြားသို့ သွားရောက်သည့်အခါ မိမိတို့နှင့်လိုက်ပါလာသော ပြည်တွင်းလုပ်ငန်းရှင်များအား ပြည်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးသဖြင့် လုပ်ငန်းအကျိုးတူလုပ်ခွင့်များ ရရှိလာကြသည်။

အထူးသဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများ အထူးစိတ်ဝင်စားလာသဖြင့် ထိုကဲ့သို့ ချိတ်ဆက်ပေးမှုများရှိလာကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် လူကြီးများခရီးစဉ်တွင် အဆိုပါဒေသအတွက် အကျိုးရှိ၊ မရှိ မသေချာသော်လည်း ဒေသအာဏာပိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များအတွက် အလုပ်ရှုပ်ပြီး ကုန်ကျစရိတ်များလေ့ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အချို့၏ ခရီးစဉ်များမှာပင် ဒေသခံအာဏာပိုင်နှင့် ပြည်သူများ အလုပ်အလွန်များရလေ့ရှိပြီး၊ ၀န်ကြီးချုပ်တစ်ဦးဆိုလျှင် သွားသည့်ခရီးစဉ်တိုင်း၌ ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးကို အမြဲခေါ်သွားလေ့ရှိသည့်အတွက် ထိုဆရာဝန်မှာ လူကြီးများကြားတွင် မျက်နှာရသော်လည်း ဆေးရုံတွင် ဆေးကုရလေ့မရှိသော အဖြစ်မျိုးလည်းရှိကြောင်း ထိုဒေသမှ ဆရာဝန်အချို့နှင့် ပြည်သူများကပြောသည်။

သို့သော် တစ်ခါတရံလူကြီးများရှေ့တွင် မျက်နှာရအောင် လုပ်ချင်သော ဒေသအာဏာပိုင်နှင့် ၀န်ထမ်းအချို့ကြောင့် ခရီးစဉ်ရည်ရွယ်ချက် ပျက်ရသည်များလည်းရှိသည်။

ဝန်ကြီးများအနေဖြင့် နယ်သို့ဆင်းရာတွင် ဌာနလက်ကိုင်ရှိသော ၀န်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာဌာနက အကုန်အကျခံပြီး ဌာနလက်ကိုင်မရှိသော ၀န်ကြီးများအတွက်မူ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူရသည်ဟု ပခုက္ကူကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စီးကူးဝန်ကြီးလာတုန်း ကျွေးမွေးစရိတ်အတွက် နှစ်သိန်း၊ လက်ဆောင်ပစ္စည်းဝယ်ဖို့အတွက် တစ်သိန်းခွဲကို ကုန်စည်ဒိုင်ကကျခံရတယ်။ ပခုက္ကူမှာ လိုအပ်တာလုပ်ဖို့အတွက် ကုမ္ပဏီတွေက ၀န်ကြီးကို သိန်း ၃၀ စုပေးရတယ်။ အဲဒီ သိန်း ၃၀ နဲ့ သူ့အိတ်ထဲက သုံးသိန်းစိုက်ပြီး ပခုက္ကူမှာ လိုအပ်တဲ့နေရာတွေမှာ ပြန်လှူသွားတယ်”ဟု အဆိုပါကုန်စည်ဒိုင်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယခုကုန်ကျစရိတ်မှာ စစ်အစိုးရလက်ထက် အစိုးရတာဝန်ရှိသူများ လာရောက်သည့် ခရီးစဉ်ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးပြီး ယခင်ကဆိုလျှင် ကားကိုပင် ဆီထည့်ပေးရကြောင်း အဆိုပါအဆင့်မြင့်အရာရှိကြီးကဆိုသည်။  

သို့သော် မကြာသေးမီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ပခုက္ကူသို့လာရောက်ရာတွင် ယခင်ကကဲ့သို့ ကြိုဆိုမှုများပင် မလုပ်ရတော့ကြောင်း ပခုက္ကူမြို့ခံ ဦးဇင်မင်းထွန်းကပြောသည်။

“ နဂိုတုန်းက Big 5 (ဦးသန်းရွှေ၊ ဦးမောင်အေး၊ သူရဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦး)တို့လာရင် ဆေးသုတ်တာကအစ အကုန်လုပ်ရတယ်။ အခုတော့ Top 3 (သမ္မတနဲ့ ဒုသမ္မတနှစ်ဦး) လာမှပဲ လုပ်ကြတော့တာ တွေ့ရတယ်”ဟု ဦးဇင်းမင်းထွန်းကဆိုသည်။  

လူကြီးခရီးစဉ်အတွက် လမ်းပြင်ခြင်း၊ လမ်းလယ်ကျွန်းဆေးသုတ်ခြင်း၊ အမြင်ကောင်းစေရန် ခါတော်မီပြုပြင်ရခြင်းများကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် သွားရောက်သည်ဆိုပါက ဒေသ၏အခြေအနေမှန်ကိုပင် သိရန်ခက်ခဲပါသည်။

အစိုးရသစ်လက်ထက်တွင် ၀န်ကြီးရုံးအသုံးစရိတ်နှင့် ဌာနဆိုင်ရာသို့ လာရောက်စစ်ဆေးသော ဧည့်သည်များအတွက် အသုံးစရိတ်အဖြစ် လွှတ်တော်ကချပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

နိုင်ငံတကာအစိုးရများတွင်မူ ၀န်ကြီးအဆင့် ခရီးသွားလာကုန်ကျစရိတ်ကို လုံလောက်သည့် ဘတ်ဂျက်သီးသန့်ချထားပေးသဖြင့် ဒေသခံလုပ်ငန်းရှင်များထံမှ ငွေကြေးအပါအ၀င် အခြားသောအကူအညီများ ရယူလေ့မရှိကြောင်း နိုင်ငံရေးလေ့လာသူ သုတေသီတစ်ဦးကပြောကြားသည်။ 

အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူ အစိုးရအဖွဲ့မှ အကြီးအကဲများအနေဖြင့် အောက်ခြေသို့ မကြာခဏသွားရောက်ခြင်းများမရှိဘဲ အရေးပေါ်အခြေအနေမျိုးတွင်သာ ရောက်လေ့ရှိသည်ဟု နေးရှင်းသတင်းစာအယ်ဒီတာ မစ္စအိန်းကပြောသည်။

မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သော အခြေအနေမျိုးမဟုတ်ဘဲ မကြာခဏသွားရောက်သည်ဟု ၀န်ကြီးများရှိသလို လုံးဝမသွားသည့် ၀န်ကြီးများရှိသည်ဟု လွှတ်တော်အမတ်တစ်ဦးကပြောသည်။ 

“တို့က အခုအောက်ကျေးလက်ကိုသွားတာက အရင်တုန်းကလို မဟုတ်တော့ဘူး။ အရင်တုန်းကသွားတယ်။ ကိုယ်ပြောချင်တာပြောပြီး ပြန်လာတာ အခုကတော့ အဲဒီလိုမဟုတ်ဘူး။ သူတို့ပြောတာလည်း နားထောင်တယ်။ အပြန်အလှန်လည်း ဆွေးနွေးတယ်”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကပြောသည်။

မွေးရေကျေးလက်ဝန်ကြီးအနေဖြင့် ကျေးလက်ဒေသများတွင် မီးလင်းရေးနှင့် ရေရရှိရေးအတွက် လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေသည့်ကာလတွင် အောက်ခြေသို့ သုံးရက်ဆင်း၍ကြည့်ရှုပြီး ကျန်သုံးရက်ကိုမူ ရုံးထိုင်၍ ရုံးလုပ်ငန်းများ လုပ်ဆောင်ကြောင်း ၀န်ကြီးကဆက်လက်ပြောသည်။

“စပါးအထွက်တိုးရေး စီမံကိန်းမှာ ကောက်ပင်ဘယ်နှပင်ရှိလဲ သွားရောက်စစ်ဆေးတာမျိုးတော့ ရှောင်သင့်တာပေါ့။ နိုင်ငံတော်အဆင့်စီမံကိန်းတွေမှာဆိုရင်တော့ သွားကြည့်သင့်တယ်။ ဥပမာ ဆည်ကြီးတွေ ဆောက်တာမျိုးဆိုရင်ပေါ့”ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးကပြောသည်။

ထို့အပြင် ၀န်ကြီးဌာနများတွင်လည်း အဆင့်ဆင့်အလိုက် တာဝန်ပေးမှု၊ တာဝန်ခံမှုများရှိရန် ဆောင်ရွက်ပေးဖို့လိုကြောင်း ဦးတင်ထွဋ်ဦးက အကြံပြုပြောကြားသည်။

“လုံးဝမသွားဘဲနေတာလည်း မကောင်းဘူး။ သူဌေးတွေခေါ်ပြီး အုပ်စုလိုက်သွားတာလည်း မကောင်းဘူး။ အစွန်းနှစ်ဖက်လွတ်ဖို့တော့ လိုတယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကပြောသည်။

သို့သော် သတင်းကောင်းမှာ ယခုအစိုးရလက်ထက်တွင် ဗဟိုချုပ်ကိုင်မှုနှင့် ဟန်ရေးပြတိုင်းခန်းလှည့်လည်ခြင်းများ လျှော့ချရန် အစိုးရက ပိုမိုကြိုးပမ်းလာသည်ကို တွေ့ရသည်။

သမ္မတဦးသိန်းစိန်က သြဂုတ် ၉ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများကို ပြောကြားသည့်မိန့်ခွန်းတွင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး အဆင့်ဆင့်တာဝန်ယူမှုဖြင့် လုပ်ကိုင်ရန် အထူးအလေးပေး ပြောခဲ့သည်ကိုလည်း တွေ့ရသည်။

လက်ကျန်အစိုးရသက်တမ်းတွင် အပြောင်းအလဲများကို ပြည်သူများပိုမိုခံစားနိုင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဒုဝန်ကြီး ၂၃ ဦးကို အထူးတာဝန်ပေးထားသည်ကိုလည်း တွေ့ရသည်။

သို့သော် စနစ်ဟောင်းမှ အတွေးအခေါ်ဟောင်းများရှိနေသော ၀န်ကြီးအချို့၊ ၀န်ထမ်းများ၊ ဒေသအာဏာပိုင်များကြောင့် မရောင်ရာဆီလူးသော၊ မလိုအပ်ဘဲ တိုင်းခန်းလှည့်လည်၊ ကြည့်ရှုအားပေး၊ ဖဲကြိုးလိုက်ဖြတ်မည့်ခရီးစဉ်များ လုပ်ရပ်များကလည်း ရှိနေသေးသည်။

“စနစ်သစ်ကို ပြောင်းနေတဲ့အချိန်မှာ လူတိုင်းက အသစ်တွေကိုသိဖို့လိုတယ်။ အရင်က အဟောင်းတွေကို လက်ကိုင်မထားသင့်ဘူး”ဟု စီမံရေးကျွမ်းကျင်သူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း)ဒေါ်ရီရီမြင့်ကပြောသည်။ 

အပေါ်ပိုင်းတွင်ပြုလုပ်နေသော ပြောင်းလဲမှုအခြေအနေမှန်များအား အောက်ခြေသို့သိရှိရန် ဆောင်ရွက်ရသကဲ့သို့ အောက်ခြေကအခြေအနေမှန်ကို အပေါ်ပိုင်းက သိရှိအောင် ဆောင်ရွက်ရမှုများတွင် အကုန်အကျများသော တိုင်းခန်းလှည့်လည်မှုမျိုး မဖြစ်စေလိုကြောင်း ဒေါ်ရီရီမြင့်ကအကြံပြုသည်။            ။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis