menu

Wednesday 4 September 2013

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် ဂျပန်နိုင်ငံမှ ၀ယ်ယူထားသည့် ရထားဖြင့် ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထား ပြေးဆွဲမည်

Z-4-9
ဂျပန်နိုင်ငံမှ ၀ယ်ယူထားသည့် ရထားကို ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထားအား စက်တင်ဘာ ၇ ရက်မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါ ရထားမှာ ဂျပန်နိုင်ငံတွင် နှစ် ၃၀ ကြာ အသုံးပြုထားပြီးဖြစ်သော ရထားအား ပြန်လည်ဝယ်ယူ၍ ပြေးဆွဲခြင်းဖြစ်သည်ဟု မြန်မာ့မီးရထားမှ အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန် ရထားကို အပတ်စဉ် စနေ့နေ့တိုင်း ရန်ကုန်မှ ကျိုက်ထိုသို့ ပြေးဆွဲပေးမည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျိုက်ထိုမှ ရန်ကုန်သို့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ လက်မှတ်ခ အနေဖြင့် ရန်ကုန်မှ ကျိုက်ထိုသို့ ကျပ် ၃၅၀၀ ဖြစ်ပြီး နိုင်ငံခြားသား ဆိုပါက အမေရိကန် ၁၀ ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားကို ကျိုက်ထီးရိုး ဘုရားဖူး သွားရောက်လိုသူများအတွက် ရည်ရွယ်ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ကြား၌ဘူတာသုံးခုတွင် ရပ်သွားမည်ဖြစ်ပြီး ပဲခူး၊ ဝေါနှင့် သိမ်ဇရပ် ဘူတာတို့ဖြစ်ကြောင်း၊ ရထားပေါ်တွင် Air Con စနစ် ပါဝင်မည်ဖြစ်ပြီး ခရီးစဉ်ကြာချိန်မှာ ၄ နာရီခွဲခန့်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ ကျိုက်ထီးရိုးဘုရားဖူး သွားချင်တဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေအတွက် ရည်ရွယ်ပြေးဆွဲတာ ဖြစ်ပါတယ်။ ဒီစရီးစဉ် ပြီးဆုံးတဲ့ ကျိုက်ထိုကနေ ကျိုက်ထီးရိုးဘုရားတောင်ခြေ ကင်ပွန်းစခန်းအထိ ကားနဲ့သွားလို့ ရအောင်လည်း ကျိုက်ထိုမော်တော်ယာဉ်အသင်းနဲ့ ချိတ်ဆက်ဆောင်ရွက် ထားပါတယ်။ ကားခကိုတော့ ခရီးသည်က မိမိအစီအစဉ်နဲ့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ရထားပေါ်မှာ ၀န်ဆောင်မှု အပိုင်းတွေကို ကောင်းမွန်အောင် လုပ်ပေးပါမယ်။ Air Con ပါဝင်မှာဖြစ်ပြီး Air Con ကို အစပိုင်းတင် လုပ်ပေးတာမဟုတ်ဘဲ ခရီးစဉ်ပြေးဆွဲနေသရွေ့ ထားရှိပေးမှာ ဖြစ်ပါတယ်" ဟု မြန်မာ့မီးရထားမှ အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။
အဆိုပါ ရထားတွင် တွဲဆိုင်းငါးဆိုင်း ပါဝင်ပြီး ခရီးသည် ၃၃၂ ဦး စီးနင်းအသုံးပြုနိုင်ကြောင်း၊ တွဲဆိုင်းအားလုံးမှာ အထက်တန်း ထိုင်ခုံများဖြစ်ကြောင်း၊ ရထားမှာ ဂျပန်နိုင်ငံမှ ပြန်လည်ဝယ်ယူထားသည့် RBE P 50.29(1 Cab) အမျိုးအစားဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အား အဝေးပြေးယာဉ်လိုင်းများဖြင့် သွားရောက်မည့် ခရီးစဉ်များထက် ဈေးနှုန်းနှင့် အချိန်သက်သာအောင်လည်း စီစဉ်ပြေးဆွဲပေးမည်ဟု သိရသည်။
အဆိုပါ ရထားခရီးစဉ်တွင် နိုင်ငံခြားသား ခရီးသွားများလည်း စီးနင်းအသုံးပြုနိုင်မည် ဖြစ်သောကြောင့် ရထားလုံခြုံရေးအတွက်လည်း စီစဉ်ထားသည်ဟု သိရပြီး ရထားပေါ်တွင် ၀န်ထမ်းဦးရေ ၁၃ ဦး လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအတွက် ပတ်စ်ပို့ပြသ၍ ကြိုတင်လက်မှတ် ၀ယ်နိုင်ကြောင်းနှင့် ပြည်တွင်းခရီးသွားများ အနေဖြင့် ရန်ကုန်ဘူတာ၊ အထက်တန်း ကြိုတင်လက်မှတ်ရုံတွင် တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်ကြိုတင်၍ ခရီးသွားမည့်သူ အပါအ၀င် လူတစ်ဦးလျှင် ငါးစောင်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား/ထောက်ခံစာတို့ကို ပြသ၍ ၀ယ်ယူနိုင်ကြောင်း၊ လက်ကျန်လက်မှတ်များကိုမူ ရထားမထွက်မီ ၁၅ မိနစ်အလို အချိန်အထိ ခရီးသွားမည့်သူကိုယ်တိုင် တစ်ဦးလျှင် တစ်စောင်နှုန်းဖြင့် ၀ယ်ယူနိုင်သည်ဟု သိရသည်။ ခရီးစဉ်အတွင်း သွားလာမည့် ခရီးသွား များပြားလာပါက ရထားအား တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မှကျိုက်ထိုသို့ ပုံမှန်ရထားခရီးစဉ်အဖြစ် ရန်ကုန်-ကျိုက်ထို-မော်လမြိုင်၊ ရန်ကုန်-ကျိုက်ထို-ရေး၊ ရန်ကုန်-ကျိုက်ထို-ထားဝယ် ခရီးစဉ်များဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး လက်မှတ်ခ တစ်ဦးလျှင် ကျပ် ၃၂၀၀ (အထူးတန်း) နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ကိုးဒေါ်လာ (အထူးတန်း)ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis