menu

Wednesday 2 October 2013

ချမ်းမြသာစည်တွင် လူငယ်များ အုပ်စုဖွဲ့ရမ်းကားမှု ဆက်တိုက်ဖြစ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ အုပ်စုဖွဲ့ပြီး ရမ်းကားမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်က  လူငယ်တစ်စုက ဆိုင်ကယ်စီးလာသူများကို အကြောင်းမဲ့ရန်ရှာပြီး ဆိုင်ကယ်ကို  ရိုက်နှက်ဖျက်ဆီးသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်ကလည်း အဆိုပါမြို့နယ်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင်  လူငယ်တစ်စုက ရမ်းကားကာ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
စက်တင်ဘာလ ၂၇ ရက် ည ၁၁ နာရီက အမျိုးသမီးတစ်ဦးသည် အိမ်ပြန်မလာသည့်ခင်ပွန်းသည်ကို အစ်ကိုဝမ်းကွဲဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်လံရှာဖွေစဉ် လူငယ်တစ်ဦးက လမ်းပေါ်တက်ကာ ဆိုင်ကယ်ကို တားဆီးခဲ့သည်။ ဆိုင်ကယ် လမ်းပေါ်သို့လဲကျသွားစဉ် နောက်ထပ်လူငယ်သုံးဦးရောက်ရှိလာပြီး ရန်ပြုရန် ဟန်ပြင်နေသဖြင့် အဆိုပါအမျိုးသမီးနှင့် အမျိုးသားနှစ်ဦးစလုံးမှာ လွတ်ရာသို့ ပြေးထွက်ခဲ့ရသည်။
အမျိုးသမီးမှာ ပြေးလွှားပြီး ကိုက် ၃၀ အကွာအရောက်တွင်  ဆိုင်ကယ်ရှိရာဘက်သို့ ပြန်ကြည့်ရာ လူငယ်များက ဆိုင်ကယ်ကို  ၀ိုင်းဝန်းဖျက်ဆီးပြီး ပြန်လည်ထွက်ခွာသွားသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ပြုခံခဲ့ရသူ အမျိုးသမီးက အဆိုပါလူငယ်အုပ်စုအား အရေးယူပေးရန် ချမ်းမြသာစည်မြို့နယ် နယ်မြေရဲစခန်းတွင်  အမှုဖွင့်တိုင်ကြားထားကြောင်း  တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြသည်။

စက်တင်ဘာ  ၃၀  ရက်ကလည်း အဆိုပါမြို့နယ်၊ မြို့သစ် ၄ ရပ်ကွက်၊ လမ်း ၆၀ ၊ သော်ကလမ်းထောင့်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် လူငယ် ၁၂ ဦးသည် ဆိုင်ပိတ်ချိန်တိုင်အောင် မပြန်သေးဘဲ ဘီယာထပ်မံမှာယူခဲ့သောကြောင့် ဆိုင်တာဝန်ရှိသူက ထပ်မံမရောင်းဟု ပြောဆိုခဲ့ခြင်းကို မကျေနပ်၍ ၎င်းတို့စားသောက်ထားသည့် စားပွဲပေါ်ရှိ ပန်းကန်ခွက်များကို ဖျက်ဆီးခဲ့သည်။ ဆိုင်ရှင်လင်မယားနှစ်ဦးလုံးက ဖျက်ဆီးမှုများမလုပ်ရန် တောင်းပန်သော်လည်း လူငယ်တစ်ဦးက ဆိုင်ရှင်အမျိုးသမီးကို တုတ်ဖြင့်ရိုက်သောကြောင့် လက်ကောက်ဝတ်တွင် ဒဏ်ရာရခဲ့ကြောင်း ခိုက်ရန်ဖြစ်ပွားသည့်ဖြစ်စဉ် ကြီးထွားလာမည်စိုး၍ ဆိုင်ရှင်များက ဆိုင်တံခါးကို ခဏအတွင်းပိတ်ခဲ့သော်လည်း လူငယ်များမှာ ချက်ချင်းမပြန်သွားဘဲ ဆိုင်အပြင်ရှိ မှန်ကောင်တာကို ရိုက်ခွဲခြင်း၊ မှန်ပြတင်းပေါက်များကို  ရိုက်ခွဲခြင်း၊ ဆိုင်အား လမ်းခင်းကျောက်များဖြင့်ပေါက်ခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဆိုင်ရှင်အမျိုးသမီးဖြစ်သူက ချမ်းမြသာစည်မြို့နယ်    နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း တိုင်းရဲရုံးမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis