menu

Monday 30 September 2013

NLD နှင့် ပူးတွဲကြေညာချက်မှာ နည်းလမ်းတစ်ခုသာဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမည်ဟု တိုင်းရင်းသားများဆို

Photo: NLD နှင့် ပူးတွဲကြေညာချက်မှာ နည်းလမ်းတစ်ခုသာဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမည်ဟု တိုင်းရင်းသားများဆို

စက်တင်ဘာ ၂၈ ရက်က NLD နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်မှာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး နည်းလမ်းတစ်ခုသာဖြစ်ပြီး ၎င်းတို့လိုချင်သည့် အတိုင်းအတာအထိ ပြင်ဆင်နိုင်ရန်မှာ နည်းလမ်းပေါင်းစုံ အသုံးပြုသွားရန် ဖြစ်သည်ဟု တိုင်းရင်းသားများဘက်က ပြောကြားသည်။

အဆိုပါနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပတ်သက်၍ တိုင်းရင်းသားများ၏ သဘောထား ပါဝင်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် တိုင်းရင်းသားများကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲခြင်းကို မည်သည့်အရာကိုမျှ ဇောင်းပေးလုပ်ဆောင် သွားမည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒသဘောထား အသံကို နားထောင်ပြီးမှသာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"NLD က လွှတ်တော်တင်တယ်။ ဘယ်လောက် ပြင်နိုင်မလဲ။ ဘာတွေ ပြင်နိုင်လဲ။ မပြင်နိုင်တာတွေ ဘာတွေရှိမလဲ။ နည်းလမ်းနှစ်သွယ်နဲ့ ဆောင်ရွက်တာပါ။ ကျွန်တော်တို့ကလည်း UNFC နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ပေါင်းပြီး ရေးဆွဲထားတဲ့ မူကြမ်းကို ချပြမယ်။ အထူးသဖြင့် အစိုးရပြောတဲ့ ညီလာခံမှာ ချပြမယ်။ အဲ့ဒါကိုလည်း အသုံးချပြီးတော့ ပြင်တဲ့နေရာမှာဖြစ်ဖြစ် ပြန်ရေးဆွဲတဲ့ နေရာမှာဖြစ်ဖြစ် အသုံးပြုနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းမယ်ဆိုပြီးတော့ ဘယ်လောက်ထိ ပြင်နိုင်မယ် ဘယ်လောက်ထိ မပြင်နိုင်ဘူး။ ကျွန်တော်တို့ ရေးဆွဲနေတဲ့ မူကြမ်းကလည်း လိုအပ်တဲ့နေရာမှာ ညီလာခံ ဖြစ်လာရင် တင်ပြဖို့အတွက် ရေးဆွဲနေတာ ဖြစ်ပါတယ်။ နည်းလမ်းအသွယ်သွယ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်" ဟု ဦးအေးသာအောင်က ဆိုသည်။

NLD အနေဖြင့် မူလက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘောထား ကြေညာချက် သီးသန့်ထုတ်ပြန်ရန် ဖြစ်သော်လည်း နောက်ပိုင်းတွင် အစီအစဉ်ပြောင်းကာ တိုင်းရင်းသားများ၏ သဘောထား ရယူပြီးမှသာ ပြင်ဆင်ချက်များ ပြုလုပ်ပြီး စက်တင်ဘာ ၂၈ ရက် ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ အပါအ၀င် တိုင်းရင်းသားနိုင်ငံရေး အင်အားစု အများအပြား တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား ထုတ်ပြန်ခဲ့ရာ၌ ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်)အသစ်ပြန်လည် ရေးဆွဲရေးဆိုသည့် အချက်ကို ထည့်သွင်းခဲ့သည်။

ယင်းအချက်တွင် ပြင်ဆင်ရေး ဆိုသည်မှာ အဖျားအနား ပြင်ဆင်ရေး၊ အပေါ်ယံ ပြင်ဆင်ရေးများကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ လူထုကျေနပ် လက်ခံနိုင်လောက်သည်အထိ ပြင်ဆင်ရေးအထိ ဆိုလိုခြင်းဖြစ်ပြီး အနှစ်သာရအားဖြင့်မူ အသစ်ရေးဆွဲရေးကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးဟူသော မူနှင့်ရေးထားသည့် အချက်အားလုံးကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်းနှင့် လွှတ်တော်တွင်း ပြင်ဆင်ရေးထက် လွှတ်တော်ပြင်ပ ညီလာခံ ပြင်ဆင်ရေးကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ပြောကြားထားသည်။

တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)ကလည်း ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲနေကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis