စည်းဟူသည်
(၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ စောင်ရန်း၊ စည်းရိုး။
'လယ်မှာ ကန်သင်း၊ ယာ မှာ စည်းအတွင်း''။ (၂) တစ်စုံတစ်ခုသော မျက်နှာပြင်ပေါ်၌
ပိုင်းခြားသတ်မှတ်ထားသော အရေးအကြောင်း။ ''ဖြစ်ပျက်ပိုင်းခြား
စည်းနှယ်ထား၏''။ (၃) တိုင်းပြည်တစ်ခုနှင့်တစ်ခု ပိုင်း ခြားသတ်မှတ်ထားသော
နယ်နိမိတ်။ ''တောတောင်ကုန်းကြည်း၊ နိုင်ငံ စည်း၌ ဖြင်းပည်းများစွာ''။ (၄)
မကျူးမကျော် မဖောက်မဖျက်ရန် သတ်မှတ်ထားသော ကျင့်ဝတ်၊ ''သူ့စည်းနှင့်သူ၊
ကိုယ့်စည်းနှင့်ကိုယ်၊ လူ့စည်းဘီလူးစည်း''။ (၅)သတ္တုကို လုပ်ထားသော
သံပရာခွံတစ်ဝက်ပုံ တီးခတ်စရာ တူရိယာအစုံ။ (၆) စည်း တူရိယာအသံဖြင့်
ပိုင်းခြားကန့်သတ်ပေးရသော တီးမှုတ်သီဆိုမှု ကာလအခိုက်အတန့်။
စည်း-မြစ်ရေကျသောအခါ နစ်၍ ကျန်သော သဲသောင်၊ စည်းပစ္စည်းတို့ကို စု၍ ချည်သည်၊
ချည်နှောင်သည်၊ စု၍ ချည်ထားသော ထင်းမြက်စသည့် အရာဝတ္ထု။ မြန်မာအဘိဓာန်
အကျဉ်းချုပ်တွင် စည်းကို ဤသို့ ဖွင့်ဆိုထား၏။
ကမ်းဟူသည်
(၁) ချောက်၊ မြောင်၊ တောင်ယံ၊ ရေပြင်စသည်တို့၏ အနားဘောင်အဖြစ် တည်ရှိသော
ကုန်းပိုင်း၊ (၂) အပိုင်းအခြား၊ မရိယာဒါ-သီလအပိုင်း အခြားတည်းဟူသော ကမ်း။
ကမ်း-(၁)လှမ်းပေးသည်၊(၂)ဝေငှသည်၊ (၃) အဆက်အသွယ်ပြုလုပ်သည်။ မြန်မာအဘိဓာန်
အကျဉ်းချုပ်တွင် ကမ်းကို အထက်ပါအတိုင်း ဖွင့်ပြ၏။
စည်းကမ်းဟူသည်
စည်းကမ်းကို ''လိုက်နာစောင့် ထိန်းရမည့်ကျင့်ဝတ်''ဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ပြ၏။
စိတ်ဝင်စားစရာ
မြန်မာစာ မြန်မာစာသည် စိတ်ဝင်စားဖို့ အလွန်ကောင်း၏။ ဤစည်းကမ်းဟူသော
ဝေါဟာရ၌ စည်းနှင့်ကမ်း အသီးသီးတစ်လုံးချင်း၌ အဓိပ္ပာယ် ကျယ်ပြန့်စွာရှိ၏။
စည်း နှင့် ကမ်းအရ တူပေါင်းလိုက်လျှင်လည်း အနက်အဓိပ္ပာယ်က ရှိနေသည်သာ၊
မြန်မာစာကို စိတ်ဝင်စားသူအဖို့ နှစ်မျိုးလုံး၏ အဓိပ္ပာယ်ကို သိသင့်၏။
စည်းကမ်းဟူသည် လူ၏တန်ဖိုး
စည်းကမ်းဟူသည်
လူ၏တန်ဖိုးဟု ဆိုရိုးပြု၏။ မှန်၏။ လူပဲဖြစ်စေ၊ လူ့အဖွဲ့အစည်းပဲဖြစ်စေ
စည်းကမ်းရှိမှသာ တန်ဖိုးရှိ၏။ မိမိကိုယ်ကို တန်ဖိုးရှိလူသားဖြစ်လိုလျှင်
စည်းကမ်းရှိရ၏။ စည်းနှင့် ကမ်းနှင့် နေရ၏။ အရာရာစည်းနှင့် ကမ်းနှင့်
လုပ်ရ၏။ မိမိတို့လူ့အဖွဲ့အစည်း တန်ဖိုးရှိလိုလျှင်၊ တိုးတက်လိုလျှင်၊
ကြီးပွားလိုလျှင်၊ ချမ်းသာလိုလျှင် အရာရာ၌ စည်းကမ်းရှိဖို့လို၏။
ဖွံ့ဖြိုးဆဲ နိုင်ငံအများစုသည် စည်းကမ်းမဲ့၏။ ဖွံ့ဖြိုးပြီး
နိုင်ငံအားလုံးလိုလိုသည် စည်းကမ်းရှိ၏။ စည်းကမ်းရှိခြင်း၊
စည်းကမ်းမဲ့ခြင်းကပင် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲဟူ၍
ပြဋ္ဌာန်းသွား၏။
ယခုကား ဥပဒေသစ်တွေကြောင့် ''၀ီရိယအကျိုး စောစောနိုး
သူခိုးတုတ်နှင့်ပစ်လတ္တံ''ဟူဘိသကဲ့သို့ ၀ီရိယကောင်းသူအများစု နစ်နာကြရ၏။
နောက်ကျလေ ကောင်းလေ ဟူသကဲ့သို့ ချိန်ချိန်ဆဆနောက်ကျ သူအချို့
သက်သာခွင့်ရကြ၏။ သန်းခြောက်ဆယ်ခန့်သော ပြည်သူနှင့် ကားနှင့်မည်သို့မျှ
မသက်ဆိုင်၊ ကားနှင့်သက်ဆိုင်သူမှာ သန်းခြောက်ဆယ်ထက်ကျော်လွန်သော
အစွန်းထွက်ထဲတွင်မှ အနည်းစုမှ အနည်းစုလေး သာဖြစ်လေ၏။ (ကားစီးနိုင်သူ
တစ်သန်းမျှမရှိသေး)ရန်ကုန်နေ ပြည်သူအများစုကတော့ ကားကျပ်လို့ ဒုက္ခရောက်သော
ဒုက္ခသာလျင် လက်တွေ့ ခံစားရလေ၏။ ထိုသို့ ကားကျပ်ရာတွင်လည်း ကားများလို့
ကားကျပ်ခြင်းထက် လိုင်းကားနှင့်အငှားကားအများစု၊ အိမ်စီးကားအနည်းစု
ကိုယ့်နေရာကိုယ် မတင်းတိမ်၊ စည်းကမ်းတကျ တန်းမစီ၊ ဟိုကျော်တက် သည်ကျော်တက်၊
ဟိုကဖြတ်ဝင် သည်က ဖြတ် ၀င် စည်းမဲ့ကမ်းမဲ့ ပရမ်းပရာနိုင်မှုတွေနှင့်
လမ်းဘေးစည်းကမ်းမရှိ ကားရပ်နားမှုတွေကြောင့် လမ်းပိတ်ဆို့၍ ကားကျပ်ရသည်က
အဓိကအကြောင်းအချက်တစ်ခုအဖြစ် ပါဝင်နေ၏။ တာဝန်ရှိသူများ တာဝန်သိဖို့နှင့်
တာဝန်ကျေဖို့တော့ အထူးလိုနေပြီ။
စည်းကမ်းကောင်းမှ ကမ်းကောင်းမည်
စည်းနှင့်ကမ်းကို
ခွဲ၍သုံးလျှင် အဓိပ္ပာယ်အလွန်လှ၏။ စည်းဟူသည် ကျင့်ဝတ်ဖြစ်၏။ ကမ်းဟူသည်
ဟိုမှာဘက်ကမ်း၊ တစ်ဖက်ကမ်း၊ ပန်းတိုင်ဖြစ်၏။ ကမ်းမှန်ဖို့အတွက်
လမ်းမှန်ဖို့၊ စည်းမှန်ဖို့လို၏၊ ကမ်းကောင်းဖို့အတွက် လမ်းကောင်းဖို့၊
စည်းကောင်းဖို့လို၏။ သုံးဆယ့်တစ်ဘုံသည် ဤမှာ ဘက်ကမ်းဖြစ်၏။ နိဗ္ဗာန်ကား
ဟိုဘက်ကမ်းဖြစ်၏။ ဤမှာဘက်ကမ်း၌ အိုနာသေစေသော ဘေးဒုက္ခတွေ များလှ၏။
နိဗ္ဗာန်ဟိုမှာ ဘက်ကမ်းရောက်မှ ဘေးလွတ်၏ ဘေးကင်း၏၊ ပါဠိတော်တွင်
ရဟန္တာဖြစ်ခန်းကိုပြဆိုရာ၌ ပါရင်္ဂတော-ပါရဂူစသည် ဖြင့်ပြ၏။
နိဗ္ဗာန်ဟိုမှာဘက်ကမ်း ကိုရောက်သွားသူဟူ၍ အဓိပ္ပာယ်ရ၏။ နိဗ္ဗာန်ဟိုမှာ
ဘက်ကမ်းရောက်ဖို့ စောင့်စည်းရ၏။ စောင့်စည်းဟူသည် စည်းစောင့်ခြင်းပင်ဖြစ်၏။
ယင်းစည်းကားအခြားမဟုတ် ဒါန သီလစသည့် ပါရမီကျင့်စဉ်များပင်တည်း။
စောင့်စည်းကို စည်းစောင့်ခြင်းဟု ဆို၏။ မှန်၏။ မကြာမီဇွန်၊ ဇူလိုင်က
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာသည် ယခင်နှစ်ပေါင်း
သုံးဆယ်လေးဆယ်ကတည်းက မြန်မာနိုင်ငံအနောက်ဘက် နယ်နိမိတ် စည်းကိုစောင့်ဖို့
တာဝန်ကျသူအရာရှိ တချို့မိမိစည်းကို လုံခြုံအောင်မစောင့် ရှောက်၊
(စည်းဖောက်ခြင်း၊ စည်းပေါက်ခြင်း)ကအခြေခံခဲ့သော ပြဿနာဖြစ်လေသည်၊
ယခုယင်းပြဿနာသည်ပေါ့ သေးသေးမဟုတ်တော့။
မျိုးချစ်မြန်မာတို့သည်
ယင်းအနောက်ဘက်စည်းကိုသာ မဲ၍မနေ သင့်၊ ယင်းအနောက်ဘက်စည်းလုံခြုံဖို့
အရေးကြီးသလို၊ အရှေ့မြောက် ဘက်စည်းကလည်း အသက်တမျှ အရေးကြီး၍နေလေသည်၊
မကြာခင်က ''ရေ၀ယ်တယ်၊ မြေ၀ယ်တယ်၊ ရွှေဝယ်တယ်၊ လူလည်းဝယ်တယ်'' ဟူသော
ရုပ်ပြောင်ကာတွန်းတစ်ကွက်မှာ အလွန်ပင် အဓိပ္ပာယ်ထိမိ၍ သတိကြီးစွာပြုရမည့်
နှိုးဆော်ချက်တစ်ခု ဖြစ်လေသည်။
ဆရာကြီးလူထုစိန်ဝင်းက 'ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်'ဟု ဆိုခဲ့သည်၊
မှန်ပါသည်၊ ပန်းတိုင်ကား စားဝတ်နေရေးပြေလည်မှု၊ ချောင်ချိမှု၊
ပြည့်စုံချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု ဆိုနိုင်သည်။ ဒီမိုကရေစီသည်
နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်။ စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည်
စည်းဖြစ်သည်
|
ကာတွန်းရုပ်ပြောင်တစ်ခုတွင် အဘိုးတစ်ဦးက ''အဘိုးတို့ငယ်ငယ်က
ဒို့မန်းသူမန်းသားတွေဟာ အသား ကမဲမဲလေးတွေ၊ စကားက ဗမာ စကားတစ်မျိုးပဲတတ်တယ်။
အခု မန်းသူမန်းသားတွေကတော့ အသားတွေလည်း ဖြူကုန်ပြီ၊ စကားကလည်း
တရုတ်စကားပါတတ်ကုန်ပြီ'' ဟူ၍ တွေ့ရသည်မှာ အထူး သတိပြုဖွယ်ပင်၊ မိမိတို့မှာ
ဆိုးပေနှင့်မောင်မဲတို့ကြားမှာ ညပ်၍နေလေတော့၊ ဆိုးပေမောင်မဲတို့၏
အရာရာဝါးမြိုခံရမည့် အရေးကို မျိုးချစ်သွေးနှင့် ကြံ့ကြံ့ခံဖို့၊
တွန်းလှန်ဖို့ အချိန်ရောက်၍ နေပြီ။
မြန်မာစကားတစ်လုံးနှင့်စပ်၍
ပြောစရာတွေ ပေါ်ပေါ်လာသည်၊ ဆောင်းပါးရှည်သွားလို့ ယခုလိုရင်း
ပြန်ကောက်ပါတော့မည်၊ ဆရာကြီးလူထုစိန်ဝင်းက''ဒီမိုကရေစီသည်
ပန်းတိုင်မဟုတ်''ဟု ဆိုခဲ့သည်၊ မှန်ပါသည်၊ ပန်းတိုင်ကားစားဝတ်နေ
ရေးပြေလည်မှု၊ ချောင်ချိမှု၊ ပြည့်စုံ ချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု
ဆိုနိုင်သည်။
ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်၊
စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည် စည်းဖြစ်သည်၊ ဒီမိုကရေစီသည်
စည်းကမ်း ပြည့်ဝ၊ မပြည့်ဝပြောဖို့ မလို၊ နိုင်ငံရေးစနစ်ထဲမှာတော့
အကောင်းဆုံးစနစ်ဟု တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးနေသည်၊ ယင်းဒီမိုကရေစီစနစ်
ကိုသာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးသည်၊ ယင်းစည်းစနစ်
အကောင်အထည်ပေါ်လျှင် စားဝတ်နေရေးပြေလည်မှု၊ ပြည့်စုံချမ်းသာမှု ဟူသော
ကမ်းသို့ရောက်ပါလိမ့်မည်၊ ပြည်သူအများစု စားဝတ်နေရေး မပြေလည်သေးလျှင်လည်း
ဒီမိုကရေစီစနစ်အကောင် အထည်မပေါ်သေး၊ ဒီမိုကရေစီမရသေးဟူ၍ မှတ်ယူရပါမည်၊
စည်းကောင်းမှ ကမ်းကောင်း ပါလိမ့်မည်။
EMG |
No comments:
Post a Comment