menu

Wednesday 25 September 2013

တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်က ဟောလိဝုဒ်ကို ယှဉ်ပြိုင်ရန် ရည်ရွယ်လျက် ဧရာမ စတူဒီယိုကြီး တည်ဆောက်မည်

K-25-9
ဝမ်ဒါကုမ္ပဏီဥက္ကဋ္ဌ ၀မ်ကျန်လင်ကို ပေကျင်းရှိ ဟိုတယ်တစ်ခု၌ ပြုလုပ်သော အခမ်းအနားတစ်ခု၌ ဇွန် ၁၉ ရက်က တွေ့ရစဉ် (Photo:AP)
တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးသည် ဟောလိဝုဒ်ကို ယှဉ်ပြိုင်ရန်အတွက် တရုတ်နိုင်ငံ၌ ဧရာမ စတူဒီယိုကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိရာ ယင်းသည်တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းကို အဓိက မြှင့်တင်ပေးသည့်နေရာ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ ကမ္ဘာ့အကျော်ကြားဆုံး အေအဆင့် သရုပ်ဆောင်များ ဖြစ်ကြသော နီကိုးကစ်ဒမင်၊ လီယိုနာဒိုဒီကာပရီယိုနှင့် ကက်သရင်းဇီတာဂျုန်းတို့သည် စတူဒီယို တည်ဆောက်မည့် အစီအစဉ်အတွက် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စတူဒီယိုကြီးကို အရှေ့တိုင်း ရုပ်ရှင်မြို့တော်ဟု အဓိပ္ပာယ်ရှိသော Oriental Movie Metropolis ဟုအမည်ပေးထားပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကျင်တောင်တွင် အကျယ်အ၀န်း ၃၇၆ ဟက်တာ၌ တည်ဆောက်မည်ဖြစ်သည်။
ယွမ်ငွေ ၅၀ ဘီလျံ(အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ)ကုန်ကျမည့် ယင်းစတူဒီယို စီမံကိန်းတွင် စတူဒီယိုခွဲပေါင်း ၂၀ ပါဝင်မည်ဖြစ်ပြီး တစ်နှစ်လျှင် နိုင်ငံခြားရုပ်ရှင် ထုတ်လုပ်ရေး ၃၀ အပါအ၀င် ရုပ်ရှင်ကားပေါင်း ၁၀၀ ခန့်ကို လက်ခံရိုက်ကူး နိုင်မည်ဟု ဆိုသည်။

ယင်းစီမံကိန်းကို ငွေကြေးထောက်ပံ့မည့်သူမှာ တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၀မ်ကျန်လင် ဖြစ်သည်။ သူ၏ ၀မ်ဒါကုမ္ပဏီသည် အမေရိကန်၏ AMC Entertainment ရုပ်ရှင်ရုံ လုပ်ငန်းစု တစ်ရပ်လုံးကို ၀ယ်ယူခဲ့သည်။ ယင်းရုပ်ရှင်ရုံ လုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ရုံ လုပ်ငန်းစုဖြစ်ပြီး ၀မ်ကျန်လင်သည်လည်း တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ရုပ်ရှင်ရုံလုပ်ငန်း လုပ်ဆောင်သူ ဖြစ်လာသည်။
တရုတ်နိုင်ငံသည် နိုင်ငံရပ်ခြားတွင် သူ၏ Soft Power အသုံးပြုခြင်း၏ အရေးပါမှုကို သတိပြုမိနေစဉ်မှာပင် နိုင်ငံတော် အစိုးရသည် ရုပ်ရှင်လုပ်ငန်းကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး သူ၏နိုင်ငံရေးကို ထိခိုက်သည့် မည်သည့်အကြောင်း အရာကိုမဆို ဖြတ်တောက်မှုများ ပြုလုပ်နေသည်။ ထို့ကြောင့် တရုတ်ရုပ်ရှင်များသည် နိုင်ငံတကာ ပရိသတ်ကို ဆွဲဆောင်နိုင်ရန် ခက်ခဲလာပြီး တရုတ်ပြည်တွင်း ပရိသတ်သည်ပင်လျှင် တရုတ်ကားများကို ငြီးငွေ့လျက် ရှိသည်။ တရုတ်နိုင်ငံ၌ တစ်နှစ်လျှင် နိုင်ငံခြားရုပ်ရှင်ကား ၃၄ ကားခန့်သာ ပြသခွင့် ပြုထားသော်လည်း လွန်ခဲ့သည့် နှစ်ကဆိုလျှင် တရုတ်နိုင်ငံ၏ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ကားများ၏ ထက်ဝက်ကျော်သည် နိုင်ငံခြား ရုပ်ရှင်ကားများ ဖြစ်ကြသည်။
Ref:AFP

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis