menu

Monday 17 September 2012

နယ်မြေပိုင်နက်အငြင်းပွားနေသော တရုတ်နှင့် အာရှနိုင်ငံအချို့အကြား စစ်ဖြစ်သွားနိုင်ကြောင်း ပန်နက်တာ သတိပေး




ဂျပန်သို့ မသွားရောက်မီ လေယာဉ်ပေါ်တွင် စက်တင်ဘာလ ၁၅ ရက်က မီဒီယာများနှင့် ပန်နက်တာတွေ့ဆုံနေစဉ်
နယ်မြေပိုင်နက် အငြင်းပွားနေသော အာရှနိုင်ငံများအနေဖြင့် တစ်ဘက်နှင့်တစ်ဘက် ရန်လိုသောအပြုအမူများ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နှင့် အာရှနိုင်ငံအချို့အကြား စစ်ဖြစ်သွားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လီယွန်ပန်နက်တာက စက်တင်ဘာလ ၁၆ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ပန်နက်တာက အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ရှိ နယ်မြေများ ပိုင်ဆိုင်မှုအတွက် ဆက်ဆံရေး တင်းမာနေသော နိုင်ငံများအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ကြရန် တောင်းဆိုခဲ့သည်။ ရန်လိုသည့် အပြုအမူများ ဆက်လက်လုပ်ဆောင်နေပါက အတွက်အချက်မှား၊ နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ကာ အကြမ်းဖက်မှု၊ ပဋိပက္ခအသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း သူက ပြောကြားခဲ့သည်။

အာရှအကြီးဆုံး စီးပွားရေးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့်ဂျပန်အကြား ဂျပန်အခေါ် ဆင်ကာကူကျွန်းစုများ သို့မဟုတ် တရုတ်အခေါ် Diaoyu ကျွန်းစုများနှင့်ပတ်သက်ပြီး ဆက်ဆံရေး တင်းမာမှုမြင့်တက်နေချိန်တွင် ပန်နက်တာက ဂျပန်၊ တရုတ်၊ နယူးဇီ လန်တို့သို့ သွားရောက်မည်ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတွင် သယံဇာတများ ပေါများကြွယ်ဝလှသဖြင့် အနာဂတ်တွင်လည်း ယင်းအာရှပြိုင်ဘက် နှစ်နိုင်ငံအကြား မပြေလည်မှုများ ပိုမိုကြုံလာရနိုင်ကြောင်း ပန်နက်တာက ခန့်မှန်းပြောကြားခဲ့သည်။
ပန်နက်တာခရီးစဉ်မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ အာရှပစိဖိတ်ဒေသအပေါ် ပြန်လည်အာရုံစိုက်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသတွင် ထပ်ခါတလဲလဲ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အာရှတွင် လွှမ်းမိုးနိုင်ရန်အတွက် လုံလောက်သော ရင်းမြစ်များ ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
ချန်တူမြို့တွင် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြသူများကို လုံထိန်းရဲတစ်ဦးက ညွှန်ကြားနေမှုကို စက်တင်ဘာလ ၁၆ ရက်က တွေ့ရစဉ်
တရုတ်နိုင်ငံတစ်ဝန်း ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွား
ဆင်ကာကူကျွန်းစုရှိ ကျွန်းစုသုံးခုကို ဂျပန်အစိုးရက ၀ယ်ယူခဲ့ပြီးနောက် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ဒါဇင်များစွာတွင် ဂျပန်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် အကြမ်းဖက်များ ဖြစ်ပွားခဲ့သည်။ ဒေါသထွက်နေသော လူ အုပ်များသည် ဂျပန်စတိုးများ၊ စားသောက်ဆိုင်များကို ဖျက်ဆီးခြင်း၊ ဂျပန်လုပ်ကားများကို မီးရှိုခြင်း၊ ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တရုတ်လူမှုကွန်ရက် ၀က်ဘ်ဆိုက်များတွင် ဓာတ်ပုံများတင်ခဲ့ကြသည်။
စက်တင်ဘာလ ၁၅ ရက်တွင် ပေကျင်းရှိ ဂျပန်သံရုံးအပြင်ဘက်၌ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြသူထောင် ပေါင်းများစွာက ပုလင်းများ၊ ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်တွင် Shenzhen မြို့၌ လုံထိန်းရဲများနှင့် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကို ဟောင်ကောင်ရုပ်သံလိုင်းတစ်ခုက ပြသခဲ့သည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း တရုတ်ရှိ ဂျပန်နိုင်ငံသားအချို့မှာ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဂျပန်လူမျိုးများကို တရုတ်ဥပဒေအရ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်နိုဒါကလည်း တရုတ်ရှိ ဂျပန်နိုင်ငံသားများ၊ ဂျပန် စီးပွားရေးလုပ်ငန်းများ ဘေးကင်းမှု ရှိစေရေးအတွက် အာမခံချက်ပေးရန် စက်တင်ဘာလ ၁၆ ရက်တွင် တောင်းဆိုခဲ့သည်။
တရုတ်တွင် ဆန္ဒပြမှုများကို ခွင့်ပြုခဲပြီး စက်တင်ဘာလ ၁၅ ရက်က ပေကျင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှု၌ ရဲများသည် ဆန္ဒပြသူများနှင့်အတူလိုက်ပါပြီး လမ်းများကို ပိတ်ဆို့ရမည့်အစား ဆန္ဒပြမှုတွင်ပါဝင်ကြရန် ရပ်ကြည့်နေသူများကို တိုက်တွန်းခဲ့မှုရှိ ခဲ့ကြောင်း သိရသည်။
တရုတ်ဆိုင်ရာ ဂျပန်သံအမတ်သစ်အဖြစ် စက်တင်ဘာလ ၁၀ ရက်ကမှ ခန့်အပ်ခံရသော Shinichi Nishimiya သည် စက်တင်ဘာလ ၁၂ ရက်တွင် လဲကျခဲ့ပြီးနောက် ဆေးရုံသို့ ပို့ခဲ့ရသည်။ Nishimiya မှာ စက်တင်ဘာလ ၁၆ ရက်တွင် ကွယ်လွန် ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
EMG
Ref:AFP
  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis