menu

Wednesday 10 July 2013

ဇူလိုင်ဝိညာဉ်( ကေသွယ် )

7july-july7
ရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယနှင့် စာဖတ်အသင်း (၁၉၆၃-၆၄) မှ ထုတ်ဝေဖြန့်ချိသော ၇ ဇူလိုင် ဓာတ်ပုံမှတ်တမ်း
ဇူလိုင်လထဲကို စ၀င်လာပြီ ဆိုတာနဲ့ တစ်စုံတစ်ရာက နှိုးဆွလိုက်သလို သူတို့စိတ်ဝိညာဉ်တွေ အသင့်ဖြစ်နေ တတ်ကြသည်။ ဇူလိုင်သြဂုတ်ဆိုတဲ့ ပြက္ခဒိန် စာလုံးတွေရဲ့နောက်မှာ သမိုင်းနီနီ ညိုညိုမှိုင်းတွေက ကပ်ပါနေခဲ့သည်ကိုး။
"ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ" ဆိုတဲ့ စကားရပ်ကိုတော့ ကျောင်းတက်စ အရွယ်ကတည်းက သူတို့ခေါင်းထဲမှာ သံမှိုနှက်ပြီးသား။ မုတ်သုံမိုး တဖွဲဖွဲစွေနေတတ်တဲ့ ဇူလိုင် ၁၉ ရဲ့ ဥသြဆွဲသံကို ကြားရုံနှင့်ပင် ၀မ်းနည်းပက်လက် ဖြစ်တတ်ခဲ့သလို ဒီဇူလိုင်လထဲမှာပဲ နောက်ထပ်ဝမ်းနည်းစရာ နေ့တစ်နေ့ ရှိနေသေးတယ် ဆိုတာကိုလည်း ရိပ်ဖမ်းသံဖမ်း သိနေခဲ့ကြသည်။ တကယ်တော့ ဆဲဗင်းဇူလိုင်ဆိုတာ  ဥသြသံမစွဲ မျက်ရည်မ၀ဲနိုင်ဘဲ အံကြိတ်ခဲရင်း မျိုးဆက်တစ်ခုကနေ မျိုးဆက်နောက်တစ်ခုကို တိတ်တိတ်ဆိတ်ဆိတ် လက်ဆင့်ကမ်းခဲ့ရတဲ့ အာဇာနည်နေ့ နောက်တစ်နေ့ပဲ မဟုတ်လား။

အဲဒီလိုနဲ့ ကျောင်းဖတ်စာအုပ်တွေရဲ့ ပြင်ပက၊ ကျောင်းသားသမဂ္ဂကြီးနဲ့ ဆဲဗင်းဇူလိုင်ဆိုတဲ့ စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေဟာ သူတို့တွေရဲ့ အိပ်ရာဝင် ပုံပြင်တွေထဲမှာ။ ရေနွေးကြမ်း စကားဝိုင်းတွေမှာ။ ဓာတ်ပုံဟောင်းတွေထဲက အဖြူအမည်း ပုံရိပ်တွေကြားမှာ။ ၀ါကြင်ကြင် ဒိုင်ယာရီ စာရွက်ပေါ်က ခပ်သော့သော့ မင်စာလုံးတွေပေါ်မှာ။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အဲဒီနေ့ဟာ စနေနေ့ပါ။ နေ့လယ် ၁ နာရီမှာ သမဂ္ဂအစည်းအဝေး ခန်းမမှာ အစည်းအဝေး ကျင်းပပါတယ်။ ဥက္ကဋ္ဌက ကိုဗဆွေလေးပါ။ အခမ်းအနားမှူးကတော့ ကိုသာဒိုးလား ကိုလှရွှေလား မမှတ်မိတော့ပါ။ အစည်းအဝေးမှာ ကျောင်းသားထု တစ်ခဲနက် ဆုံးဖြတ်တာတွေထဲက မှတ်မိသလောက်ကတော့ ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာသိမ်းတာကိုလည်း ကန့်ကွက်တယ်။ တက္ကသိုလ် အက်ဥပဒေများကို ရုပ်သိမ်းတာကိုလည်း ကန့်ကွက်တယ် စတာတွေပဲ ဖြစ်ပါတယ်။ အစည်းအဝေး အပြီးမှာ သမဂ္ဂရှေ့ကစပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည်ပြီး ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက် ကြပါတယ်။
တကယ်သာ မြန်မာပြည်ကြီးပေါ်မှာ အမုန်းတရားနဲ့ အကြောက်တရား အရိပ်အငွေ့တွေ ကင်းစင်ကွယ်လွင့် ချင်တယ်ဆိုရင် မြန်မာပြည်သစ်ကြီး တည်ချင်တယ်ဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး တို့ပြည်တွင်း ငြိမ်းချမ်းရေးတို့ဆိုတဲ့ ဝေါဟာရတွေထဲမှာ ၀ဲချာလည်နေမဲ့အစား ၀န်ချတောင်းပန်ရေးလို့ ပြောလာတိုင်း မသိယောင်ဆောင် စကားလမ်းလွှဲ နေရမဲ့အစား သမိုင်းဖြစ်ရပ်တွေကို မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ပြီး အပြန်အလှန် အသိအမှတ်ပြု သမိုင်းတင်နိုင် ကြမယ်ဆိုရင် အားလုံးအတွက် ကျေအေးပြေလည် အတူသွားနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရောက်နိုင်မှာပါ . . . . .
အဲဒီဒိုင်ယာရီစာရွက်ရဲ့ နောက်တစ်မျက်နှာမှာတော့  ဇူလိုင် ၇ ရက် ညနေစောင်းလောက်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းကြီးကို လေးဖက်လေးတန် ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့တဲ့ ကျောင်းသား ၁၀၀ ကျော်ရဲ့ သွေးမြေကျပွဲကြီး။ နောက်တစ်နေ့မနက် လင်းအားကြီးမှာ ကျယ်လောင်စွာ မြည်ဟည်းသွားတဲ့ ပေါက်ကွဲသံကြီး။ စက္ကန့်ပိုင်းအတွင်း လေထဲမှာ ကွယ်ပျောက်သွားတဲ့ အခိုင်အခံ့ သမဂ္ဂအဆောက်အအုံကြီးဆိုတဲ့ အကြောင်းတွေ တစ်ရွက်ပြီးတစ်ရွက်။
အဲဒီသမဂ္ဂကြီးထဲမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ ကျောင်းဆောင်တွေ တစ်ခုချင်းကနေပြီး အမှုဆောင်တွေ ရွေးကြတော့ တစ်ယောက်က အဆိုတင်သွင်း နောက်တစ်ယောက်က ထောက်ခံပေးရတယ်ဆိုတဲ့ မတ်တတ်ထလက်ထောင် မဲပေးစနစ်ဆိုတာ သူတို့အတွက်အဆန်း။ အဆောင်သဟာယနဲ့ စာဖတ်အသင်းဆိုတဲ့ အသုံးအနှုန်းမှာကိုက ကြီးကျယ်ခမ်းနားမှုတွေ အပြည့်နဲ့။
လက်ရှိရောက်နေတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကြီးကိုတောင် မေ့လျော့ရင်း ရုပ်ရှင်သရုပ်ဆောင် မြတ်လေးကြီး ရေးစပ်ခဲ့တာဆိုတဲ့ "တပ်ဦးကြွေးကြော်သံ" သီချင်းအဟောင်းလေးကို သူတို့အဖေ ဆိုပြတဲ့အတိုင်း အသံနေအသံထားနဲ့ ဆိုတတ်နေခဲ့ကြသည်။
ရဲဘော်အပေါင်းတို့ရေ..ခွပ်ဒေါင်း ရဲဘော်အပေါင်းတို့ရေ..
ရာဇ၀င်ကဏ္ဍသစ်..တည်ဆောက်ကြမယ်လေ...
ဒီမိုကရေစီ ပညာရေးစနစ်..အုတ်မြစ်ချရစ်ပေ...
သစ်မြစ် ပင်စည် ရှည်...ရှည်...
အဲဒါ..ကျောင်းသားကျောင်းသူတိုင်းရဲ့..
ထာဝစဉ်..တာဝန် တစ်ရပ်ပေ...
(ဟေ့..ရဲဘော်..ရဲဘော် အတွက်..
တပ်ဦး..တပ်ဦး ..လာပြီ..)၂
ဖေ..တပ်ဦးနဲ့ တကသ တူတူပဲလားလို့ နားမလည်တဲ့ သင်ခန်းစာ တစ်ခုလိုမေးတော့..
"တစ်သားတည်းလို့ ပြောရမှာပေါ့ကွာ..တကသဆိုတာကြီးက တကယ့်တက္ကသိုလ် အက်ဥပဒေတွေနဲ့အညီ ဖွဲ့ထားတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂကြီး။ အစိုးရတစ်ခုဖြစ်ဖို့ ပါတီတွေ ပြိုင်ကြသလိုပဲ နှစ်တိုင်းနှစ်တိုင်း တကသကြီးအတွက်လည်း ကျောင်းသားအဖွဲ့တွေ ပြိုင်ကြရတာပေါ့။ အဲဒီတုန်းက အစိုးရအရာရှိ ၀န်ကြီးဝန်ကလေးတွေရဲ့ သားသမီးတွေ အများစုပါတဲ့ ဒီအက်စ်အိုလို့ခေါ်တဲ့ Democratic Students Organization အဖွဲ့ကလည်း တစ်ခု။ အဲဒီနှစ်ခုကြားထဲကနေ ခုခေတ်လိုပေါ့။ no anti, no pro, no politics ဆိုတဲ့ "သန့်ရှင်း" အဖွဲ့က တစ်ခု။ နောက် "တပ်ဦး" ပေါ့ကွာ။ ပထမတော့ "တိုးတက်" ဆိုတဲ့နာမည်နဲ့ အနယ်နယ်အရပ်ရပ်က တိုင်းရင်းသား ကျောင်းသားတွေ အများဆုံးပါတာပေါ့။ နောက်တော့ ၅၄ ကနေ တောက်လျှောက်သမဂ္ဂထဲမှာ အနိုင်ရလာခဲ့တာ ယူနီယံကြီး ဒိုင်းနမိုက်နဲ့ ခွဲခံလိုက်ရတဲ့ အဲဒီ ၇ ရက်ထိပဲပေါ့"
အမျိုးသား ပညာရေးတွေ..ပြုပြင်ဖို့..စုဆင်ဖို့ (ဒို့) တိုက်ပွဲဝင်မည်..
ဒီမိုကရေစီ ရရှိရေး ...အသက်သွေးလှူမည်
ယုတ်မာတဲ့ စနစ်ကို..အမြစ်ပါလှန်မည် (အောင်ပြီ) ၃ ..မုချ...ဒို့သာအောင်မည်...
အမျိုးသားပညာရေး ဆိုတာကို ဖတ်စာအုပ်ထဲကနေ အော်ကျက်နေရပြီ ဖြစ်ပေမယ့် ဒီမိုကရေစီ ဆိုတာတော့ ဘာမှန်းသူတို့ ရေရေရာရာ မသိသေး။
အဓိဋ္ဌာန်တူညီ...ကျောင်းသား..ကျောင်းသူတို့သည်
ဘယ်တော့မှ..အနိုင်မခံ..အလံဖြူ မလွင့်လိုသည်..
တပ်ဦးကြီးအလံအောက်မှာ..စုဝေး...လို့တည်..
ညီရင်းအစ်ကိုလို..မောင်ရင်းနှစ်မတွေ စုံစုံညီ..
အပြုံးချင်း လှယ်လက်ချင်းဆက်ကာ ညီ ညွတ်ဖို့ သစ္စာပြုမည်။
အရေးတော်ပုံ အောင်ပါမည်။ အရေးတော်ပုံ အောင်ပါမည်။
ပန်းတိုင်းပွင့်ရမည်..ကျောင်းတိုင်းဖွင့်ရမည်..
အထက်တန်း ကျောင်းသားအရွယ် တက္ကသိုလ် ကျောင်းသားအရွယ် ရှစ်ဆယ့်ရှစ် လူထုအုံကြွမှုကြီး ဖြစ်လာတဲ့ အချိန်မှာတော့ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်ကို သူတို့ ပြည့်ပြည့်၀၀ နားလည်သဘောပေါက်ခဲ့ လေပြီ။ အရေးတော်ပုံ အောင်ပါမည်ဆိုတဲ့ အပိုဒ်ကို ပီပီပြင်ပြင် ဆိုတတ်လေတော့ပြီ။ ဇူလိုင်ဝိညာဉ်တို့ သူတို့ကိုယ်တွင်းက နိုးထခဲ့လေပြီ။
အဲဒီလိုနဲ့ မျိုးဆက်အဆင့်ဆင့် ပခုံးပြောင်းရင်း သမိုင်းဘီးကြီး တစ်ရစ်ပြီးတစ်ရစ်လည်ရင်း ဇူလိုင်ဝိညာဉ်တွေလည်း တစ်ခေတ်ပြီးတစ်ခေတ် အသစ်ပြန်ဖြစ်ကြသည်။ ယခုပင် ဆဲဗင်းဇူလိုင် ရွှေရတုတိုင်ပြီး၍ ရှစ်ရက်ရှစ်လ ငွေရတု ၀င်ခဲ့ပြီ။ စစ်အာဏာရှင် အကျင့်ဆိုးကို စတင်အန်တုခဲ့တဲ့ ဇူလိုင်ဝိညာဉ်သည် စစ်အာဏာရှင် စနစ်တစ်ခုလုံးကို တွန်းလှန်ဆန့်ကျင် နိုင်ခဲ့တဲ့ ရှစ်ဆယ့်ရှစ် စိတ်ဓာတ်နဲ့တင် အဆုံးသတ်သွားမည် မဟုတ်သေး။ စစ်အာဏာရှင် အရိပ်အငွေ့တွေ မကင်းစင်မချင်း ထွန်းလင်းနေရပေဦးမည်။
တကယ်သာ မြန်မာပြည်ကြီးပေါ်မှာ အမုန်းတရားနဲ့ အကြောက်တရား အရိပ်အငွေ့တွေ ကင်းစင်ကွယ်လွင့် ချင်တယ်ဆိုရင် မြန်မာပြည်သစ်ကြီး တည်ချင်တယ်ဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး တို့ပြည်တွင်း ငြိမ်းချမ်းရေးတို့ဆိုတဲ့ ဝေါဟာရတွေထဲမှာ ၀ဲချာလည်နေမဲ့အစား ၀န်ချတောင်းပန်ရေးလို့ ပြောလာတိုင်း မသိယောင်ဆောင် စကားလမ်းလွှဲ နေရမဲ့အစား သမိုင်းဖြစ်ရပ်တွေကို မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ပြီး အပြန်အလှန် အသိအမှတ်ပြု သမိုင်းတင်နိုင် ကြမယ်ဆိုရင် အားလုံးအတွက် ကျေအေးပြေလည် အတူသွားနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရောက်နိုင်မှာပါ။ အာဇာနည်နေ့မှာ သြဥဆွဲ-မဆွဲ ဆိုတာလောက်နဲ့တင်မက ငွေရတု အမှတ်တံဆိပ်က ဒေါင်းလား-ချိုးလား သတ်မှတ်နေရုံနဲ့တင်မက သူရဲကောင်းနေ့တွေ တရားဝင် ပေါ်ထွန်းလာဖို့ အချိန်အခါကောင်း ဖြစ်သင့်ပါပြီ။
ဇူလိုင်ဝိညာဉ်တွေ စတင်မွေးဖွားခဲ့တဲ့ ကျောင်းသားသမဂ္ဂကြီးကိုလည်း ကတိတွေ ပေးထားခဲ့တဲ့အတိုင်း ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချသင့်ပါပြီ။ အမိတက္ကသိုလ်ကြီးလည်း နံနက်ခင်း အလင်းရောင်တွေနဲ့အတူ ကြည်လင်လန်းဆန်းစွာ နိုးထသင့်ပါပြီ။ ပန်းတိုင်း ပွင့်ရပါဦးမည်။ ကျောင်းတိုင်း ဖွင့်ရပါဦးမည်။
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis