အမြန်လမ်းနှင့် ယာဉ်အန္တရာယ် (သန်းဝင်း (အာအိုင်တီ))
အများပြည်သူတို့
အသုံးပြုနေသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို အန္တရာယ်
အနည်းဆုံးဖြင့် သွားလာနိုင်ကြရန်နှင့် ပြုပြင်သင့်သည်တို့ကို
ပြုပြင်နိုင်ရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။
လမ်းအန္တရာယ် ကင်းစေရေးအတွက် လူ၊ လမ်းနှင့် ယာဉ်တို့ သုံးခုလုံး ကောင်းမွန်
ပြည့်စုံရပါမည်။ တစ်ခုခု ချို့ယွင်းလျှင် အန္တရာယ်ရှိပါသည်။ သို့သော်
လမ်းဒီဇိုင်း ပြုလုပ်ရာတွင်လည်းကောင်း၊ လမ်း ဖောက်လုပ်ရာတွင်လည်းကောင်း
အင်ဂျင်နီယာများ အဓိက ထည့်သွင်း စဉ်းစားရမည့် အချက်များမှာ လူနှင့်
ယာဉ်တို့၏ ချို့ယွင်းနိုင်သည့် အချက်များ၊ ပျက်စီးနိုင်သည့် အချက်များ၊
စည်းကမ်း ဖောက်ဖျက် နိုင်သည့် အချက်များ ဖြစ်ပေသည်။ ကောင်းမွန်စွာ ဒီဇိုင်း
ရေးဆွဲ ဆောက်လုပ်ထားသော လမ်းသည် သာ လူ၊ လမ်း၊ ယာဉ် သုံးရပ်ထဲတွင် အဓိက
အရေးအပါဆုံးသော အချက်ဖြစ်ပေသည်။
အမြန် ဒီဇိုင်းဆွဲ၊ အမြန်
ဖောက်ခဲ့ရသော ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းသည် အင်ဂျင်နီယာ
ရှုထောင့်မှကြည့်လျှင် အားနည်းချက်များ မြောက်မြားစွာ ရှိနေသည်မှာ အံ့သြရန်
မရှိပါ။ ခေတ်စနစ် အခြေအနေအရ ထိုသို့ လုပ်ဆောင်ခဲ့ကြရသည်ကို နားလည်မိပါသည်။
သို့သော် အဆိုပါ အားနည်းချက်များ မှားယွင်းမှုများကို အမြန်
ပြုပြင်ပေးမှသာလျှင် အန္တရာယ် အနည်းဆုံးသော လမ်းမကြီး ဖြစ်လာပါမည်။
အများပြည်သူတို့ လမ်းအန္တရာယ် ကင်းစေရေးအတွက် ပြုပြင် ပေးနိုင်သော အချက်များကို ရိုးသားစွာ တင်ပြသွားပါမည်။
ပထမဦးစွာ Road Curb နှင့် Road Barrier များ၏ အရေးပါပုံကို တင်ပြပါမည်။
‘ကပ်တုံး’ များ၏ အဓိက Function မှာ (ယာဉ်ကြောင့်သော် လည်းကောင်း၊
ယာဉ်မောင်းကြောင့်သော်လည်းကောင်း) လမ်းမပေါ်မှ မှား၍ ချော်ထွက်သွားနိုင်သော
ယာဉ်များကို အန္တရာယ် အနည်းဆုံး၊ အပျက်အစီး အနည်းဆုံးဖြင့် လမ်းမပေါ်သို့
ပြန်တည့်ပေးရန် ဖြစ်ပါသည်။
ထိုသို့ ဖြစ်ရန်အတွက် ကွန်ကရစ်
ကပ်တုံးများသည် တစ်ဆက် တစ်စပ်တည်း ရှိရမည်။ ညီညာရမည်။ ချောမွတ်ရမည်။
ကွန်ကရစ် ကပ်တုံးများ၏ အဆက်သည် သပ်ရပ်ရမည်။ ယာဉ်နှင့် ကပ်တုံး ထိခိုက်
ပွတ်တိုက်မိလျှင် ယာဉ်ကိုသော်လည်းကောင်း၊ ယာဉ်ပေါ်ပါ
ခရီးသည်များကိုလည်းကောင်း ထိခိုက်မှု အနည်းဆုံး ဖြစ်ရမည်။ အရည်အသွေး
ပြည့်မီသော ကွန်ကရစ်ကပ်တုံး တပ်ဆင်ထားခြင်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး
အမြန်လမ်းတွင် တပ်ဆင်ထားသော ကပ်တုံးများကို အောက်ပါပုံတွင်
ယှဉ်ကြည့်နိုင်ပါသည်။ ကပ်တုံး မထားသည်က ပို၍ အန္တရာယ်ကင်းပေမည်။
ကွန်ကရစ် ကပ်တုံးများကို တပ်ဆင်ရာတွင် လိုသောနေရာများတွင်သာ
တပ်ဆင်သင့်ပါသည်။ ဥပမာအားဖြင့် Centrifugal Force သက်ရောက်ရာ ဘက်တွင်သာ
တပ်ဆင်ရပါမည်။ အောက်ဖော်ပြပါ ပုံတွင် သိရှိနိုင်ပါသည်။
ကွန်ကရစ်
ကပ်တုံးများတွင် (Road Curb ဖြစ်စေ Road Barrier ဖြစ်စေ) ရေဆင်းပေါက်
(Drainage Hole) များ ပါရပါမည်။ အောက်ဖော်ပြပါ ပုံတွင် နှိုင်းယှဉ်
ကြည့်နိုင်ပါသည်။ ကပ်တုံးများကြောင့် လမ်းပေါ် ရေအိုင်နေခြင်း မရှိစေရပါ။
ရေအိုင်နေခြင်းဖြင့် Accident ပိုဖြစ်စေနိုင်ပါသည်။
ရှစ်လက်မ
အမြင့်ရှိသော လမ်းဘေး ကွန်ကရစ်တုံးကို Road Curb ဟု ခေါ်ပါသည်။
သုံးပေခန့်ရှိသော ကွန်ကရစ် ကပ်တုံးကိုတော့ Road Barrier ဟု ခေါ်ပါသည်။
အဆိုပါ ကပ်တုံးများသည် စံနှုန်း သတ်မှတ်ချက်များ ရှိပါသည်။ သို့သော်
စံနှုန်းများကို လုံးဝ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါ။
(က) ရှစ်လက်မ အမြင့်မရှိသော Road Curb များကို နေရာ အတော်များများတွင် တွေ့ရပါသည်။
(ခ) ကပ်တုံးများကို ယာဉ်နှင့် ပွတ်တိုက်မိလျှင် Shear မဖြစ်ရန် ကွန်ကရစ်
တစ်ဆက် တစ်စပ်တည်း လောင်းရပါမည်။ သို့သော် အမြန်လမ်းတွင် အုတ်များကို
နံကပ်စီ၍ ချောထားပါသည်။
(ဂ) ရှစ်လက်မ အမြင့်ရှိသော ကပ်တုံးအနီးသို့
ယာဉ်မောင်းများ နီးကပ်စွာ မောင်းရဲကြပါသည်။ သုံးပေ အမြင့်ရှိသော
ကပ်တုံးနှင့် ယာဉ်မောင်း တိုင်းခွာ၍ မောင်းရပါသည်။ ဆိုလိုသည်မှာ သုံးပေ
ကပ်တုံး သုံးလိုလျှင် Lane Width သည် 3.6m ရှိရပါမည်။ ယာဉ်နှင့်
ကပ်တုံးကြား Horizontal Clearance ပိုရှိရန် လိုပါသည်။ လုံလောက်သော Land
Width မရှိဘဲ၊ Horizontal Clearance မရှိဘဲ သုံးပေ ကပ်တုံးကို တပ်ဆင်၍
မရပါ။ အန္တရာယ် ကြီးပါသည်။ သုံးပေ ကပ်တုံးများကို တစ်ခုကြားစီ ချထားခြင်း
သည် အန္တရာယ်ကို လက်ယပ်၍ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပါသည်။
Express
Way ၏ Lane Width သည် 3.6m ရှိရပါမည်။ စာရေးသူ ကိုယ်တိုင် အန္တရာယ်
ကြီးမားစွာ ပေကြိုး အသုံးပြု၍ တိုင်းတာကြည့်ရာ (အတွင်းလမ်း၏
အဝါရောင်မျဉ်းနှင့် အဖြူရောင် ဗဟိုမျဉ်း အကွာအဝေးသည်) သုံးမီတာ
သာရှိကြောင်း တွေ့ရပါသည်။ သုံးမီတာ Width မှာ ရန်ကုန်မြို့တွင်း
လမ်းအတွက်ပင် ကျဉ်းနေပါသေး၏။ အမြန်လမ်း အတွက်မူကား 3.6m အပြည့်
ရှိနေရပါမည်။ ထို့ကြောင့် ကား ကျော်တက်သည့်အခါ အလွန် အန္တရာယ်များနေခြင်း၊
ထိခိုက်မှု ရှိနေခြင်း ဖြစ်ပါသည်။ အောက်ပါပုံတွင် အတွင်းလမ်း Lane Width
ကျဉ်းနေသည်ကို တွေ့ရမည်။
ကွန်ကရစ် ကပ်တုံးနှင့် Lane
Width တို့ကြောင့်ဖြစ်သော မတော်တဆမှုများတွင် Accident ဖြစ်ပြီးလျှင်
ကားဘီးပေါက်လေ့ ရှိပါသည်။ ကားဘီးပေါက်၍ Accident ဖြစ်ရသည်ဟု ကောက်ချက်
ချလေ့ရှိပါသည်။
ကွန်ကရစ် ကပ်တုံးများထက် Guard Rail များကို
အသုံးပြုသင့်ပေသည်။ သို့သော် Guard Rail နှင့် လမ်းကြားတွင်
မည်သည့်အခုအခံအတား အဆီးမျှမရှိသင့်ပေ။ အမြန်လမ်းတွင် တပ်ဆင်ထားသော Guard
Rail ၏ ရှေ့တွင် ရောင်ပြန် Arrow များကို Road Side Guide Post များတပ်၍
ထားသည်ကို တွေ့ရပါသည်။ အဆိုပါ Guide Post များကို Guard Rail နောက်သို့
ပို့ရပါမည်။
Guard Rail များ တစ်ဆက် တစ်စပ်တည်း ရှိရပါမည်။ ပုံတွင်ကြည့်ပါ။
နိဂုံးချုပ် အနေနှင့် အရေးတကြီး ပြုပြင်သင့်သည်များကို တင်ပြပါမည်။
တစ်ခုခြားစီ ချထားသော ‘ကွန်ကရစ်တုံးများကို အနည်းငယ် (1’ – 2’ ခန့်)
နောက်ဆုတ်၍ ပြန်လည် Install လုပ်ရန်၊ နောက်ဆုတ်လိုက်၍ လစ်ဟာသွားသော နေရာကို
Pavement ပြန်ခင်းရန်၊ ဗဟို ခွာအားနှင့် ဆန့်ကျင်သော နေရာများတွင် Install
လုပ်ထားသော ကွန်ကရစ် ကပ်တုံးကြီးများကို ဖယ်ရှားရန်။ ကွန်ကရစ် ကပ်တုံးများ
တစ်ဝိုက်တွင် ရေဝပ်နေပါက ရေထွက်ပေါက် ပြုလုပ်ပေးရန် ရှစ်လက်မ
ကပ်တုံးလေးများကို ကွန်ကရစ် ကပ်တုံးများ ပြောင်းလဲပေးရန် သုံးပေ ကွန်ကရစ်
ကပ်တုံးများ တစ်ဆက် တစ်စပ်တည်းဖြင့် ကွေ့များတွင် ချောမွေ့စွာ
တည်ဆောက်ပေးရန်၊ Guard Rail များ ပြတ်တောက်မနေဘဲ တစ်ဆက်တစ်စပ်တည်းဖြစ်အောင်
ပြုလုပ်ပေးရန်၊ Guard Rail နှင့် ကွန်ကရစ်လမ်း အကြား မည်သည့် အခုအခံ
အတားအဆီးမျှ ရှိမနေစေရန်၊ Lane Width 3.6m မပြည့်သော နေရာမှန်သမျှ
ချဲ့ပေးရန်၊ ရှစ်လက်မ မပြည့်သော Road Curb များကို စံနှုန်းပြည့်သော
ကွန်ကရစ် Road Curb များဖြင့် အစားထိုးရန် နောက်ထပ် တပ်ဆင်မည့် သုံးပေ
ကွန်ကရစ် ကပ်တုံး များအစား Guard Rail များ ဦးစားပေး၍ တပ်ဆင်ရန်
စသည်တို့ကို ကနဦးအနေနှင့် ပြုပြင်နိုင်ရန် အကြံပြု တင်ပြအပ်ပါသည်။
အများပြည်သူ အကျိုးအတွက် ဆက်လက်၍ ရေးသား တင်ပြသွားပါ ဦးမည်။
Copy from facebook
No comments:
Post a Comment