menu

Friday 23 August 2013

မောင်တောခရိုင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်ခဲ့သူများ ပြစ်ဒဏ်ချမှတ်

8.1.1
မောင်တောမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက အကြမ်းဖက်မှုဖြစ်စဉ်
မောင်တောခရိုင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူ များအနက် သုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန် ၁၅ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘဂုံးနားကျေးရွာ၌ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံခဲ့ရပြီး အဆိုပါ သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်သူ ၁၈ ဦးကို ပြစ်မှုကြီးအမှု အမှတ် ၃၄/၂၀၁၂ ဖြင့် လက်ခံ စစ်ဆေးခဲ့သည်။ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ မာမတ်ဂျူဟတ် အပါအ၀င် သုံးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၄ အရ ထောင်ဒဏ် တသက်တစ်ကျွန်းစီ ချမှတ်လိုက်ပြီး ကျန်တရားခံ ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခဲ့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုန်းကြီးတစ်ပါးအား သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီများကို မောင်တောခရိုင် တရားရုံးမှ သြဂုတ် ၂၁ ရက် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မောင်တောနယ်စပ် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် လူသတ် မီးရှို့သူများကို ဖမ်းဆီးတရားစွဲဆိုခဲ့ရာ ပြစ်မှုကျူးလွန်သူ ၇၄ ဦးကို သြဂုတ် ၂၁ ရက်က မောင်တောခရိုင် တရားသူကြီး တရားခွင်နှင့် ဒုတိယခရိုင် တရားသူကြီး တရားခွင်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ် ၇ နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ပြီး မောင်တောမြို့နယ် အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် မောရ၀တီကျေးရွာရှိ အစိုးရ စာသင်ကျောင်းနှင့် ဆေးပေးခန်းအား မီးရှို့ဖျက်ဆီးခဲ့သူ များအား မောင်တောခရိုင် တရားရုံးမှ သြဂုတ် ၂၁ ရက်က ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပြစ်မှု ကျူးလွန်ခဲ့သူမှာ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မောင်တောဆူပူ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ ဖြစ်ပြီး ကျေးလက် ဆေးပေးခန်းနှင့် အစိုးရ စာသင်ကျောင်း အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့သူ စုစုပေါင်း ၃၃ ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မောရ၀တီ အစိုးရ ဆေးခန်းအား မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ခုနစ်ဦးကို မောင်တောခရိုင် တရားသူကြီး တရားခွင်မှ ပြစ်မှုကြီး အမှုအမှတ် ၃၅/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် မောရ၀တီ အစိုးရ မူလတန်းကျောင်း မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၂၆ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လဆူပူ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ခရေမြိုင် ဒီဘီအေ ကျေးရွာနေ ဦးစောမောင်၏ ဗွီဒီယိုရုံ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၁၆ ဦးကို မောင်တောခရိုင် ဒုတိယတရားသူကြီး တရားခွင်မှ ပြစ်မှုကြီး အမှုအမှတ် ၂၈/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့သည်။
ထို့နောက် ကံသာယာကျေးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ခုနစ်ဦးကို ပြစ်မှုကြီး အမှုအမှတ် ၃၂/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis