menu

Tuesday 3 July 2012

ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် Burma ဟုခေါ်ဝေါ်သုံးစွဲမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားမလိုက်နာခြင်း မဟုတ်ကြောင်း NLD ပြောကြား




ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများတွင် ဗမာဟု သုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ထိုသို့သုံးစွဲခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစား မလိုက်နာခြင်း မဟုတ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင်ပြုလုပ်သော ဥရောပခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်း ပြောဆိုခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းများတွင် မြန်မာနိုင်ငံကို burma ဟု သုံးနှုန်းမှုနှင့်ပတ် သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဆိုပါ အသုံးအနှုန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေသည့်အတွက် မြန်မာဟုသာ သုံးစွဲသင့်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာသင့်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် အကြောင်းကြားစာ ပို့ခဲ့သောကြောင့်  သတင်းထောက်များ၏ မေးမြန်းချက် ကိုထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အားလုံးနားလည်ပါတယ်။ လေးစားလိုက်နာမှုဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေ ကို လေးစားလိုက်နာရမှာပါ။  မြန်မာ နိုင်ငံကို burma လို့ခေါ်ခြင်းသည်  လေးစားလိုက်နာမှုနဲ့ ဘာမှမဆိုင်ပါဘူး။ ပြဋ္ဌာန်းချက်လည်း မဟုတ်ပါဘူး။ burma လည်း ပြဋ္ဌာန်းချက် မဟုတ်ဘူး။ မြန်မာလည်း ပြဋ္ဌာန်းချက် မဟုတ်ဘူး။ အစကနေ အဆုံးအထိ ပြဋ္ဌာန်းမှ ပြဋ္ဌာန်းချက်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်ကို မလေးစားမလိုက်နာတာ မဟုတ်တဲ့အတွက် ပြည်ထောင်စု ကော်မရှင်ကပြောတဲ့ အချက်တွေကို ကျွန်တော်တို့အနေနဲ့ ဥပဒေရှုထောင့်ကနေ လက်မခံနိုင်ပါဘူး”ဟု  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပြီး အချိန်မှစ၍ အင်္ဂလိပ်ဘာသာစကားတွင် burma ဟုသာ သုံးစွဲခဲ့ကြောင်း၊  မြန်မာဟု ပြောင်းလဲခဲ့စဉ်ကလည်း ပြည်သူလူထု၏ သဘောထားကို  မလေ့လာဘဲ ပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊  အခြားနိုင်ငံများကိုလည်း မိမိတို့ ဘာသာဖြင့် စိတ်ကြိုက်ခေါ်ဝေါ်ကြသော်လည်း ၄င်းနိုင်ငံများမှာ သူတို့၏ တရားဝင်နိုင်ငံအမည်ကိုသာ ခေါ်ဆိုရန်မပြောကြောင်း၊ ယခုကိစ္စသည်လည်း မည်သူ့ကိုမှ ထိခိုက်ခြင်းမရှိသည့် အတွက် မိမိကြိုက်သလို သုံးစွဲခွင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis