menu

Monday 8 October 2012

ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်များအကြား ၁၅ နှစ်ကြာ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက်မူဘောင်တစ်ခုရရှိ




wlmt3
မနီလာမြို့ရှိ သမ္မတနန်းတော်တွင် သမ္မတအကွီနိုက အောက်တိုဘာ ၇ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ဖိလစ်ပိုင်အစိုးရနှင့် နိုင်ငံတွင်းရှိ အင်အားအကြီးဆုံး မွတ်စလင်သူပုန်အဖွဲ့ Moro Islamic Liberation Front (MILF) တို့အကြား ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့သော အပြန် အလှန်တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက်မူဘောင်တစ်ခုကို ရရှိခဲ့ကြောင်း သမ္မတဘင်နစ်နိုအကွီနိုက အောက်တိုဘာလ ၇ ရက်တွင် ကြေညာခဲ့သည်။
ယင်းသူပုန်အဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရ အစ္စလာမ်မစ်ဒေသသစ်ထူထောင်နိုင်ရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယင်းဒေသ၌ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဟု ညွှန်းဆိုခံရသည်။ သယံဇာတရင်းမြစ်များကြွယ်ဝသော ယင်းဒေသမှာ မိမိတို့၏ဘိုးဘွားပိုင်နက်ဖြစ်ကြောင်း MILF အဖွဲ့ကမှတ်ယူထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် သူပုန်အဖွဲအကြား အပြန်အလှန်တိုက်ခိုက်မှုများအတွင်း လူ ၁၅၀၀၀၀ ကျော်သေဆုံးခဲ့ပြီး ယင်းပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ၁၅ နှစ်ခန့် စေ့စပ်ညှိနှိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီချက်မူဘောင်တစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးပြုလုပ်ခဲ့သောငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလေးရှားတွင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်၌ပြီးဆုံးခဲ့သည်။
ယခုမူဘောင်မှတစ်ဆင့် မင်ဒါနာအိုဒေသငြိမ်းချမ်းရေးအတွက် နောက်ဆုံး သဘောတူညီချက်ရရှိရန် လမ်းပွင့်စေခဲ့ကြောင်း အကွီနိုကပြောကြားခဲ့သည်။ ယင်းမူဘောင်ကြောင့် တောင်ပိုင်းဒေသ၌ အာဏာခွဲဝေအုပ်ချုပ်ပုံနှင့် အခွန်ကိစ္စစသောကိစ္စများအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သမ္မတကပြောကြားခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ်ကို Bangsamoro အဖြစ်ခေါ်တွင်မည်ဟု သိရသည်။ လက်ရှိဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ်ဖြင့်အစားထိုးမှုကို အကွီနို သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
ယင်းသူပုန်အဖွဲ့တွင် အင်အား ၁၂၀၀၀ ရှိသည်ဟု ခန့်မှန်းရသော်လည်း ၂၀၀၀ ပြည့်နှစ်တွင် အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်း အဖွဲ့မှာ အင်အားပြိုကွဲခဲ့သည်ဟု စစ်ဘက်ရင်းမြစ်များက ပြောကြားခဲ့သည်။
Ref:CNN;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis