menu

Friday 23 August 2013

ဆီးရီးယားအစိုးရ ဓာတုလက်နက်ဖြင့် တိုက်၍ လူ ၁၃၀၀ ကျော် သေဆုံးဟု အတိုက်အခံတို့ စွပ်စွဲ

Photo: ဆီးရီးယားအစိုးရ ဓာတုလက်နက်ဖြင့် တိုက်၍ လူ ၁၃၀၀ ကျော် သေဆုံးဟု အတိုက်အခံတို့ စွပ်စွဲ

ဒမက်စကတ်၊ သြဂုတ် ၂၂

ဆီးရီးယား အစိုးရက မြို့တော် ဒမတ်စကတ် အနီးတွင် ဗုဒ္ဓဟူးနေ့က ဓာတု အဆိပ်ငွေ့ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးသွားခဲ့သည်ဟု ဆီးရီးယားအတိုက်အခံများ က ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား အစိုးရက ဓာတု အဆိပ်ငွေ့ပါသော ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် လူများ အသက်ရှူ ကျပ်၍ သေဆုံးသွားကြောင်း ဆီးရီးယား အတိုက်အခံတို့က ပြောကြားသည်။

ဆီးရီးယား အစိုးရသည် ဓာတုလက်နက် အသုံးပြုကြောင်း အတိုက်အခံတို့၏ ယခု စွပ်စွဲချက်သည် ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်းစစ်ဆေးရေးမှူးများ ဆီးရီးယားသို့ ရောက်ရှိလာပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဆီးရီးယား တက်ကြွ လှုပ်ရှားသူများက လွှင့်တင်သော ဗီဒီယို ပြကွက်များ အရ ဆေးရုံများတွင် လူပေါင်းများစွာ တက်ရောက် ကုသနေကြ ရပြီး ဆေးရုံများသို့ အသက်ရှူကျပ်ဝေဒနာဖြင့် ကလေး လူနာများ အများအပြား တက်ရောက်နေသည်ကို တွေ့ရသည်။

သို့သော် အဆိုပါ ဗီဒီယိုပြကွက်များမှာ အစစ်အမှန် ဟုတ် မဟုတ်ကိုမူ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓာတုလက်နက် အသုံးပြုကြောင်း အတိုက်အခံတို့၏ စွပ်စွဲချက်များကို ဆီးရီးယား အစိုးရက လုံးလုံးလျားလျား ငြင်းဆိုထားသော်လည်း၊ Local Coordination Committe (LCC) တက်ကြွ လှုပ်ရှားသူများ၏ အဆိုအရ ဆီးရီးယား အစိုးရ၏ အဆိပ် ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူရာပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

YouTube အင်တာနက်ပေါ်သို့ တင်ထားသော ဗီဒီယို ပြကွက်များ အရ ဆေးရုံ တစ်ရုံသို့ ရောက်လာသော သတိလစ် မေ့မြောနေသည့် ကလေး လူနာများကို ဆရာဝန်များက အောက်ဆီဂျင်ဖြင့် အသက်ရှူနိုင်စေရန် ကုသနေသည်များကို တွေ့ရသည်။

သို့သော် ယခုလောလောဆယ်တွင် မြင်တွေ့နေရသည်များကို လက်ခံ ယုံကြည်ခြင်း မရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် လူနာများကို ကုသပေးနေသူများသည် အကာအကွယ် အင်္ကျီများ ဝတ်ဆင်ထားသည်ကို မတွေ့ရခြင်းကြောင့် ဖြစ်ကြောင်း ဖင်လန်နိုင်ငံမှ ဓာတုလက်နက် အသုံးပြုခြင်းကို စုံစမ်း စစ်ဆေးရေး ဌာနမှ ဒါရိုက်တာ ဗာရီဖန်က ပြောကြား သည်။

အမှတ်တကယ်တမ်းသာ ဓာတုလက်နက် အသုံးပြုခဲ့ပါက ကုသသူများ ကိုလည်း ကူးစက်မည် ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း ရောဂါ လက္ခဏာများ ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis