menu

Tuesday 21 August 2012

ရတနာ နတ်မယ် ကောက်ကြောင်း (မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ်၊)





ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။
ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊ သိကျွမ်းခင်မင် ရင်းနှီး ကြမယ်လို့ လုံးဝ မမျှော်လင့်ခဲ့။ ဟက်ဒင်တန် ရွာကလေးတွင် ဆရာကြီး ဦးဘခင် တရားဌာနကြီး (International Meditation Centre in the Tradition of Sayagyi U Ba Khin) ဖွင့်လှစ်ထားသည်။ ထိုဌာန၌ ၁၉၈၀ ပြည့်နှစ်မှ စ၍ ဌာန မန်နေဂျာ အဖြစ် မိမိတာဝန် ထမ်းဆောင် လျက်ရှိသည်။ တရား ဌာန၏ လစဉ် တရားပတ် ၁၀ ရက် စခန်းသို့ သူရောက်လာသည်။

သူ့ကို ခုလိုတရား အားထုတ်သူ အဖြစ်မြင်ရ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။ ဤသို့ မမျှော်လင့် ခဲ့ခြင်းမှာလည်း အီတလီ နိုင်ငံတွင် အခြေချ နေထိုင်သော သူသည် ဗိုလ်ချုပ် နေ၀င်းနှင့် လက်ထပ်ရန် အီတလီမှ ရောက်ရှိ လာသည့်နေ့၊ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ကော်ဇောခင်း နီပေါ် လျှောက်လှမ်းနေသည့် ကြော့ကြော့မော့မော့ ပုံရိပ်လွှာကို မိမိ၏ အာရုံထဲ ပြန်လည် မြင်ယောင်ကာ နေမိခြင်း ကြောင့်ပင်ဖြစ်သည်။
ဝစီပိတ် တရား ဆယ်ရက်စခန်း နောက်ဆုံးနေ့တွင် စကားပြောခွင့် ရကြပြီမို့ သူနှင့် စကားဖောင်ဖွဲ့ ပြောဖြစ် ကြသောအခါ သူ၏ ပွင့်လင်းမှု စရိုက်လေးတွေ စတွေ့ ခဲ့ရသည်။ မိမိအိမ်သို့ ထမင်းစား ဖိတ်စဉ်က ဒံပေါက်ထမင်း ချက်ထားတယ် ဆိုတော့ “စမတ်ပဲ၊ ဒံပေါက် မစားရတာ ကြာပြီ၊ “စားမယ်” ဟု သူရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း။ တောအကြောင်း တောင်အကြောင်း ဟိုရောက်သည်ရောက် စကားလက်ဆုံ ကျဖြစ်ကြသည်။ အိမ်ဆောက်သည့် အခါ အန္တရာယ် ပေးတတ်သည် ဆိုသော မြေအောက်ရေကြော ရှာနည်း သူ့ထံမှ ရလိုက်သည်။

“Water Line ရေကြောက ဆန့်ကျင် ရေကြောဖြစ်ရင် အိမ်ခိုက်တတ်တယ်။ ဆန့်ကျင်၊ မဆန့်ကျင် ဘယ်လို သိမလဲ။ ပြပေးမယ်။ ဆွဲကြိုးတစ်ကုံး ယူလာခဲ့”

ဇနီးက ဆွဲကြိုး ချွတ်ပေးသည်။ ရတနာ နတ်မယ်သည် ဆွဲကြိုးလေးကို လက်နှစ်ဖက်နှင့် တွဲလောင်းကိုင်ကာ ပါးစပ်က တိုးတိုးလေး ရေရွတ်နေသည်။ ခြံအပြင် မြေကွက်လပ်မှာ ရွတ်ဆိုခြင်း ဖြစ်သည်။
“Positive, Positive, Positive ”

ဆွဲကြိုးလေးသည် ရှေ့တိုးနောက်ငင် တဖြည်းဖြည်း လှုပ်ရှားလာသည်။
“Negative, Negative, Negative’’

နေရာရွှေ့၍ ရွတ်သည်။
ဒီတစ်ခါမှ ဆွဲကြိုးလေးက ဘယ်ညာ ရွေ့လျားသွားသည်။ အံ့သြစရာ။
“မှတ်ထား ရှေ့တိုး နောက်ငင်ရွေ့ရင် အလိုက်သင့်မို့ ရေကြောလွတ်တယ်။ ဘယ်ညာ ရွေ့ရင် ဆန့်ကျင်ဘက်မို့ ရေကြော မလွတ်ဘူး။ ဒီအောက်မှာ ရေကြော ရှိနေပြီလို့ ပြတာ။ ရေကြောပေါ် အိမ်ဆောက်ရင် ခိုက်တတ်တယ်”

သူ့လက်ထဲက ဆွဲကြိုးလေး ယူကာ ကိုယ်တိုင် စမ်းကြည့်သည်။ ဆွဲကြိုးလေးသည် ရေကြောလွတ်ရာ မြေတွင် ရှေ့တိုးနောက်ငင်။ ရေကြောခိုက်ရာ မြေ၌ ဘယ်ညာယိမ်းလျက်။ ထိုသို့ မြေကို တစ်ကွက်ချင်း အလိုက်ရွှေ့ရှာ။ အန္တရာယ် ရေကြောလွတ်လမ်း မှတ်သားပြီး အိမ်ဆောက်၊ စိတ်ချ၊ ဘေးကင်းရန်ကင်း စေတဲ့။

၁၉၈၇ ခုနှစ်၌ ဆွစ်ဇာလန် နိုင်ငံတောင်ပိုင်း တချီနို(Tachino) တရားစခန်း ရှိရာသို့ မန်နေဂျာ တာဝန်နှင့် ခေတ္တ ရောက်သွားချိန်တွင် ရတနာ နတ်မယ်နှင့် ပြန်ဆုံဖြစ်ကြ ပြန်သည်။ တရားပတ် ပြီးတော့ ဟိုအကြောင်း ဒီအကြောင်းတွေ ကနေသူ၏ နိုင်ငံတော် ရွှေအိမ်စံ နိဂုံးကို ရင်းရင်းနှီးနှီး ရင်ဖွင့်ခဲ့သည်။

“နိုင်ငံ လူထုက ကျွန်မကို မင်းသွေး မင်းနွယ်ဆိုတဲ့ အသိနဲ့ အားကိုးမျှော်လင့် ထားပုံရတယ်။ ဒါပေမဲ့ ကျွန်မနဲ့ သူနဲ့က ရေစက် ကုန်ခဲ့ပြီ။ စန္ဒာဝင်း အီတလီကို လိုက်လာတယ်။ ပြန်လာဖို့ ခေါ်တာ။ ကျွန်မ ခေါင်းခါ လိုက်ပါတယ်။ ထွက်လာတဲ့ ကောလာ ဟလက ကျွန်မ သူ့ဆီက သဲ့ယူ သွားတယ်ဆိုတဲ့ သတင်းဆိုးကြီး။ ကျွန်မ ဘာမှ မယူခဲ့ ပါဘူး”

သူ၏ မျက်ဝန်းတွင် မျက်ရည် စများနှင့်။
သူ့တွင် ကျွန်တော် သတိ ထားမိသည့် အချက် တစ်ခုက သောကကို ရင်ထဲမှာ ကြာကြာမထား။ ပျော်ပျော်ပါးပါး ပြုံးပြုံး ရယ်ရယ်နှင့် ပျက်ပြယ်စေသည်။ အင်တာနက် ပေါ်တွင် သူ၏ချက်ပြုတ် သင်တန်း စဉ်များကို ယူကျုမှာ တင်ထားတာ ယနေ့ ဖွင့်ကြည့်တော့ သူအတော် အိုမင်းသွားပြီ။ သို့သော် လောကဓံကို မာန်နှင့် အာခံနိုင်သူ အသွင် သဏ္ဌာန်ကို မြင်နေရသည်။
တချီနိုက ပြန်ခါနီးမှာ သူကျွန်တော့်ကို စွပ်ကျယ် လက်ရှည်အဖြူ တစ်ထည် အမှတ်တရ လက်ဆောင်ပေးသည်။ အဖြူသက်သက် မဟုတ်။ ရှေ့ ခြမ်းမှာ သူ့လက်ရာ ပန်းချီကောက်ကြောင်း လေးနှင့်။ သည်တော့မှ သူသည် မော်ဒန်ပန်းချီ ဆရာမ တစ်ဦးလည်း ဖြစ်မှန်း သိလိုက်ရသည်။

၁၉၈၇ ခု ဒီဇင်ဘာတွင် ကျွန်တော် သြစတြေး လျသို့ အလုပ်ဖြင့် ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ၁၉၉၃ ခု ဧပြီလမှာ အီတလီ၊ ဂျာမနီ၊ ဟော်လန် စသည့် ဥရောပ နိုင်ငံများသို့ အလွမ်းပြေ ပြန်လည်ပတ်သည်။ အီတလီ နိုင်ငံ ဖလောရင့်(စ)(Florence) မီးရထား ဘူတာမှာ သူ ကျွန်တော့်ကို လာကြိုသည်။ ပြီးတော့ မြို့လယ်ထဲက ချက်ပြုတ်သင်တန်း ကျောင်းဖွင့်ထားရာ သူ၏ တိုက်ခန်းသို့ ခေါ်သွားသည်။ ပစ္စည်းများ ချပြီးနောက် ဟိုနားသည်နား သွားကြရအောင် ဆိုကာ Florence မြို့တစ်ဝိုက် ထွက်လည်ကြသည်။ ညဘက် သူ့သင်တန်း ပြီးတော့ သူနေထိုင်ရာ တောင်စောင်းပေါ်က အိမ်ကလေးဆီ လိုက်သွားသည်။
သူသည် အီတာလျံ ဆရာဝန် တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး သားသုံးယောက် မိခင်ဘ၀။ သားတစ်ယောက် ဆုံးပါးခဲ့ပြီ။ ခင်ပွန်းနှင့်လည်း ကွဲသည်မှာ ကြာလှရှိပြီ။ တစ်ချိန်က ဟောလိဝုဒ်က The Purple Plain  (ခရမ်းရောင် လွင်ပြင်) ဆိုသည့် မြန်မာပြည်တွင်း ဒုတိယ ကမ္ဘာစစ် နောက်ခံ ရုပ်ရှင် ကားကြီးတွင် ခေါင်းဆောင် မင်းသမီး လျှောက်ပြီးမှ ဇာတ်ကား၏ ရိုက်ကွင်းကို သီရိလင်္ကာမှာ ရိုက်မည်ဆို၍ ရေခံမြေခံ မမှန်တာကြောင့် မင်းသမီး ၀င်မလုပ် ခဲ့သူ။ (သူ့နေရာတွင် ၀င်းမင်းသန်းက ၀င်ရိုက်ခဲ့ရာ အထူးပင် နာမည်ကျော်ကြား သွားသည်။ ၀င်းမင်းသန်းနှင့် ဆုံစည်း ခဲ့ရပုံ အကြောင်း ဆောင်းပါးသတ်သတ် ရေးပါဦးမည်။)

Florence တောင်ကုန်းလေး ပေါ်က ရတနာ နတ်မယ်၏ အထီးကျန် အိမ်ကလေးမှာ တစ်ည သွားအိပ်သော ကျွန်တော် ကောင်းကောင်း အိပ်မပျော် နိုင်ခဲ့ပါ။ မဂ္ဂဇင်းကြီး တစ်စောင်တွင် ကြွေရောင် စာမျက်နှာများ ပေါ်က ကြွကြွရွရွ လှလှပပ သူ၏ ရုပ်ပုံလွှာများ၊ ခင်ပွန်းသည် အီတာလျံ ဆရာဝန်နှင့် သားသုံးယောက်နှင့် သူ့မိသား စုပုံ၊ စုစုဝေးဝေး ခံ့ညားထည်ဝါ ရုပ်ပုံလွှာ တို့သည် ကျွန်တော့် အာရုံထဲဝယ် တ၀ဲဝဲ တလည်လည်။ အထားမှား၍ ထိုမဂ္ဂဇင်း မိမိထံတွင် မရှိတော့ပါ။ မဂ္ဂဇင်း ကြီး၏ နာမည်ကို ကောင်းစွာ မမှတ်မိ တော့ပါ။ ဆောင်းပါး၏ ခေါင်းစဉ်ကတော့ မမေ့လောက် စရာပါပဲ။
Princess of the Nime Jewels  ဟု ပေးထားပါသည်။
မျိုးညွန့်၊ရန်ကုန်တက္ကသိုလ်၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis