menu

Tuesday 21 August 2012

ရေတက်မှု ရက်ကြာမြင့်လာ၍ ရေဘေးဒုက္ခသည်များ ကျန်းမာရေးစိုးရိမ်နေရ

ရေတက်မှု ရက်ကြာမြင့်လာသည်နှင့်အမျှ ရေဘေးဒုက္ခသည်များ၏ ကျန်းမာရေးအန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေသူများက ဆိုသည်။

င၀န်မြစ်ရေကြီးမှုနှင့်အတူ ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ကျုံပျော် အစရှိသော မြို့နယ်များတွင် သြဂုတ်လ ပထမပတ်မှ စတင်ကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး လူနေအိမ် အနိမ့်ပိုင်းရပ်ကွက်များသို့ ရေ၀င်ရောက်နေမှုမှာ နှစ်ပတ်ကျော်မျှ ကြာမြင့်နေပြီဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကံဦးလူငယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။


“မြို့ပေါ်ရပ်ကွက်တွေမှာက လက်လှမ်းမီတော့ သိပ်မစိုးရိမ်ရဘူး။ သွားဖို့လာဖို့ ခက်ခဲနေတဲ့ ရွာတွေမှာတော့ နောက်ပိုင်း ရေနဲ့ပတ်သက်ဆက်နွယ်တဲ့ ရောဂါတွေ အများဆုံး ဖြစ်လာနိုင်တယ်”ဟု ကျုံပျော်မြို့နယ်မှ လူမှုရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေသူ ဆရာဝန်တစ်ဦးကဆိုသည်။

အိမ်သာများပါ ရေမြုပ်နေ၍ ကျင်ကြီးကျင်ငယ်စွန့်ရန် ခက်ခဲနေခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရန် လိုအပ်နေခြင်း၊ အဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရပါက အချိန်မီဆေးကုသရန် မြို့ပေါ်သို့ သွားလာရ ခက်ခဲနေခြင်း၊ ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ကြောင့် ယခုနောက်ပိုင်း အချို့ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် အရေပြားဆိုင်ရာ ကူးစက်ရောဂါများ စတင်ဖြစ်ပွားနေရကြောင်း ကျောင်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်မှ ရေဘေးဒုက္ခသည်များက ပြောသည်။

မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ခြင်ဆေး၊ ပိုးသတ်ဆေး ပုံမှန်ဖျန်းပေးမှုများ ရှိသော်လည်း အလှမ်းဝေးပြီး သွားလာရခက်ခဲသည့် ကျေးရွာများမှာမူ လတ်တလောတွင် ဖြည့်ဆည်းပေးရန် ခက်ခဲနေသေးကြောင်း ကျောင်းကုန်းမြို့နယ်တွင် လူမှုရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေသူ ကိုသိန်းဌေးက ပြောသည်။

“ရေကျသွားရင် ငှက်ဖျားတို့၊ ၀မ်းပျက်ဝမ်းလျှောရောဂါတို့ ပိုပြီးဖြစ်ပွားနိုင်တယ်”ဟု ကိုသိန်းဌေးကဆိုသည်။

ထိုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၏ မြစ်ရေတက်မှု ခံစားရသည့် မြို့နယ်နှင့် ကျေးရွာများမှာ ၁၉၉၂ ခုနှစ်က တစ်ကြိမ်၊ ယခု ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ၁၀ နှစ်အတွင်း အဆိုးရွားဆုံး အနေအထားတစ်ရပ်ဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။
 7Day  News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis