menu

Monday 27 August 2012

ပုဒ်မ(၅၀၀)နှင့်တရားစွဲခံရ သည့်မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌဦးနေမျိုးဝေနှင့် အင်တာဗျူး

 မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေဟာ မြန်မာနိုင်ငံအနှံ မြေယာမှုခင်းများကို လိုက်လံဖော်ထုတ်ပြီး ၄င်းပါတီရဲ့ လစဉ်ထုတ်စာစောင် ဒိုင်ဗားစတီး ကနေတဆင့် နိုင်ငံရေးရာ တာဝန်ရှိ သူတွေ ထံကိုဖြန့်ဝေနေပါတယ် ။ ယခုအခါမှာတော့ ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်က အသရေဖျက်မှု ပုဒ်မ (၅၀၀) နဲ့ တရားစွဲထား တဲ့အတွက် မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ( ၂၃.၈.၂၀၁၂ )ရက်နေ့မှာ စတင်ပြီး ဖြေရှင်းနေရပါတယ် ။
ဒီဖြစ်စဉ်ရဲ့ အတိမ်အနက် နဲ့ ကာယကံရှင် ဦးနေမျိုးဝေရဲ့ ခံစားချက် ၊ နိုင်ငံရေးအမြင် တွေကို ရိုးမြေကတွေ့ဆုံမေးမြန်းပြီး ဖော်ပြလိုက်ပါတယ် ။

ရိုးမြေ – ဦးနေမျိုးဝေခင်ဗျ  ဇေကမ္ဘာကုမ္ပဏီက ပုဒ်မ ( ၅၀၀ ) နဲ့တရားစွဲထားတဲ့ကိစ္စ နဲ့ပတ်သက်ပြီး ဖြစ်ပုံလေးတွေပြောပါဦး ။
ဦးနေမျိုးဝေ – ကျနော်တစ်လျှောက်လုံးပြောဆိုတိုက်ပွဲဝင်လာတဲ့ စကားလုံးတွေ အချက်အလက်တွေဟာ ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ကုမ္ပဏီဘက်က ထင်မြင်ယူဆပြီး ကျနော့်ကိုတရားစွဲတာပါ ဘဲ ။ ကျနော်ဘက်ကတော့ ဇေကမ္ဘာ ကုမ္ပဏီကိုမှ မဟုတ်ပါဘူး ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းပဲဖြစ်ပါစေ အများပြည်သူလူထု နစ်နာစေတဲ့ လုပ်ဆောင်ချက်တွေလုပ်နေမယ်  ဥပဒေနဲ့မညီတဲ့ ပုံစံနဲ့ ကိုယ်ကျိုးစီးပွါး အတွက်အားထုတ်နေမယ်ဆိုရင် လက်ပိုက်ကြည့်နေလို့မရပါဘူး ။ ကျနော်က နိုင်ငံရေးသမားတစ် ယောက်ဖြစ်တယ် ။ နိုင်ငံမှာဖြစ်နေတဲ့မတရားမှုတွေကို အသက် စွန့်တိုက် ဖျက်သွားမယ်လို့ ဆုံးဖြတ်ထားတော့ အခုလိုတရားစွဲတဲ့ ကိစ္စ လောက်က မပြောပလောက်ပါဘူး ။ အလုပ်တော့ရှုပ်တာပေါ့ ။
ရိုးမြေ – အများအမြင်အရတော့ ဦးနေမျိုးဝေဟာ ဇေကမ္ဘာ ကုမ္ပဏီရဲ့အကျိုးစီးပွါးတွေကိုဘဲလိုက်လံတိုက်ခိုက်နေတယ်ဆိုရင်ရော ဥပမာခင်ဗျာ နိတုံရွာက ဘိလပ်မြေစက်ရုံကိစ္စ ၊ ဆင်ဖုံ / သင်္ဃန်းကျွန်း ကြီး တို့က မြေယာတွေကိစ္စ လိုမျိုးပေါ့ ။
ဦးနေမျိုးဝေ – ဟုတ်တော့လည်းဟုတ်တယ်ဗျ – အများမြင်သာ တဲ့မီဒီယာစာမျက်နှာပေါ်ပါလာသမျှကတော့ ဇေကမ္ဘာ ကုမ္ပဏီနဲ့ နေမျိုးဝေ ရယ်လို့ ထင်စရာပါဘဲ အမှန်ကတော့ဗျာ တစ်နိုင်ငံလုံးမှာ ကျေးရွာပေါင်း ၃၀ လောက် မှာ ကျနော် ကိုင်တွယ်တဲ့ အမှုအခင်း တွေရှိ တယ် ။ ဂရိတ်ဝေါကုမ္ပဏီ နဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်တို့ ရှမ်းပြည်နယ် မဘိန်းမြို့နယ် တို့ဘက်က ကြံတောင်သူတွေ အငြင်းပွါးတာ မျိုးဆိုရင် ဧက ၃၀၀၀၀ သုံးသောင်း ကျော်တယ် ။ မီဒီယာစာမျက်နှာ တွေမှာ အများကြီး ကျယ် ပြန့်မလာဘူး ။ ဘာလို့လည်းဆိုရင် ဂရိတ်ဝေါဘက်ကလည်း အတင်း အကြပ် ရှေ့တိုး ဆောင်ရွက် တာမျိုး မရှိတော့ နှစ်ဘက်ကြား မှာတည်ငြိမ် နေတာ ပေါ့ ။ တည်ငြိမ်နေတဲ့အခြေအနေမျိုးမှာ ကျနော်တို့ဘက်ကလည်း ဘာမှ ရှေ့တိုး ဆောင်ရွက် တိုက်ပွဲဝင်လို့မရဘူး ။ ၀င်စရာမလိုဘူးလေ ။ ဇေကမ္ဘာကုမ္ပဏီကျတော့ မတူဘူး ကျနော်နဲ့ လယ်သမားတွေ က တစ်ခုခု လုပ်လိုက် သူဘက်က ပြန်လည်ချေမှုန်းလိုက် ၊ ကျနော်တို့က ပြန်လည်တိုက်ပွဲဝင်လိုက်လုပ်နေကြတော့ ရပ်ကျော်ရွာကျော် ကမ္ဘာ ကျော်ဖြစ်ကုန်တာပါဘဲ ။
အဲဒီတော့ ကျနော့်ရဲ့ တိုက်ပွဲအားလုံးကို အတွင်းကျကျ မသိသူ တွေဆိုရင် ကျနော် က ဇေကမ္ဘာကုမ္ပဏီကိုဘဲ အငြိုးတကြီး လိုက်တိုက် နေတယ်ထင်ကြမှာပေါ့ ။ ကျနော် တစ်နိုင်ငံလုံးမှာ တိုက်ပွဲဝင်ပေး တဲ့မြေယာမှုခင်းပေါင်း ၃၀ ကျော်ရှိတယ် ဧကပေါင်း ၅၀၀၀၀ ငါးသောင်း လောက်ရှိတယ် – ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် ၊ မကွေးတိုင်း ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် စသဖြင့်ပေါ့ ဗျာ ။ ဒါပေမဲ့ တဘက်က ရှေ့မတိုးကြတော့ ဒီသတင်းတွေကငြိမ်နေတာပေါ့ – ဇေကမ္ဘာနဲ့ ဖြစ်တဲ့မြေဧကက ရွှေနံ့သာမှာ ၈၀၀ ကျော် ဆင်ဖုံ သင်္ဃန်းကျွန်းကြီးဘက်မှာ ၃၀၀၀ လောက် ဒါလေးဘဲရှိတာပါ ။ နိတုံက ဘိလပ်မြေစက်ရုံကိစ္စက ဧက ၂၀၀၀ ဘဲ ရှိပါတယ် ။ ကျန် ဧကပေါင်း လေးသောင်းလောက်က အခြားသူတွေနဲ့ဖြစ်တာပါ ။
ရိုးမြေ – ဒီလိုအမှုတွေဖြစ်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးအမြင်နဲ့ သုံးသပ်ပြ ပါဦး ။
ဦးနေမျိုးဝေ – နိုင်ငံရေးအမြင်ဘက်ကကြည့်ရင် ဒါ ကောင်းပါတယ် ။ ဒီမိုကရေစီပရောဆက် တစ်ခုပေါ့ ။ ကျနော်ကအမှန်ကို အမှန် အတိုင်း ပြောတာလို့ ယုံကြည်တယ် ။ ကုမ္ပဏီဘက်ကတော့ သူ့ကုမ္ပဏီကို သိက္ခာချတယ်လို့ ယုံကြည်တယ် ။ အမြင်မတူဘူး ။ တရားစီရင်ရေးက ဆုံးဖြတ်ရမှာပေါ့ ။ လူထုကဆုံးဖြတ်ရမှာပေါ့ ။  တရားစီရင်ရေး ကဆုံးဖြတ် တာကတော့ ဆုံးဖြတ်ချက်ချတဲ့ နေ့မှာပြီး တယ် ။ လူထုကဆုံး ဖြတ်တာကတော့ အရှည်ကြီး ခရီးဆက် နေပါလိမ့်မယ် ။
ရိုးမြေ – ကျွန်တော်သိချင်တာကလေ နိုင်ငံရေးအရ ဆိုတာက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဒေါက်တာခင်ရွှေဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်တယ် ။ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီက ဖြစ်တယ် ဦးနေမျိုးဝေက မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီရဲ့ဥက္ကဌဖြစ်တယ် – အဲဒီအပေါ်မှာ လူထုဘယ်လို ခံစားမလဲဆိုတဲ့ အမြင်က လေးပေါ့ ။
ဦးနေမျိုးဝေ – အင်းခက်တယ်ဗျာ ။ လူထုကတော့ ကြိုက်သလို ခံစားမှာ ဘဲ ။ ဒါပေမဲ့ ကျနော်ပြောချင်တာတော့ရှိတယ်ဗျ ။ မြေယာ မတရားမှုတွေကို ကော်မရှင်ဖွဲ့စုံစမ်းဖို့ အဆိုတင်တာက ပြည်ခိုင်ဖြိုး အမတ် ဗိုလ်ချုပ်တင်ထွဋ် ဗျာ ။ အငြင်းပွါးမှုမှာပတ်သက်နေ သူတွေ အထဲမှာလည်း ပြည်ခိုင်ဖြိုးက ပါတီဝင်တွေပါမယ် – အစိုးရအဖွဲ့က ၀န်ကြီးအဆင့်တွေထိပါတယ် ။ ဒါတွေကို ဘီးစိပ်တိုက်ပြီး အထအန မကောက်ကြစေချင်ဘူး ။ လက်ငင်း အခြေအနေ အရ ကောင်းတဲ့ သူကိုကောင်းသလို ထောက်ခံ/ကန့်ကွက် လုပ်ကြစေ ချင်ပါတယ် ။ ကျနော်အပါအ၀င် ဘယ်သူ့ကိုမှ ရာသက်ပန်ယုံကြည်ပါ လို့မတိုက်တွန်း ချင်ပါဘူး ။ အမြဲတမ်း စောင့်ကြည့်စစ်ဆေးနေရမယ် ။ စောင့်ကြည့် လူ့အဖွဲ့အစည်းကသာ လူတွေကို ယဉ်ကျေးစေတာပါ ။ စူပါမန်းတွေ အနေနဲ့ လူ့အဖွဲ့အစည်းကို ထိန်းဖို့ မတတ်နိုင်ပါဘူး ။ လူတိုင်း လူတိုင်းက လူတိုင်းလူတိုင်းကို စောင့်ကြည့် စစ်ဆေးနေရမှာပါ ။
ရိုးမြေ – ဦးနေမျိုးဝေအနေနဲ့ ဒီဖိအားတွေကြောင့် နိုင်ငံရေးလုပ်ငန်း တွေကိုဆက်လုပ်ချင်ပါသေးရဲ့လား ။
ဦးနေမျိုးဝေ – ဒီလိုတွေသာမဖြစ်ရင် ကျနော့်ပါတီကို လူငယ်တွေ လက်ထဲလွှဲပြီး အဒေါ်တွေနဲ့ ခြံသွားစိုက်ဖို့ပြင်ပြီးနေပြီဗျာ ။ အခုတော့ နိုင်ငံရေးထဲကထွက်လို့မရတော့ဘူးပေါ့ ။ ကောင်းပါတယ် ရဲဘော် ရှေ့သို့ ပေါ့ဗျာ ။
  The Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis