menu

Monday 17 September 2012

မြန်မာ့တောနက် တွင်း နှစ်သုံးဆယ်ကျော် ကြာ ပျောက်ဆုံးခဲ့သော မိန်းကလေး ပြန်ရှာတွေ့

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၊ မြန်မာနိုင်ငံနယ်စပ်အနီးရှိ Saiha ကျေးရွာမှ အသက် ၄ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့ပြီး အိန္ဒိယနယ်စပ်ရှိ မြန်မာတောနက်ထဲတွင် နှစ်ပေါင်း လေးဆယ်နီးပါး အသက်ရှင် နေထိုင် ခဲ့ရာမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

ယခုအခါ အသက် ၄၂ နှစ်

ရှိပြီ ဖြစ်သော Ng Chhaidy ဆိုသူမှာ မြန်မာနိုင်ငံနှင့် နယ်ချင်းစပ်လျက် ရှိသည့် မီဇိုရမ် ပြည်နယ် ၏ တောင်ဘက် အကျဆုံး ခရိုင်တွင် အိမ်ခြေ ၁၅ဝ ခန့် ရှိသော Saiha ရွာကလေးမှ ပျောက်ဆုံးခဲ့ချိန် ၁၉၇၄ ခုနှစ်တွင် အသက် ၄ နှစ် နီးပါးမျှသာ ရှိသေးသည်ဟု သိရသည်။

Saiha ရွာသားများမှာ တောထဲမှ မိန်းကလေး အကြောင်းကို ဆယ်စုနှစ် ပေါင်းများစွာ ကြားဖူးခဲ့သော်လည်း ကောလာဟလ တစ်ခုအဖြစ်သာ သဘောထားခဲ့ပြီး သူတို့ရွာမှ ပျောက်ဆုံးသွားသည့် မိန်းကလေး ဖြစ်နိုင်သည် ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ကြချေ။

Chhaidy မှာ သူ့မောင်ဝမ်းကွဲ ဖြစ်သူ Beirakhu နှင့်အတူ သူတို့ ရွာအနီး တောစပ်ကွင်းပြင်ရှိ သစ်ပင် များ အောက်တွင် ကစားနေရာမှ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူတို့ ပျောက်ပြီးနောက်တစ်ရက် တွင် မိုးကြီးသည်းထန်စွာ ရွာသွန်းခဲ့ရာ ပျောက်ဆုံးသွားသော ကလေးများမှာ မည်သို့မှ အသက်မရှင်နိုင်တော့ ဟု ရွာသားအများက ယူဆခဲ့ကြသည်။

ထို့နောက် Beirakhu ကို အသက် မသေရုံတမယ်ဖြင့် စမ်းချောင်းကလေး တစ်ခုဘေးတွင် ပြန်တွေ့ခဲ့ရရာ Chhaidy ကို ပြန်တွေ့ရန် မျှော်လင့်ချက် ပြန်လည်ပေါ်ပေါက် လာခဲ့သည်။ Beirakhu ပြန်လည် သတိရ၍ ပြောပြရာတွင် သူတို့နှစ်ဦးကို တောထဲတွင် နေထိုင်သော မိန်းမကြီး တစ်ဦးက ရှာတွေ့ကာ နေစရာ၊ စားစရာ ပေးခဲ့ကြောင်း သိရသည်။ သို့သော် Beirakhu ကိုခေါ်၍ ထိုနေရာကို သွားကြည့်ရာ မိန်းမကြီးကိုလည်း မတွေ့၊ အိမ်ကိုလည်း မတွေ့၊ Chhaidy ကိုလည်း မတွေ့ရတော့ပေ။ အချို့ရွာသားများက တောသည် နတ်ကြီးသဖြင့် တစ္ဆေသူရဲများက ခေါ်သွားသည်ဟု သံသယ ဖြစ်ခဲ့ကြသည်။ မိသားစုက လပေါင်းများစွာ တောအနှံ့ ရှာဖွေခဲ့သေး သော်လည်း Chhaidy ကို ပြန်မတွေ့တော့ပေ။

သို့သော် ယခုနှစ် ဇူလိုင်လ အတွင်းက မြန်မာဘက်တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးသည် Saiha ရွာရှိ သူ၏ဆွေမျိုး များထံ အလည်လာရာ တောထဲမှ မိန်းကလေး အကြောင်း သိခဲ့ရပြီး ထိုမိန်းကလေး ကို လွန်ခဲ့သော ၄ နှစ်က သူ့ရွာအနီး သင်္ချိုင်းထဲတွင် ဝတ်လစ်စားလစ် ဖြင့် တွေ့ခဲ့ရာမှ ကယ်ဆယ်၍ မွေးစား ထားကြောင်း ကြားရသည်။ မိဘများ လိုက်သွားကြည့်ရာတွင် မိန်းကလေးမှာ အဖေအမေကို မမှတ်မိတော့ မွေးစားမိဘများနှင့် အတူ မှတ်မိအောင် သူတို့ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့။

သို့သော် တစ်နေ့ညနေခင်းတွင် သူ့အဖေထံ လျှောက်လာပြီး နောက်မှ သိမ်းကြုံးဖက်ကာ သူတို့ဒေသသုံး မာရာစကားဖြင့် အစ်ပါး(အဖေ) ဟုခေါ်ကြောင်း သူ့အဖေက ပြောပြသည်။ ထို့နောက်တွင် ဒေသခံ အုပ်ချုပ်ရေး အရာရှိများ အကူအညီဖြင့် လွန်ခဲ့သောလက သူတို့နေရပ်ရွာသို့ သူ့ကို ပြန်ခေါ်လာနိုင်ခဲ့သည်။

Chhaidy မှာ အဖေ-အမေ (အစ်ပါး-အင်းနား) အပါအဝင် စကားလုံး အနည်းငယ်မျှကိုသာ ပြောတတ်ပြီး ရွာရိုးကိုးပေါက် လျှောက်ကာ ကလေးများနှင့် ကတမ်းခုန်တမ်း ကစားနေတတ်သည်။ သို့သော် ယခုအခါ တဖြည်းဖြည်း စကားလုံးများကို သင်ကြား တတ်မြောက် လာပြီး သူ့အမေနှင့်အတူ အိမ်မှုကိစ္စများကို လုပ်ကိုင် တတ်ပြီ ဖြစ်သည်။ သူ၏ဘဝမှန်သို့ ပြန်လည်ရောက်ရှိ လာမည်မှာ နှေးကွေးသော်လည်း သေချာသည်ဟု သူ့ဖခင်က ပြောသည်။

Saiha ကျေးရွာ ရဲကြီးကြပ်ရေး မှူး R.K Singh က “အသက် လေးနှစ်က ပျောက်သွားတဲ့ မိန်းကလေးဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ၃၈ နှစ်ကြာမှ အိမ်ကို ပြန်ရောက် လာရတယ်ဗျာ” ဟု ပြောပါသည်။

Ref: By Anna Edwards, dailymail.co.uk/news
Myanmar Independent News journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis