menu

Friday 23 August 2013

မလေးရှား တောင်ပေါ် အပန်းဖြေစခန်းအနီး ဘတ်စ်ကား ချောက်ထဲကျ ၃၇ ဦး သေဆုံး

Photo: မလေးရှား တောင်ပေါ် အပန်းဖြေစခန်းအနီး ဘတ်စ်ကား ချောက်ထဲကျ ၃၇ ဦး သေဆုံး

ကွာလာလမ်ပူ၊ သြဂုတ် ၂၂

မလေးရှားနိုင်ငံ တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် အလွန် နက်သော ချောက်အတွင်းသို့ ဘတ်စ်ကား တစ်စီး ပြုတ်ကျသွား ခဲ့သောကြောင့် နိုင်ငံခြားသား ခြောက်ဦး အပါအဝင် လူ ၃၇ ဦး သေဆုံးသွား ခဲ့ကြောင်း Xinhua သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် လိုက်ပါလာသူ နောက်ထပ် ၁၆ဦး အသက်ရှင်ခဲ့ကြပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ထားရကာ အချို့၏ အခြေအနေကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ယင်း သတင်းက ဆိုသည်။

ခရီးသည် အတော်များများမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြပြီး အိန္ဒိယနိုင်ငံသား နှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး၊ ကိုရီးယား တစ်ဦးနှင့် နီပေါ တစ်ဦးတို့လည်း သေဆုံးသူများတွင် ပါဝင်သွားကြပြီး မလေးရှား သမိုင်းတွင် အဆိုးဝါးဆုံးသော ယာဉ် မတော်တဆမှု ဖြစ်ကြောင်း သတင်း များက ဆိုသည်။

ဂန်တင်း တောင်ပေါ် အပန်းဖြေစခန်းမှ အဆိုပါ ဘတ်စ်ကားသည် အဆင်း ခရီးနှင်လာခြင်း ဖြစ်ပြီး တောင်စောင်းမှ မီတာ ၆၀ နက်သော လျှိုထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်ဟု အာဏာပိုင်များက အတည်ပြု ထားသည်။

ပြုတ်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သား တစ်ဦးက သေဆုံးသွားသူများတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ယာဉ်မောင်းသည် တောင်ဆင်း အကွေ့တွင် ယာဉ်ကို မထိန်းနိုင်သောကြောင့် ပြုတ်ကျသွားရခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ကားပြုတ်ကျသွားသည့် နေရာတွင် မြေအနေအထား မညီခြင်း၊ ချုံနွယ် သစ်ပင်များ ရှိခြင်းတို့ကြောင့် ကယ်ဆယ်ရေး လုပ်သားများသည် စက်သီး များကို အရေးပေါ် တပ်ဆင်ခဲ့ရပြီး ဒဏ်ရာရသူများနှင့် လူသေ အလောင်း များကို ဆွဲတင်ခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောကြားကြသည်။

ဘတ်စ်ကားသည် ခရီးသွားလုပ်ငန်းသုံးကား ဖြစ်ပြီး တောင်ပေါ် အပန်းဖြေ စခန်းနှင့် မြို့တော် ကွာလာလမ်ပူကို ခေါက်တုံ့ခေါက်ပြန် ပြေး ဆွဲပေးနေခြင်း ဖြစ်ကာ တောင်ပေါ်ဒေသသည် မြူများ၊ တိမ်များ ဖုံးလွှမ်းလျက် ရှိပေသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ၎င်း၏ လူမှု မီဒီယာမှ တစ်ဆင့် သေဆုံးသူများ၏ မိသားစု များကို စာနာကြောင်း ဝမ်းနည်း မှတ်တမ်း ရေးသား ဖော်ပြထားသည်။

၂၀၁၂ အတွင်းကလည်း ဂန်တင်း တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် ကားမှောက်ခဲ့ဖူးကာ အိန္ဒိယနိုင်ငံသား ခရီးသွား ဧည့်သည် နှစ်ဦး သေဆုံး သွားခဲ့သေးသည်။

၂၀၁၀ တွင် ကမ်မီရွန် တောင်တန်း မလေးရှား တောင်ပေါ် အပန်းဖြေစခန်း တွင် ကားမတော်တဆမှု ဖြစ်ခဲ့သေးကာ ၂၇ ဦး သေဆုံးခဲ့ပြီး အများစုမှာ ထိုင်းနိုင်ငံသား ခရီးသွား ဧည့်သည်များ ဖြစ်ကြသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis