menu

Monday 17 September 2012

ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေသည့် ယုဇန စားအုန်းဆီ စက်ရုံ ပိုင်ရှင် ကိုယ်တိုင် လာရောက် ဆွေးနွေး သော်လည်း တိကျရေရာသော ကတိကဝတ် မရရှိ

Photo: ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေသည့် ယုဇန စားအုန်းဆီ စက်ရုံ ပိုင်ရှင် ကိုယ်တိုင် လာရောက် ဆွေးနွေး သော်လည်း တိကျရေရာသော ကတိကဝတ် မရရှိ

လူမှုရေးသတင်း — စက်တင်ဘာလ ၁၇၊ ၂၀၁၂

မိမိတို့ တင်ပြ တောင်းဆိုထားသော ကတိများ မရရှိပါက မူလရည်မှန်း ထားသည့်အတိုင်း စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆီအုန်းနံ့ ပပျောက်ရေး ညှိနှိုင်းပွဲ၌ အကျိုးဆောင် အဖွဲ့မှ ဦးစန်းလှိုင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတ မြို့နယ်ရှိ ယုဇန စားအုန်းဆီ စက်ရုံမှ ထွက်ရှိလာသော မီးခိုး၊ ပြာမှုန့်၊ အနံ့ဆိုးများနှင့် ပတ်သက်၍ နှစ်ရှည်လများ ခံစားနေရသော ဒေသခံ ပြည်သူများ နှင့် ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်တို့ ယနေ့ ၁၅.၉.၁၂ ညနေ ၅းဝဝ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ နတ်မောက်ကျောင်း၊ ယုဇန ဗိမ္မာန်တော်ကြီးတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြရာ တင်ပြတောင်းဆို ထားသည့် တိကျရေရာသော ကတိကဝတ်များ မရရှိခဲ့သဖြင့် ပြည်သူများက ကျေနပ်မမှု မရှိကြကြောင်း သိရသည်။
ယုဇန ဦးဌေးမြင့်မှ ပြောကြားစဉ်

ယုဇန ဦးဌေးမြင့်မှ ပြောကြားစဉ်

“ကျွန်တော်တို့ကို အာမခံချက် ဆိုတာလည်း ပေးမသွားဘူး။ အဲဒါကြောင့် သူ့လုပ်ပုံပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က   ရှေ့ဆက် လျှောက်သင့်ရင် လျှောက်ရလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေ ကျေနပ်နိုင်တဲ့ အဖြစ်မျိုး မရှိသေးဘူး။ အခုဟာ သဘောလောက်ပဲ ရှိသေးတယ်”ဟု ဆီအုန်းစက်ရုံ ထွက် ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရသည့် ၁၄ ရပ်ကွက်နေ ဦးသက်ဝင်းက ပြောသည်။

စီတန်းလှည့်လည်ဖို့ ၁၄ ရက်မှာ ခွင့်ပြုမိန့် သွားတင်တော့ အရေးအသား နည်းနည်း လွဲနေတယ်ဆိုပြီး ပြန်လွှတ် လိုက်တယ်။ နေ့လယ်လောက်ကျ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တွေ့ချင်တယ်ဆိုပြီး ကျွန်တော့်အိမ် ရောက်လာ တယ်။ သူက အခုလို စီတန်း လှည့်လည်မယ့်အစား တာဝန်ရှိတဲ့သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့်ရရင်ရော အဆင်မပြေဘူးလား ဆိုပြီး မေးတယ်။ မေးတော့ ပြေပါတယ်။ ကျွန်တော်တို့က အလကား နေရင်း ဘယ်လမ်းပေါ် ထွက်လျှောက်ချင်ပါ့မလဲ။ သူတို့ဘက်က ဘာမှ (Action) မရှိလို့သာ အခုလိုလုပ်ရတာ”ဟု တွေ့ဆုံညှိနှိုင်းပွဲ နှင့်ပတ်သက်၍ အကျိုးဆောင် အဖွဲ့မှ ဦးစန်းလှိုင်က ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ဒေသခံ ပြည်သူများ ကိုယ်စား အကျိုးဆောင် အဖွဲ့မှ ရှင်းလင်း တင်ပြရာတွင် မိမိတို့သည် ၁၉၅၈ သာကေတ မြို့သစ် စတည်ခဲ့စဉ် ကတည်းက နေထိုင်ခဲ့ကြသူများ ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်၊ ယုဇန စားအုန်းဆီ စက်ရုံ စတင်လည်ပတ်ချိန်မှသာ အနံ့ဆိုးများ၏ ဒဏ်ကို ယနေ့ထိ ခံစားနေရခြင်း ဖြစ်ကြောင်း၊ ထို့ပြင် စက်ရုံသည် ယခင်ရှိခဲ့သော ရေတံခါးချောင်းအား ပိတ်ကာ တည်ဆောက် ထားသောကြောင့် ရေစီးရေလာ မကောင်းမွန်တော့ဘဲ ရပ်ကွက်ထဲတွင် ရေဝပ်နေကြောင်း၊ စက်ရုံမှ ထွက်ရှိသော မီးခိုး၊ ပြာမှုန့် နှင့် အနံ့ဆိုးများ ဆိုလျှင်လည်း ရှူရှိုက်မိသူများအား အာခေါင်စပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက် ရှူကြပ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရစေကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ နှလုံးနှင့် အဆုတ်ရောဂါသည်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း၊ ထို့ပြင် လူနေရပ်ကွက် အနီးတွင် လည်ပတ်နေသော စက်ရုံကြောင့် ရပ်ကွက်နေလူထုအား  အဆိပ်ငွေ့ဖြင့် အသက်တို စေသကဲ့သို့ ဖြစ်နေကြောင်း၊ စက်ရုံမှ ထွက်ရှိလာသော ပြာမှုန့်များ ဆိုလျှင်လည်း သောက်ရေအိုးဖုံးများနှင့် သုံးရေကန် များတွင် ကပ်ငြိပျော်ဝင် နေခြင်းကြောင့် ကျန်းမာရေး အတွက် စိုးရိမ်ရပါကြောင်း ပြောသည်။

ဆက်လက်ပြီး အကျိုးဆောင် အဖွဲ့မှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေမျိုး ထပ်မံ မဖြစ်ပေါ်စေရန်အတွက် (၁) စက်ရုံအနေဖြင့် ၁၅.၉.၁၂ ရက် မှစတင်၍ မီးခိုး၊ ပြာမှုန့်နှင့် အနံ့ဆိုးများ လုံးဝ(လုံးဝ) မထွက်စေရန်၊ (၂) စက်ရုံ တည်ဆောက်မှုကြောင့် ထိခိုက်ခဲ့ရသော ရပ်ကွက်တွင်းရှိ ရေစီးရေလာ ကောင်းမွန်မှုကို စက်ရုံမှ ပြန်လည် ဆောင်ရွက်ပေး ရန်၊ (၃) အကယ်၍ မီးခိုး၊ ပြာမှုန့်နှင့် အနံ့ဆိုးများ ထပ်မံထွက်ပေါ်လာခြင်း၊ ရပ်ကွက်အတွင်း ရေစီးရေလာ ဆိုးရွားနေခြင်းများ ဖြစ်ပေါ်လာပါက စက်ရုံအနေဖြင့် တရားစွဲဆိုခံပါမည်ဟု စက်ရုံမှ ကတိပြုရန် ဟူသော အချက် ၃ ချက်အား ယုဇနစက်ရုံသို့ တရားဝင် တောင်းဆိုကြသည်။

ယုဇနစက်ရုံပိုင်ရှင် ဦးဌေးမြင့်က ပြန်လည်ဖြေကြားရာ မိမိ၏ စီးပွားရေးလုပ်ငန်းများ ဤရပ်ကွက် အတွင်း ရှိသောကြောင့် ဤရပ်ကွက်အား မိမိ မိသားစုဝင်ဟုပင် သဘောထားကြောင်း၊ ရပ်ကွက်နေပြည်သူများ ခံစားနေရသည် ကိုလည်း နားလည်လာကြောင်း၊ ထို့ပြင် မိမိသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သောကြောင့် ပြည်သူကို ပြည်သူလို အလေးထားပါကြောင်း၊ ပြည်သူများ ခံစားနေရသော ပြာမှုန့် ကိစ္စ ဆိုလျှင် ယခုရှိသော ပြာမှုန့် ၆ဝ% ရွှေ့ပြောင်းပြီး ဖြစ်ကာ ကျန်ရှိသော ပြာမှုန့်များအား မြန်နိုင်သမျှ မြန်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ နောက်ထပ်ထပ်မံ ထွက်ရှိလာမည့် ပြာများ ကိုလည်း အပြင်သို့ မထွက်စေရန် စီမံသွားမည် ဖြစ်ကြောင်း ပြောသည်။

ဆက်လက်ပြီး စက်ရုံမှ ထွက်ရှိနေသည့် အနံ့ဆိုးများနှင့် ပတ်သက်၍လည်း စင်္ကာပူ နိုင်ငံမှ ပညာရှင်အဖွဲ့ ပြီးခဲ့သည့် ၂၈ ရက်က ရောက်လာပါကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီရန် စီစဉ်ဆောင်ရွက်  ပေးမည် ဖြစ်ပြီး ရှေ့လျှောက်စက်ရုံ မှ အမှားများရှိခဲ့လျှင်လည်း ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ရပ်ကွက်တွင်း ရေစီးရေလာ ပြန်လည် ကောင်းမွန် စေရန်မှ အစလိုအပ်သည် များကို အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဒေသခံများနှင့်ပါ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ ဆက်လက်ပြီး မိမိတို့ အနေဖြင့် လိုအပ်ချက်များ ရှိနေသေးသော ကြောင့်သာ ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပြီး ဒေသခံများ ခံစားနေရသည် ဟု ကြားသိရ သဖြင့်လည်း စိတ်မကောင်း ဖြစ်မိ ပါကြောင်း ပြောသည်။

အကျိုးဆောင် အဖွဲ့ကလည်း မိမိတို့ အနေဖြင့် အခွင့်အရေး ရယူလိုသောကြောင့် ယခုကဲ့သို့ တောင်း ခံနေခြင်း မဟုတ်ဘဲ မိမိတို့ထဲမှ ပဲ့ထွက် ဆုံးရှုံးသွားသော အခွင့်အရေးကို ပြန်လည် ရယူလိုခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“လုပ်ပေးမယ်သာ ပြောတယ်။  တိတိကျကျလည်း မရှိဘူး။ ဘယ်နေ့ ဘယ်ရက် လုပ်ပေးပါမယ်လို့လည်း မပြောဘူး။ သူက ပြောချင်တာ ပြောပြီး ဗြုန်းဗြုန်းနဲ့ ထွက်သွားတာ ပဲရှိတယ်။ အန်တီတို့က ဘယ်လို ပြောရမလဲ။ ခံစားရတော့ အန်တီတို့ ပြည်သူလူထုက ခံစားနေရတယ်” ဟု ပွဲတက်ရောက်ခဲ့သူ ၆ အရှေ့ ရပ်ကွက်နေ ဒေါ်တင်စန်းက သူ့ အမြင်အား ဖွင့်ဟသည်။ ယင်းကပင် “အနံ့ဆိုးတွေ ပျောက်သွားရင် အန်တီ တို့က ကျေနပ်ပါတယ်။ သူများတကာ စီးပွားရေးလည်း မထိခိုက်စေချင်ဘူး။ နောက်ရေတွေ မဝပ်အောင် လုပ်ပေးရမယ်။ ရေတွေ ဝပ်တော့ ခြင်တွေ ကိုက်တာလည်း အရမ်းပဲ။ အရင်က ဒီဘက်မှာ ရေလုံးဝမရှိဘူး။ အခုတော့ နွေရော၊ မိုးရော ရေက လုံးဝမပြတ်တော့ဘူး။ ရေမြုပ်တာလည်း ၃၊ ၄ နှစ်ရှိပြီ။ အိမ်က နောက်ဖေးချောင်ဆို ပြုတ်ကို ကျသွားတယ်”ဟု ပြောသည်။

အကျိုးဆောင် အဖွဲ့မှ ဦးစိန်းလှိုင်က စက်ရုံမှ ထွက်ရှိသော အနံ့ဆိုးအား အနီး ပတ်ဝန်းကျင်ရှိ ပြည်သူများ အပြင် လေတိုက်လာလျှင် ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းနှင့် သန်လျင် အစရှိသည့် မြို့နယ်များမှပါ ခံစား ကြရကြောင်း ပြောသည်။ “အနီးဆုံး ဖြစ်တဲ့ သာကေတနဲ့ ဒေါပုံမြို့နယ် တွေကတော့ အဆိုး ဆုံးပေါ့။ တစ်ခါတစ်ခါ မဟာဗန္ဓုလ တံတားပေါ် ဖြတ်သွားတဲ့ သူတွေတောင် အဲဒီအနံ့ကို ရတယ်။ ဟာ၊ နံလိုက်တာ ဘာနံ့ကြီးလည်းပေါ့။ အဲဒါ သိတဲ့သူက ယုဇန စားအုန်းဆီ စက်ရုံက ထွက်တာလို့ ပြောပြရတယ်။ အနီးမှာနေတဲ့ ပြည်သူတွေကတော့ ဒီလိုပဲ ခံစားနေကြရတာ နှစ်ချီနေပြီ”ဟု ယင်းက ပြောဆိုသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က စတင်၍ ပိုမို ဆိုးဝါးလာကြောင်း၊ အထူးသဖြင့် ၆၊ ၇၊ ၈ ရက်များတွင် အဆိုးဆုံး ဖြစ်ကြောင်း ပြောသည်။ “အခုတော့ မနံတော့ဘူးလို့ ပြောတယ်။ ဘယ်နံမှာလဲ စက်ရုံမှ မလည်သေးတာကို လည်ပြီဆိုရင်လည်း နေ့ရော၊ ညရော မနားတမ်း လည်တာ။ အဲဒီအချိန်ကျ ခံဖို့သာ ပြင်ပေတော့ပဲ”ဟု ဦးစန်းလှိုင်က ပြောသည်။

ဆွေးနွေးပွဲ အပြီးတွင် ယုဇန ဦးဌေးမြင့်က မီဒီယာများသို့ ဖြေကြားရာတွင် အရင်တုန်းကလည်း ပြင်တယ်။ အခုလည်း ပြင်တယ်။ အနံ့ က ပျောက်ပေမယ့် ၁ဝဝ ရာခိုင်နှုန်းတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဆိုလိုတာ ကျွန်တော်တို့ ဘက်ကတော့ ပျောက်တယ်။ ဒါပေမယ့် လက်ခံတဲ့သူက မလိုချင်ဘူး ဆိုရင်တော့ မရဘူးပေါ့။ အခုဟာ လက်ခံတဲ့သူတွေ လိုချင်တဲ့ အဆင့်ရောက်အောင် ထပ်ပြီး ဆောင်ရွက်နေပါတယ်”ဟု ပြောဆိုသည်။

ဒေသခံပြည်သူများ နှင့်ပိုင်ရှင်ဖြစ်သူ ဦးဋ္ဌေးမြင့်တို့ တွေ့ဆုံညှိနှိုင်း ကြသော်လည်း တိကျရေရာသည့် အချိန် သတ်မှတ်ချက်နှင့် ခိုင်မာသည့် ကတိကဝတ်များ မရရှိခဲ့သောကြောင့်  ပြည်သူအများက ကျေနပ်မှုမရှိကြောင်း သိရသည်။ ထို့ပြင် မိမိတို့ တောင်းဆို ထားသည့် အချက်များအား မရရှိလျှင် ဒေသခံ ပြည်သူ ၉၂၂ ယောက်မှ လက်မှတ်ရေးထိုး တောင်းဆို ထားသည့်အတိုင်း စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့မှ ပြောသည်။
ဝ၆ဝ

မူရင်းသတင်းဌာန--  The Myanmar Independent News Journal
စက်တင်ဘာလ ၁၇၊ ၂၀၁၂

မိမိတို့ တင်ပြ တောင်းဆိုထားသော ကတိများ မရရှိပါက မူလရည်မှန်း ထားသည့်အတိုင်
း စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆီအုန်းနံ့ ပပျောက်ရေး ညှိနှိုင်းပွဲ၌ အကျိုးဆောင် အဖွဲ့မှ ဦးစန်းလှိုင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

 The Myanmar Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis