menu

Friday 31 August 2012

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမည့် ဂီတဖြေဖျော်ပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် ဦးအောင်ကြည် ခွင့်ပြု

 ရန်ကုန်၊ သြဂုတ်-၃၁

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်ကျင်းပမည့် “စေတနာ့ဝသန်” ဂီတဖျော်ဖြေပွဲကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ ၈၈ အဖွဲ့ခေါင်းဆောင်များ စာတင်လျှောက်ထားခဲ့ရာ ထုတ်လွှင့်ပြသခွင့်

ပြုခဲ့ကြောင်း ၈၈ အဖွဲ့မှ ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကပြောသည်။

Sky Net ရုပ်သံလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် အခပေး ရုပ်သံလိုင်းတစ်လိုင်းဖြစ်ပြီး ဖျော်ဖြေပွဲအများစုကို တိုက်ရိုက်ထုတ်လွှင့် ပြသလေ့ရှိနေသော်လည်း ၈၈ ကျောင်းသားများအဖွဲ့မှ စီစဉ်သည့်ပွဲ ဖြစ်နေခြင်းကြောင့် Sky Net ကုမ္ပဏီဘက်မှ တိုက်ရိုက်ခွင့်ပြုချက် မရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဆီကို မနေ့က စာတင်လာပါတယ်။ ၀န်ကြီးက အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ချက်ချင်းပဲ လွှင့်ခွင့်ပြုခဲ့ပါတယ်”ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဟာ ဒီနေ့ ဒီအချိန်မှာ ပြောင်းလဲရေးကို သွားနေပါပြီ။ ပြောင်းလဲရေးမှာ အတူတကွ လက်တွဲဆောင်ရွက်ဖို့အတွက် ဒီလိုဖြစ်စဉ်မျိုးတွေ အများကြီး လိုအပ်ပါတယ်။ ခုဝန်ကြီးကလည်း ပြောင်းသွားပြီ။ ဒီပွဲလေးကို သေသေသပ်သပ် ကျင်းပချင်တယ်။ ရရှိတဲ့ ငွေတွေကလည်း ပြုပြင်ပြောင်းလဲရေးအတွက် ရည်မှန်းချက်ရှိရှိ လုပ်ကိုင်နေတာကြောင့် နားလည်မှုရှိရှိနဲ့ အားလုံးညှိနှိုင်း ပူးပေါင်းသွားကြရမှာပါ”ဟု ၈၈ ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက ၎င်းတို့ပွဲ တိုက်ရိုက်ထုတ်လွှင့်ခွင့် ရရှိခဲ့ခြင်းအပေါ် ပြောကြားသည်။

စေတနာ့ဝသန် ဂီတဖျော်ဖြေပွဲမှာ မြန်မာပြည်တစ်ဝန်းလုံးရှိ ပရဟိတနှင့် လူမှုရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုရန်အတွက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်တွင် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ညနေ ၄ နာရီတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis