menu

Sunday 6 January 2013

ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထွက်ရှိသော အနက်ရောင်သဲများကို ပြည်ပနိုင်ငံများ ၀ယ်ယူရန် ကြိုးပမ်းနေ

Photo: ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထွက်ရှိသော အနက်ရောင်သဲများကို ပြည်ပနိုင်ငံများ ၀ယ်ယူရန် ကြိုးပမ်းနေ 

Sunday, 06 January 2013 13:48

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း အငူမော်ကျေးရွာအနီးရှိ ပင်လယ်ပြင်မှထွက်ရှိသော အနက်ရောင် သဲများကို ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ဝယ်ယူရန် ကမ်းလှမ်းမှုများတွင် တရုတ်နိုင်ငံမှ အဓိကပါဝင်ပြီး ဂျပန်နိုင်ငံမှလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ အဆိုပါသဲများတွင် ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပြဒါးများ ပါဝင်ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခု အဆိုပါနေရာသို့ လာရောက်ပြီး စမ်းသပ်ထုတ်လုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Gold Finder ကို အငူမော်မှ အလယ်သံကျော် ကမ်းခြေတစ်လျှောက်တွင် စမ်းသပ်မှုများ ပြုလုပ်ခွင့်ပေးထားကြောင်းလည်း ပြည်နယ်စိုးအရအဖွဲ့မှ သိရှိရပါသည်။ အလားတူ အဆိုပါကမ်းခြေတစ်လျှောက်မှ ထွက်ရှိသော သဲများကိုလည်း ကုမ္ပဏီများက ထုတ်လုပ်ရောင်းချခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ထိုသဲများသည် သံလိုက်ဆွဲအားရှိသော သဲများဖြစ်သည့်အပြင် အဖိုးထိုက်တန်သော သဲများဖြစ်သဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသတွင်း အကျိုးအမြတ်များ ရရှိနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။ သို့သော်လည်း ဒေသခံများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသော သယံဇာတတစ်မျိုးအား ဒေသခံများအတွက် ရပိုင်ခွင့်များကို ထည့်တွက်စဉ်းစားမည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။

အငူမော်ကျေးရွာမှ ဒေသခံတစ်ဦးက "ကိုယ့်ဒေသကထွက်တဲ့ သယံဇာတတစ်မျိုးကို တစ်ဦးကောင်းတစ်ယောက်ကောင်း ထုတ်လုပ်ရောင်းချ စားသွားတာမျိုးထက်၊ ရခိုင်ပြည်နယ်အတွက် အကျိုးရှိအောင် အသုံးချမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။ ကမ်းခြေက ရှည်လျားပြီး ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့က မသိတော့ ဘင်္ဂလားဘက်ကို ခိုးထွက်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါပေမယ့် ခိုးမခိုးတော့ အတတ်ပြောဖို့ ခက်တယ်။ ကမ်းခြေလုံခြုံရေးက ရှိတာမဟုတ်တော့ ဘင်္ဂလားဘက်ကို ထွက်နိုင်တယ်လို့လည်း ပြောကြတယ်" ဟု ပြောပါသည်။

အဆိုပါ အငူမော်ကမ်းခြေသည် ရှည်လျားပြီး မောင်တောမြို့နယ် အလယ်သံကျော်အထိ ရောက်ရှိကြောင်း သိရပါသည်။ အဆိုပါ သဲများနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူ များပြားနေသော်လည်း စမ်းသပ်ထုတ်လုပ်ခွင့်သာ ပေးထားပြီး ထုတ်ယူတင်ပို့ခွင့်ကို ပေးမထားသဖြင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

စစ်တွေမြို့နှင့် ၁၀ မိုင်ခန့်အကွာ ရသေ့တောင်မြို့နယ်၊ အငူမော်ကမ်းခြေမှ စတင်ကာ မောင်တောမြို့နယ် အလယ်သံကျော်အထိ အဆိုပါသဲများကို တွေ့ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြပါသည်။

အငူမော်ဆိပ်ကမ်းအနီး သဲအိတ်များ စုပုံထားစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis