menu

Monday 30 September 2013

သံတွဲတွင် နေအိမ်တစ်လုံး မီးရှို့ခံရ


ရန်ကုန်၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဗုဒ္ဓဘာသာ သာသနာ့အလံကို ဘင်္ဂါလီတစ်ဦးက ဖျက်ဆီးခဲ့မှု ဂယက်ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘင်္ဂါလီများ ပိုင်ဆိုင်သည့် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရကြောင်း သံတွဲမြို့ခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

သာသနာ့အလံကို ဖျက်ဆီးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်လိုက်သဖြင့် ဒေသခံများက မကျေမနပ်ဖြစ်ကာ မီးရှို့မှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
“သာသနာ့အလံကို ဖျက်ဆီးလို့ ဖမ်းထားတဲ့သူကို ပြန်လွှတ်လိုက်တော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။


သံတွဲမြို့ ရပ်ကွက် ၃ ရှိ ဂန္ဓာမာလမ်းနှင့် တာဝတိံသာ လမ်းထောင့်ရှိ ဘင်္ဂါလီများ နေထိုင်သည့် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရခြင်း ဖြစ်သည်ဟု ရခိုင်ဒေသခံများက ပြောဆိုသော်လည်း ဘင်္ဂါလီများကမှု အိမ်ကြီးတစ်လုံး၊ အိမ်သေးတစ်လုံးနှင့် ဗလီတစ်လုံး မီးရှို့ခံခဲ့ရကြောင်း ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ စက်တင်ဘာ ၂၉ ရက်နေ့ည ၉ နာရီ မိနစ်၄၀အထိ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

သံတွဲမြို့တွင်းတွင် လုံခြုံရေးများ ချထားသဖြင့် မြို့တွင်းဝင်ခွင့် မရရှိကြောင်း သံတွဲမြို့သစ်ရပ်တွင် နေထိုင်သူ ဦးသိန်းဇံက ပြောကြားသည်။

စက်တင်ဘာ ၂၈ရက်နေ့က သံတွဲမြို့ မြို့တော်ခန်းမအနီးရှိ ငပလီ အထွေထွေပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင် ဘင်္ဂါလီက ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသဖြင့် အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့် ဝိုင်းအုံမှု ဖြစ်ပွားခဲ့ပြီးနောက် သာသနာ့အလံ ဖျက်ဆီးသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရပြီး ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis