menu

Wednesday 10 July 2013

နယ်စပ်မြို့လေးရဲ့ စိန်ခေါ်သံ(ရေးသားသူ- ဥက္ကာကိုကို)

Photo: နယ်စပ်မြို့လေးရဲ့ စိန်ခေါ်သံ
----------------------------
ရေးသားသူ-  ဥက္ကာကိုကို

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၉၀၀ ခန့်တွင် တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့် တောင်တန်းရှည်ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေးသည်မူရင်း ဒေသခံများဖြစ်သော လော်ဝေါ်၊ လချိတ်၊ လီဆူးလူမျိုးတို့၏ လိုတရ နတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်ပျံမကျစည်ကားခဲ့သည်ဟု ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။

လွန်ခဲ့သည့် နှစ်တွေမှာ စည်ကားသိုက်မြိုက်လွန်းပါသည်ဟု ဒေသခံတို့ တခုတ်တရပြောပြကြသည့် မြို့လေးက မြန်မာ့ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးအတွင်းမှာပင် ရှေးဟောင်းမြို့ပျက်တစ်ခုအလား သမိုင်းတင်ရမလိုလို အခြေအနေသို့ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပါပြီ။

ထိုမြို့လေးသည် ပြည်တွင်းမှ အရောက်အပေါက်နည်းပါးပြီး နာမည်ကျော်မြို့တစ်မြို့မဟုတ်သော်လည်း တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ်တွင် တည်ထားသော မြန်မာ့မြေပိုင်နက်မှ  မြို့လေးကို ပန်ဝါဟု ခေါ်ပါသည်။ 

ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဧပြီလတွင် ပန်ဝါမြို့၊ လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို ကေအိုင်အေမှ ၀င်ရောက်တိုက်ခိုက်ရာက အစပြုခဲ့သော တိုက်ပွဲများ၏ ရိုက်ခတ်မှုက ပန်ဝါကို မြို့ပျက်တစ်ခုနှင့်မခြား ဖြစ်သွားစေခဲ့သည်။ ထိုအခြေအနေက ယခု ၂၀၁၃ ခုနှစ် ဇွန်လအထိ နာလန်မထူနိုင်သေးဟု ဆိုရပါမည်။

စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်ထားသော ပန်ဝါ၏ အဆောက်အအုံများက မြို့ပျက်ဟူသည့်အသုံးအနှုန်းကို သက်သေပြနေပါသည်။ လေးလမ်းသွားလမ်းတစ်လျှောက် ပြည့်နှက်နေသည့် နွားချေး၊ ဆိတ်ချေးပုံများ၊ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ယခင်ကတစ်နေရာရရှိရန်ပင် မလွယ်ကူသည့် ဆိုင်ခန်းတွဲများ၊ အဆိုပါဆိုင်ခန်းတွဲများ၏ ပျက်စီးကျိုးပဲ့နေသည့် တံခါးချပ်များ၊ လမ်းပေါ်မှာ ပြန့်ကျဲနေသည့် လျှပ်စစ်မီးချောင်းများ၊ မှန်ကွဲစများ၊ အဆောက်အအုံမှန်တံခါး တချို့ကို ဖောက်ထွင်းထားသည့် ကျည်ဆန်ရာများ စသည်တို့က ပန်ဝါ၏ အတိတ်ဆိုးကို ညွှန်းဆိုလျက်ရှိသည်။

တကယ်တော့... ပန်ဝါမြို့အတွက် ယခုကဲ့သို့ လူသူတိတ်ဆိတ်ခြောက်ကပ်သွားရသည့် အကြောင်းရင်းနှစ်ခုရှိခဲ့ပါသည်။ ပထမတစ်ခုမှာ  ၂၀၀၅ ခုနှစ်ကဒီမိုကရေစီသစ်  တပ်မတော်(ကချင်)၏  ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေစဉ် အဖွဲ့အစည်းအတွင်း အာဏာသိမ်းမှုကြီးပင်ဖြစ်သည်။ သို့သော် ဒေသခံပြည်သူ လူထုလက်မခံသောကြောင့် အောင်မြင်သည့် အာဏာသိမ်းပွဲ မဖြစ်ခဲ့ဘဲ  ပန်ဝါဒေသ၏ စီးပွားရေး ယိုင်နဲ့စေခဲ့သည်ပဲ အဖတ်တင်သွားသည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ... 

၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေတပ်ဖွဲ့၏ မြို့သိမ်းရန် ထိုးစစ်ဆင်တိုက်ခိုက်မှုမှ စတင်ကာ ပန်ဝါဒေသတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာခဲ့သည်။ ကေအိုင်အေသည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့၏ ဌာနချုပ်ဖြစ်သော ပန်ဝါကို သိမ်းပိုက်ရန်အတွက် လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို မမျှော်လင့်ဘဲ ကနဦး ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ ထိုးစစ်ကြောင့် နယ်ခြားစောင့်တပ်ရင်းမှာ နောက်ဆုံးဗဟိုကင်းကုန်းအထိ ဆုတ်ခွာခုခံခဲ့ကြရပြီး တပ်ရင်းရှိ မိန်းမ၊ ကလေးမကျန် ပါဝင်တိုက်ခိုက်ခဲ့ကြရသည်ဟု တိုက်ပွဲဝင်ခဲ့ သူတို့က ပြန်ပြောပြသည်။

နောက်ဆုံးတွင် တပ်မတော်မှ စစ်ကူပေးပို့ခဲ့သည့်အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နယ်မြေရှင်းလင်းခဲ့သည့်အတွက် ကေအိုင်အေတပ်ဖွဲ့များကို တပ်လန်ဆုတ်ခွာသွားစေခဲ့သည်။

ထိုတိုက်ပွဲ အခြေအနေတို့ကြောင့် လမ်းတံတားတည်ဆောက်ရေး၊ စက်ရုံအလုပ်ရုံတည် ဆောက်ရေး၊ တိုက်တာ အိုးအိမ် တည်ဆောက်ရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွင် အလုပ်ဝင်နေကြသည့် တရုတ်နိုင်ငံသားများ အထုပ်ဆွဲ၍ အိမ်ပြန်သွားခဲ့ကြသည်။ တရုတ်နယ်နိမိတ်အနီးရှိ မြို့လယ်ကောင်နေရာမှအပ အခြားနေရာအသီးသီးမှာ ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများ၊ ဆောင်ရွက်လက်စ ကျန်ရစ်ပစ္စည်းများကိုသာ မြင်တွေ့ရတော့သည်။ ထိုဖြစ်ရပ်များက တစ်နှစ်ကျော်ပဲ ကြာမြင့်ပါသေးသည်။

ယခင်အုပ်ချုပ်ခဲ့သည့် လူမျိုးစုအကြီးအကဲလက်ထက်မှာ လုံခြုံနွေးထွေး အေးချမ်းသာယာလှသည့် ပန်ဝါဒေသသည် အစိုးရသစ်လက်ထက်တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားရသည့်အခြေအနေကို ရိုးသားအေးဆေးသည့် ဒေသခံတိုင်းရင်းသားတို့က နားမလည်နိုင်ဘဲဖြစ်နေကြပါသည်။ “အရင်တုန်းက ဒီလို ဖြစ်စရာမရှိဘူး” ဟု သူတို့က ပြောကြပါသည်။

သူတို့အကြီးအကဲများသည် ဒေသဖွံ့ဖြိုးရေးကို မျှော်မှန်းလျက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ အာဏာကို စွန့်လွှတ်လျက် မိမိပိုင်ဆိုင်သည့် တပ်အင်အားကို အချုပ်အခြာပိုင် အစိုးရဆီသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုသို့လျှင် မိမိတို့နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ ပြည်ထောင်စုအစိုးရတွင် တာဝန်အပြည့်အ၀ ရှိသွားပြီဟု ဒေသခံများက မမှိတ်မသုန်ခံယူထားကြသည်။

ပေပေါင်း ၈၀၀၀ နှင့် ၉၀၀၀ ကြား အမြင့်ရှိ တောင်စွယ်တန်းများကြားမှာ မဟာဗျူဟာကျကျ ခံတပ်သဖွယ်တည်ရှိနေသည့် ပန်ဝါမြို့ကို အမျိုးသားဒီမိုကရေစီသစ်တပ်မတော် (ကချင်)ကို ဦးစီးသူ ဦးဇခုန်တိန့်ယိမ်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခင်က လူနေထိုင်ခြင်းမရှိသော ဘမ်ဝေါ် (တောင်ပေါ်တွင်ပေါက်သောဝါး) တောင်ကြား ကာလကြာမြင့်လာသောအခါ ဘမ်ဝေါ်မှသည် ပန်ဝါဟု အမည်တွင်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ခန့်က ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များ စတင်နေထိုင်ရာမှ တဖြည်းဖြည်း လူသူအရောက်အပေါက် ရှိလာခဲ့သည်ဟု သမိုင်းကြောင်းအရ သိရသည်။ ၁၉၇၀ ပြည့်နှစ်တွင် ရေခဲတတ်သည့် တောင်တန်းများကြားတွင် ပန်ဝါဟု အမည်တွင်လာမည့် မြို့လေးတစ်မြို့ကို ၎င်း၏ NDAK တပ်မတော် ဌာနချုပ်အဖြစ် ဦးဇခုန်တိန့်ယိမ်းက ဖန်တီးမွေးဖွားပေး
ခဲ့သည်။

၎င်းသည် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို တစ်သီး ပုဂလ (ကချင်ပြည် နယ်)ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်
အနိုင်ရရှိကာ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေ နှင့် နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ တက်ရောက်သွား ခဲ့သည်။ 

မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုခုနစ်စု၊ ကျေးရွာပေါင်း ၃၀ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း ၄၃၂ မိုင် ကျယ်ဝန်းသော ပန်ဝါဒေသတွင် လီဆူး၊ လာချိတ်၊ ဗမာ၊ ရှမ်း၊ ဂျိမ်းဖောစသည့်လူမျိုးစုများ ဦးရေ ရှစ်ထောင်ခန့်ရောနှောနေထိုင်ကြသည်။ ထို့အပြင် နယ်နိ မိတ်ချင်းငါးပေသာ ကွာဝေးသော အိမ်နီးချင်းတရုတ်နိုင်ငံမှ တိုင်းရင်းသားများလည်း ရေကြည်ရာ မြက်နုရာ လာရောက်လုပ်ကိုင်စား သောက်လျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာဝင်အများဆုံးနေထိုင်ကြသော်လည်း ပြည်ထောင်စုနယ်မြေ အထိမ်းအမှတ်အဖြစ် ဇမ္ဗူငြိမ်းစေတီနှင့် အရံစေတီနှစ်ဆူကိုလည်း တောင်ထိပ်မှာ ရွှေရောင်တ၀င်းဝင်းဖြင့် ဖူးမြင်ရသည်။

နယ်စပ်မြို့ဖြစ်၍သာ အတန်အသင့်စည်ကားခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသည့် ဒေသတစ်ခုဖြစ်သည်။ ဒေသခံအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စပါး၊ ပြောင်းဖူး၊ အာလူးတို့သာ အဓိကထွက်ရှိသည်ကို တွေ့ရသည်။ အနိမ့်ဆုံးအပူချိန် ရေခဲမှတ်အောက် ၂ ဒီဂရီရှိသည့် တောင်တန်းများပေါ်မှာ ထင်ရှူးပင်တို့က တစ်မျှော်တစ်ခေါ်ပေါက်ရောက်လျက်ရှိပြီး သစ်တောပြုန်းတီးမှုမရှိသေးသည့် ဒေသဖြစ်သည်။

ကျေးရွာဒေသလူထုစီးပွားရေးနှင့်ပတ်သက်၍ မြို့အုပ်ချုပ်ရေးကော်မတီမှ ဦးဝမ်ထယ်ဘရန်အောင်က “တရုတ်အာလူး၊ ပြောင်းဖူးကလွဲလို့ ဘာမှလုပ်စားမရဘူး။ ဆိတ်၊ နွား၊ ၀က်မွေးပြီး ဖြစ်သလို ရုန်းကန်ရှာဖွေနေကြတာပဲ။ အရောင်းအ၀ယ်ဆိုတာကလည်း ဒေသခံတွေက အရင်းအနှီးမရှိတော့ မလုပ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့ လူတွေပဲ လုပ်နိုင်တာဖြစ်နေတယ်” ဟု ရှင်းပြသည်။

မူလတန်းကျောင်း ဆယ်ကျောင်းနှင့် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း
ပန်ဝါဒေသ၏ စာတတ်မြောက်မှုနှုန်းမှာ ၅၄ ရာခိုင်နှုန်းသာ ရှိနေပါသေးသည်။ မြစ်ကြီးနားမြို့တွင် ၂၄ နာရီလျှပ်စစ် မီးမရရှိသေးသော်လည်း ပန်ဝါမြို့လေးမှာတော့ လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ကျပ် ၁၃၀ နှုန်းခန့်ဖြင့် ၂၄ နာရီလုံး သုံးစွဲနိုင်ကြပါသည်။ ကချင်အထူးဒေသ (၁)ပိုင် ဆန်းလင်းကုမ္ပဏီက ရေအားလျှပ်စစ် ဓာတ်အားပေးရုံ တည်ဆောက်၍ တရုတ်ပြည်မှ ပညာရှင်များကိုပင် ခေါ်ယူခန့်ထားနိုင်ခဲ့ပြီး ပန်ဝါဒေသအတွင်း ကျေးရွာများပါမကျန် လျှပ်စစ်မီးကို  ဖောဖောသီသီ  ရရှိထားကြသည်။

ထိုသို့ရရှိရန်အတွက်လည်း ပန်ဝါဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို ကချင်အထူးဒေသ(၁)ကသာ အဓိကပြုလုပ်ပေး ထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အုပ်ချုပ်မှုလက်အောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားလုံးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်တို့က အစိုးရဌာနဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရာက အစပါဝင်
ကူညီထောက်ပံ့နေကြရဆဲဟု ဆိုသည်။

ယခင်က အစိုးရအုပ်ချုပ်ရေး လက်လှမ်းမမီသည့် ပန်ဝါဒေသရှိ NDA-K ဌာနချုပ်တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းသွားပြီးသည့်နောက် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဒေသလူမျိုးစုခေါင်းဆောင်အဖြစ်လည်း ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိမ်းတို့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သွားသည့် အချိန်မှာတော့ ပန်ဝါဒေသကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အပိုင်တွင် ပါဝင်သည့် မြို့နယ်ခွဲအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးလိုက်သည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်တွင် မြို့နယ်ခွဲသစ် ပန်ဝါဒေသသို့ အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး ရောက်ရှိလာခဲ့သည်။ အချိန်တိုအတွင်း အုပ်ချုပ်ရေးမှူးသုံးဦးပြောင်းလဲခဲ့သည့် ပန်ဝါမြို့တွင် ယခုအခါမှာတော့ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ အစိုးရမှစေလွှတ်သည့် ဌာနဆိုင်ရာ (၁၈) ခုရောက်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် လူမျိုးစု အကြီးအကဲကိုသာ အရှင်သခင် အဖြစ်မှတ်ယူထားကြဆဲဖြစ်သည့် ဒေသခံတို့ကြားမှာ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုက သုညအဆင့်မှာပဲရှိနေပါသေးသည်။ ဌာနဆိုင်ရာများဆီမှ မည်သည့်အခွန်အခမှ ရရှိမလာသည့်အတွက် ပြည်နယ်အစိုးရဆီမှလည်း မည်သည့်ဘတ်ဂျက်မှ ကျလာခြင်းမရှိသေးပေ။

“၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ဒီဒေသအတွက် ဘာဘတ်ဂျက်မှမကျခဲ့ဘူး။ ဌာနဆိုင်ရာအဆောက်အအုံရတာလည်း ထွေအုပ်နဲ့ ရဲစခန်းပဲရှိသေးတယ်။ အခုက အထူးဒေသ(၁)က ပေးထားတဲ့ စုပေါင်းရုံးမှာပဲ ဌာနတွေစုနေကြရတယ်” ဟု လက်ရှိ ပန်ဝါမြို့နယ်ခွဲ၏ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပြသည်။

ထို့နောက် ဦးသိန်းဇော်ဦးက ပန်ဝါမြို့ရှိ အစိုးရဌာနများ ယောင်လည်လည်ဖြစ်နေရသည့် အခြေအနေကို အောက်ပါအတိုင်း ပြောပါသည်။

“အုပ်ချုပ်ရေးက တည်တည်ငြိမ်ငြိမ်မဖြစ်သေးဘူး။ ယစ်မျိုးခွန် ကောက်လို့မရဘူး။ စည်ပင်က ဈေးခွန်ကောက်လို့မရသေးဘူး။ အထူးဒေသ(၁)ကပဲ စီမံဆောင်ရွက်နေသေးတယ်။ ကျွန်တော်တို့လည်း ထွင်ပြီးမလုပ်ရဲဘူး။ ပထမဆုံးငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့
လည်းဖြစ်နေတယ်။ ကျွန်တော်တို့ဌာနအကြီးအကဲတွေ ကိုယ်တိုင်ကလည်း စည်းရုံးရေးနည်းလမ်းနဲ့ပဲသွားပါလို့ မှာလိုက်တယ်။ အစိုးရအုပ်ချုပ်ရေးကို မရောက်သေးဘူး။ ဒေသခံတွေက လိုလိုလား လားပေးမှရမှာ”

ကချင်အထူးဒေသ(၁)ဟူသည့် ဂုဏ်အရှိန်အ၀ါက အစိုးရက စေလွှတ်လိုက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် မ၀ံ့မရဲ ဖြစ်နေသေးသည်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပန်ဝါမြို့အတွင်းရှိ ယခင် ကချင်အထူးဒေသ(၁)၏ မြို့အုပ်ချုပ်ရေး အဖွဲ့ရုံးကလည်း ဒေသအပေါ်စိုးမိုးနိုင်စွမ်းရှိနေဆဲဖြစ်သည်။

အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့ကို ဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီဟု အမည်ပြောင်းလဲထားကာ ပန်ဝါဒေသတည်ငြိမ်ဖွံ့ရေးအတွက် အစိုးရအုပ်ချုပ်ရေးမှူးရုံးနှင့် လက်တွဲဆောင်ရွက်နေကြပြီဟု အုပ်ချုပ်ရေးနှစ်ဖွဲ့လုံးကတော့ ပြောကြသည်။ မည်သို့ပင်ဆိုစေ မငြိမ်သက်သေးသည့်အခြေအနေများကြောင့် ပန်ဝါမြို့အစိုးရအုပ်ချုပ်ရေးယန္တရားက အခြေမခိုင်သေးဘဲ မြို့ခံအုပ်ချုပ်ရေးကော်မတီနှင့်အတူ  စစ်ဘေးရှောင်ဒုက္ခသည်များကိုသာ ပူးတွဲကူညီနေကြရသည်။

ပန်ဝါမြို့သို့ ၂၀၁၂ မေလမှ စတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာကိုးရွာမှ တိုင်းရင်းသားများဖြစ်ကြပြီး လူဦးရေ ၃၈၉ ဦးရှိ သည်။ ထိုဒုက္ခသည်တို့အတွက် လိုအပ်သည့်အစားအသောက်ကို ပန်ဝါမြို့အကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့များကပင် တာဝန်ယူထားကြသည်။ သို့သော်လည်း ချမ်းအေးသည့် ဒေသဖြစ်သည်မို့ အ၀တ်အစားနှင့် စောင်လိုအပ်ချက်များရှိနေကြသည်ကို တွေ့ရသည်။ ၂၅ ခုတင်ဆံ့ ဆေးရုံလေးတစ်ရုံရှိသော်လည်း ဆေးဝါးလိုအပ်ချက်ကလည်း ရှိနေသည်သာ။

“မျှော်လင့်ချက်ထားစရာတော့ ဘာမှမရှိပေမယ့် ... သူများဒေသ ဒုက္ခသည်စခန်းတွေကို အကူအညီရောက်တာတွေကြားတော့လည်း နိုင်ငံသားအချင်းချင်း ကိုယ့်ဒေသကို ရောက်များရောက်လာမလားလို့ မျှော်တလင့်လင့်တော့ ဖြစ်နေတာပေါ့” ဟု ပန်ဝါဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဦးဝမ်ထယ်ပရန်အောင်က မြို့မိ မြို့ဖတစ်ဦး၏ ခံစားချက်ကို ရင်ဖွင့်သည်။

ယခုနှစ် ဇွန်လနောက်ဆုံးပတ်က မြန်မာပြည်အရှေ့မြောက်ဖျား၊ တရုတ်ပြည်နယ်စပ်ရှိ ပေပေါင်း ၈၀၀၀ ခန့်မြင့်မားသည့် ထင်းရှူးတောင်တန်းကြီးများပေါ်မှာ မြူခိုးတွေမှိုင်းညို့လျက်ရှိသည်။ တောင်ကုန်း၊ ချိုင့်ဝှမ်းများဖြင့် မြေပြင်မညီမညာတည်ဆောက်
ထားသော အညိုရောင်နယ်မြေ ပန်ဝါမြို့နယ်ခွဲလေးပေါ်သို့ မိုးရေစက်များက ခပ်ဖွဲဖွဲကျဆင်းနေသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဟူသော နှစ်နိုင်ငံနယ်နိမိတ် မုခ်ဦးပေါက်ဝဆီမှ အနွေးထည်ထူထူထဲထဲဝတ်ဆင်ထားသည့် အိမ်နီးချင်းဆွေမျိုးပေါက်ဖော်များ ခပ်ကျဲကျဲဝင်ရောက်လာကြသည်။ ထိုမြင်ကွင်းများမှာ ယခင် NDA-K အဖွဲ့အစည်းအုပ်ချုပ်ခဲ့သောကာလ၊ ဒီမိုကရေစီအစိုးရသစ်မတိုင်မီကာလတို့နှင့် နှိုင်းစာလျှင် ပုံမှန်အခြေအနေ ပြန်မရောက် လာသေးသည့် ပန်ဝါမြို့၏ အသွင်ကို ဖော်ပြနေသည်။

“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ချမှတ်ထားတဲ့ လမ်းကြောင်းထဲမှာ ကျွန်တော်တို့ အားလုံးလိုက်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရဲ့ စီမံကိန်းရေးဆွဲထားမှုရှိ၊ မရှိကိုတော့ မသိသေးဘူး။ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေရတုန်းပဲ” ဟု ကချင်အထူးဒေသ(၁) ၏ လူမျိုးစုခေါင်းဆောင် ဒူဝါတစ်ဦးဖြစ်သည့်အပြင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးဇခုန်ယိမ်းဆောင်က ၎င်းတို့ဒေသ၏ လက်ရှိအခြေအနေကို ပြည်သူများကိုယ်စား ပြောသည်။

ကချင်အထူးဒေသ(၁)သည် နိုင်ငံတော်အစိုးရနှင့် ပထမဆုံးငြိမ်းချမ်းရေးရယူခဲ့သည့်အပြင် အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ပထမဆုံးလက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရအပေါ် ယုံကြည်မှုတစ်ရပ် ဖြစ်တည်လာစေရန်မှာ ထိုဒေသ၏ ဖွံ့ဖြိုးမှုစံနှုန်းအပေါ်လည်း များစွာမူတည်နေပါသည်။

နောင်တစ်ချိန်တွင် အတိတ်ကထက် ပိုမိုသာလွန်စွာ စည်ကားသိုက်မြိုက်လာနိုင်မည့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးအခန်းကဏ္ဍအတွက် အရေးပါသည့်နယ်စပ်မြို့ကြီးတစ်မြို့ ဖြစ်လာဖွယ်ရှိသော ပန်ဝါဒေသကို နိုင်ငံတော်အစိုးရက တာဝန်ယူကာ ဖွံ့ဖြိုးတိုးတက်လာ စေမည်လား။ သို့တည်းမဟုတ် ကချင်အထူးဒေသ(၁)၏ မူလဒေသအကြီးအကဲများကပင် ကိုယ့်ဒေသအတွက် တာဝန်ယူလုပ်ဆောင်သွားဦးမည်လားဆိုသည်ကိုမူ စောင့်ကြည့်ကြရမည်သာဖြစ်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis