menu

Wednesday 8 February 2012

ရင်ခုန်ပြောကြား အကယ်ဒမီစကား




၂၀၁၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အားလုံး ခန့်မှန်းထားသည့် အတိုင်း ရသင့်သည့်သူများ ရရှိသွားသကဲ့သို့ အချို့မှာလည်း ခန့်မှန်းထားသည်နှင့် လွဲချော်ခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့် အကယ်ဒမီ ရွှေစင်ဆုရရှိခဲ့သော အနုပညာရှင်များ၊ ပွဲသို့ တက်ရောက်လာသော အနုပညာရှင်များနှင့် လာရောက်ကြည့်ရှု ကြသော ပရိသတ်များ၏ ရင်ခုန်ပြောစကားများကို တင်ဆက်လိုက်ရပါသည်။

ပန်းချီစိုးမိုး (ရုပ်ရှင်ဓာတ်ပုံဆု)
အနုပညာအလုပ်ဆိုတာ သေတဲ့အထိ မပြီးဆုံးတဲ့ အလုပ်တစ်ခုပါ။ ဘယ်တော့မှ မပြီးဆုံးတဲ့ အနုပညာ အလုပ်ဖြစ်လို့ ထာဝရပြီးဆုံးမှာလည်း  မဟုတ်ပါဘူး။ ထာဝရအောင်မြင်ဖို့ ထာဝရကြိုးစား အားထုတ်နေရမှာပါပဲ။
ဝေဠုကျော် (အမျိုးသားဇာတ်ပို့ဆု)
ကျွန်တော့်မိဘနှစ်ပါး၊ ကျွန်တော့်ညီမ၊ ကျွန်တော့်ကို ဒီအနုပညာ လောကထဲမှာ ရပ်တည်ခွင့်ပေးတဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးကိုကျေးဇူးတင်ပါတယ်။ အကယ်ဒမီဆိုတဲ့ မှတ်တိုင်တစ်ခုကို ရောက်ဖို့အတွက် ရုပ်ရှင်ကားကြီးတွေ ရိုက်ရပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်ရုံနဲ့  မရပ်တည်နိုင်ပါဘူး။ တကယ်တမ်း စားရတာက ဗီဒီယိုကားတွေပါပဲ။ ရုပ်ရှင်လောကကြီး ကောင်းအောင် ကြိုးစားရပါဦးမယ်။ ဆင်ဆာမူဝါဒတွေ လျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လမ်းဘေးက ခိုးကူးနေကြတဲ့ ခိုးကူးတွေကိုလည်း စနစ်တကျ ထိန်းသိမ်းပေးစေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
မြန်မာပြည်ကျောက်စိမ်း (တေးဂီတဆု)
ရုပ်ရှင်နောက်ခံ ဆိုင်းဝိုင်းအဖြစ် တီးချင်နေတာ တော်တော်ကြာနေပါ ပြီ။ အခုလို တီးခတ်ခွင့်ရချိန်မှာ မြန်မာ့ဆိုင်းကို အနောက်တိုင်းဟန်နဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး တီးခတ်ခဲ့ပါတယ်။ လေ့လာဆည်းပူးခဲ့ရတဲ့ ဆရာသမားများ အားလုံး တီးခတ်ခွင့်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ဇာတ်ညွှန်းနှင့် ဒါရိုက်တာဆု)
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
ဝါ၀ါအောင် (အမျိုးသမီးဇာတ်ပို့ဆု)
ကြွရောက်လာကြတဲ့ လူကြီးမင်းများအားလုံးနဲ့ ၀ါဝါရဲ့ထမင်းရှင် ပရိသတ်ကြီးများ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလိုဆုရခဲ့တဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဒီကားမှာ ၀ါဝါအနေနဲ့ အများကြီး ကြိုးစားအားထုတ်ခဲ့ရသလို ထိုက်ထိုက်တန်တန် အခုလိုချီးမြှင့်ခံရတဲ့ အတွက် ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။
ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု)
ဒီနေ့ညက ဘ၀မှာ ဘယ်တော့ မှ မမေ့တော့တဲ့ ညလေးတစ်ညပါပဲ။ ကျေးဇူးတင်ရမယ့် သူတွေကလည်း အများကြီးပါ။ အတိုချုံးအားဖြင့် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုနေရာမှာ ဒီလို အောင်မြင်စေချင်တဲ့အဖေနဲ့ သူ့အနား အမြဲရှိနေတဲ့ အမေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်တာ ကာလတွေကလည်း အခုလို အကယ်ဒမီပွဲတွေတက်ခဲ့ပါ တယ်။ ဒါပေမယ့် ဒီလိုစင်မြင့်ပေါ်တက်ဖို့မပြောနဲ့ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ခွင့်တောင် အဝေးကြီးပါ။ ကျွန်တော့်ရဲ့ဘ၀က အချိုးအကွေ့တွေ များခဲ့ပါတယ်။ ရှည်လျားလှတဲ့ အနုပညာခရီးတစ်လျှောက်မှာ ဒီလိုအခြေအနေမျိုး ရပ်တည်နိုင်အောင် ကျွန်တော့်ရဲ့ အမာခံပရိသတ်တွေက ထောက်ပံ့ပေးခဲ့လို့ အများကြီးကျေး ဇူးတင်ရပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေအားလုံးရဲ့ ရစေချင်တဲ့စိတ်ကြောင့်သာ အခုလို အကယ်ဒမီဆုကြီးကို ရရှိခဲ့တာပါ။ ဒါကြောင့် ပရိသတ်တွေကို တန်ဖိုးဖြတ်လို့ မရပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
သက်မွန်မြင့် (အမျိုးသမီးဇာတ်ဆောင်ဆု)
သက်မွန်ရဲ့ဘေးမှာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မိဘနှစ် ပါး၊ သက်မွန်ရဲ့မောင်နှမတွေ အားလုံး  ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဒီဇာတ်ကားမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ထုတ်လုပ်သူ ခင်စန္ဒာမြင့်၊ ဒါရိုက်တာ ၀ိုင်း တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ သူတို့ယုံယုံကြည်ကြည်နဲ့ သရုပ်ဆောင်ခွင့်ပေးတဲ့အတွက် အခုလို အကယ်ဒမီဆုကို ရရှိခဲ့တာပါ။ ဒီဆု က သက်မွန်တစ်ယောက်တည်း ထူးချွန်လို့၊ တော်လို့ရတာ မဟုတ်ပါဘူး။   ၀ိုင်းဝန်း သရုပ်ဆောင်ပေးကြတဲ့ ကိုပြေတီဦး၊ စိုင်းစိုင်း၊ ဒါရိုက်တာ ကိုဝိုင်း၊ ကင်မရာမန်း၊ စက်အဖွဲ့တွေ အားလုံး ကူညီပေးကြလို့ပါ။ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ နောက်ပိုင်းလည်း ဒီထက်ကောင်းမွန် တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို  ပေးဆပ်သွားပါဦးမယ်လို့ ပြောကြားလိုပါတယ်။
ခင်စန္ဒာမြင့် (Heart and Soul) (အကောင်းဆုံးဇာတ်ကားဆု)
ဒီဇာတ်ကားကို ရုပ်ရှင်ကားကြီး အဖြစ် ပြောင်းလဲ ပြသခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးနဲ့ ရုပ်ရှင်လုပ်ငန်းက တာဝန်ရှိသူအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလိုပြသ ခွင့်ရတဲ့အတွက်ကြောင့်လည်း ပရိသတ်တွေအနေနဲ့ အားပေးကြည့်ရှု ခွင့်ရခဲ့တာပါ။ ဒါကြောင့်လည်း အခုလို အောင်မြင်ခဲ့တာပါ။ ဒီဇာတ်ကား ရိုက်ကူးစဉ်မှာ အားတက်သရော ပါဝင်ခဲ့ကြတဲ့ ဒါရိုက်တာကိုဝိုင်း  နဲ့ သရုပ်ဆောင်တွေ အားလုံးရုံတင်ပြသစဉ်မှာ ကူညီခဲ့ကြတဲ့လူတွေ အားလုံး နဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ဒီလိုကား ကောင်းမျိုးတွေထပ်ပြီး ရိုက်ကူးသွားပါဦးမယ်လို့ ကတိပေးပါတယ်။
စိုင်းစိုင်းခမ်းလှိုင်
အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆုရမယ်လို့ ထင်တောင် မထင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါရိုက်တာ၊ တည်းဖြတ်၊ ဓာတ်ပုံ၊ ဇာတ်ညွှန်းဆုတွေ မရခဲ့ဘူးလေ။ အခုဇာတ်ကား ဆုရတော့ ကျွန်တော် ထခုန်မိပါတယ်။ ကျွန်တော်လုပ်ချင်တဲ့ အိပ်မက်တွေအများကြီး ရှိပါသေးတယ်။ ဒီဇာတ်ကားဆုရခဲ့တဲ့ အတွက် ကျွန်တော်အရမ်းအားရှိ သွားခဲ့ပါတယ်။ ပရိသတ်တွေက ကျွန်တော့်ကို ဇာတ်ပို့ဆုရစေချင်ပါတယ်။ သရုပ်ဆောင်အားဖြင့် ဒီကားမှာတော့ မရခဲ့ပါဘူး။ ဒါကြောင့် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် ဇာတ်လမ်းအားဖြင့်တော့ ကောင်းလို့ မျှော်လင့်မိခဲ့ပါတယ်။ မျှော်လင့်သလို ဇာတ်ကားဆုရတဲ့ အတွက်လည်း အရမ်း ၀မ်းသာမိပါတယ်။ အကောင်းဆုံး ဇာတ်ဆောင်ဆုတွေ ရရှိခဲ့တဲ့ ပြေတီဦးနဲ့ သက်မွန်မြင့်အတွက်လည်း ၀မ်းသာမိပါတယ်။
အိန္ဒြာကျော်ဇင်
အရမ်းဝမ်းသာပါတယ်။ ကိုယ့်တုန်းကထက်ပိုပြီးတော့ ပျော်ရွှင် ရင်ခုန်နေသေးတယ်။ သက်မွန်တို့ အခု အန်တီဝါ၀ါအောင်တို့နဲ့အတူ ကျန်တဲ့သူတွေ အားလုံးနဲ့ ထပ်တူ ထပ်မျှ ၀မ်းသာဂုဏ်ယူမိပါတယ်။ ကိုပြေတီဦးအတွက်တော့ ပြောမပြတတ်လောက်အောင် ပါပဲ။
ရွာတော် ရွာမှ ပရိသတ်တစ်ဦး
ဒီနှစ်ပွဲကို လာရတာ အရမ်းပျော်စရာကောင်းပါတယ်။ တင်ဆက်ပုံတွေက ခမ်းနားပြီး အားလုံး ထင်ကြေးပေးနေကြတဲ့ အတိုင်း ပြေတီဦးနဲ့ သက်မွန်မြင့်တို့ ရသွားတဲ့အတွက် ၀မ်းသာပါတယ်။  ဒါရိုက်တာဆုက တော့ အားလုံးကြိုပြီး ပြောနေကြသလို မဟုတ်တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်မှာတစ်ခါကြည့် ရတဲ့ပွဲဖြစ်တဲ့ အတွက် ပျော်စရာကောင်းတဲ့ပွဲလေး တစ်ပွဲပါပဲ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis