menu

Wednesday 2 October 2013

အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

Photo: အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

ဝါရှင်တန်၊ နိုဝင်ဘာ ၁

အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှုများ အင်္ဂါနေ့မှစ၍ ယာယီရပ်ဆိုင်း သွားပြီဖြစ်ပြီး ယင်းကဲ့သို့ ရပ်ဆိုင်းမှုသည် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကာ ဝန်ထမ်းပေါင်း တစ်သန်းခန့် လစာမရဘဲ ခွင့်ဖြင့် နေထိုင်ရမည်ဖြစ်ပြီး အမျိုးသား ပန်းခြံများနှင့် ဆေးဝါးသုတေသန လုပ်ငန်း များ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးရာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေကို လွှတ်တော်အမတ်များ က ရှင်းလင်းနိုင်မှု မရှိခြင်းကြောင့် ဗဟိုအစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး အခြေခံလုပ်ငန်း များကိုပင် ထမ်းဆောင်နိုင်ခြင်း မရှိသည့် အမေရိကန်လွှတ်တော် အပေါ် ပြည်သူများ၏ မေးခွန်းထုတ်မှုများ ပေါ်ပေါက်နေသည်။

သမ္မတအိုဘားမား အကောင်အထည် ဖော်လိုသော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရွှေ့ဆိုင်းပေးခြင်း၊ ပမာဏ လျှော့ချပေးခြင်းများ ပြုလုပ်ပေးပါက အစိုးရအဖွဲ့ကို ယာယီရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟု ရီပတ်ဘလစ်ကန် ပါတီဝင်များ ကြီးစိုးထားသည့် အောက်လွှတ်တော်က အဆိုပြုခဲ့သော်လည်း ဒီမိုကရက်တစ် ပါတီဝင် အများစုရှိနေသော အထက်လွှတ်တော် က ဆက်တိုက် ပယ်ချခဲ့သည်။

မည်သည့်ကန့်သတ်ချက်မျှ မထားဘဲ အစိုးရအဖွဲ့ အသုံးစရိတ်ကို နိုဝင်ဘာ ၁၅ ရက် နေ့ထိ ခွင့်ပြုပေးရမည်ဟု အထက်လွှတ်တော် က အခိုင်အမာ တောင်းဆိုခဲ့သော်လည်း အောက်လွှတ်တော်က အတည်မပြုခဲ့ချေ။

အစိုးရအဖွဲ့ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားပြီးနောက် လွှတ်တော်အတွင်း ရှိ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များက အပြန်အလှန် ဝေဖန် ပြစ်တင်နေကြပြီး ပြည်သူများ၏ ဒဏ်ခတ် ခံရမှုကို ရှောင်ဖယ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
ငွေကြေးရန်ပုံငွေ ဥပဒေတစ်ရပ်ကို လွှတ်တော်တွင်း အတည်ပြုနိုင်ပါက အစိုးရ အဖွဲ့ လုပ်ငန်းရပ်ဆိုင်းမှု များမှာ ရက်သတ္တ တစ်ပတ်နှင့်ချီ ကြာမြင့်မည်မဟုတ်ဘဲ ရက်
အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သော် လည်း ပါတီနှစ်ရပ်ကြား သဘောတူညီချက် ရရှိနိုင်မည့် မဟာဗျူဟာများ ပေါ်ထွက်လာခြင်း မရှိသေးပေ။

သုံးနှစ်တာ ကြာမြင့်နေပြီဖြစ်သော အကွဲကွဲအပြားပြား ဖြစ်နေသည့် အစိုးရအဖွဲ့၊ နိုင်ငံရေးရာ တစ်ယူသန် ညှိနှိုင်းမရမှု များနှင့် သမ္မတအိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဦးတည်တိုက်ခိုက် နေသော တီးပါတီ (Tea Party) ဝင် ကွန်ဆာ ဗေးတစ်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အသုံးစရိတ်ကို လျှော့ချလိုသည့် ၄င်းတို့၏ ရည်မှန်းချက်များ စုပြုံလာခြင်း ကြောင့်
အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ပွားခြင်းမှာ အောက်လွှတ်တော်တွင်းရှိ တီးပါတီ အမတ်များ၊
ရီပတ်ဘလစ်ကန် အမတ်များကြောင့်ဟု သမ္မတအိုဘားမားက စွပ်စွဲလိုက်ပြီး စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အပေါ် ခြိမ်းခြောက်နေကြောင်း သတိပေး လိုက်သည်။

အစိုးရရုံးအဖွဲ့များစွာ ပိတ်သိမ်းထားမည်ဖြစ်ပြီး အမျိုးသားဥယျာဉ် ပန်းခြံများ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း အရေးကြီး လုပ်ငန်းများဖြစ်သည့် အမျိုးသားလုံခြုံရေး၊ ပြည်သူ့ဘေး အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆက်လက် လည်ပတ်နေမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် လွှတ်တော်အတွင်း နိုင်ငံရေးရာ ပုံမှန်အလုပ်မလုပ်နိုင်မှု ကြောင့် ပြည်သူများကြား စိုးရိမ်စိတ်များ ကြီးမားလာပြီး လက်ရှိအခြေအနေထက် ပိုမိုအရေး ကြီးသည့် နိုဝင်ဘာလလယ်တွင် ဆုံးဖြတ်ရမည့် အစိုးရအဖွဲ့ ငွေချေးငှားနိုင်သည့် ပမာဏဒေါ်လာ ၁၆ ဒသမ ၇ ထရီလီယံ
(၁ ထရီလီယံ = သန်းပေါင်းတစ်သန်း) တွင် ကန့်သတ်ထားသည်ကို မြှင့်တင်ပေးနိုင်ခြင်း ရှိ မရှိ အများက သံသယဝင်လာကြသည်။

ယင်းကန့်သတ်ချက် ဒေါ်လာ ၁၆ ဒသမ ၇ ထရီလီယံ ပမာဏကို မြှင့်တင်မပေး နိုင်ပါက အမေရိကန်အစိုးရ အဖွဲ့ ပြန်လည် ပေးဆောင်ရန်ရှိသည့် ချေးငွေများ၊ အတိုး များကို ပေးဆပ်နိုင်မည် မဟုတ်တော့ဘဲ ပြည်တွင်းစီးပွားရေး တွင် သာမက ကမ္ဘာလုံးချီ စီးပွားရေးတွင် ထိခိုက်နာကျင်ရမှုများ ပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ပုံမုန်ဈေး သာရှိနေပြီး S&P စတော့နှုန်းမှာ ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်သွားကာ အာရှ ဈေးကွက်တွင်း ကုန်သွယ်မှု များမှာလည်း အင်္ဂါနေ့ထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုအစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခြင်းမှာ ၁၉၉၆ ခုနှစ်၌ နောက်ဆုံး ဖြစ်ပွားခဲ့ပြီး ၂၁ ရက်တာ ကြာမြင့်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံထိ ရှိခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis