ယနေ့
ညနေပိုင်းက သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အေအက်ဖ်စီ ယူ-၂၂
ဘောလုံးပြိုင်ပွဲ အုပ်စု (G) ခြေစစ်ပွဲ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်တွင်
အိမ်ရှင် မြန်မာလူငယ် အသင်းက မလေးရှားအသင်းကို တိုက်စစ်မှူး ကောင်းစည်သူ ခြေစွမ်းပြ
ဂိုးများဖြင့် (၂-၁) အနိုင်ရရှိခဲ့သည်။
ထိုရလဒ်ကြောင့် မြန်မာအသင်းသည်
ပွဲကြည့် ပရိသတ် ၂၈၀၀၀ ကျော်ရှေ့မှောက်တွင် အရှေ့တောင် အာရှ
နိုင်ငံများအနက် ၂၀၁၃ အာရှ အသက် ၂၂နှစ်အောက် ပြိုင်ပွဲကြီးအား ပထမဆုံး
ခြေစစ်ပွဲ အောင်သည့် နိုင်ငံအဖြစ် မော်ကွန်း ရေးထိုးနိုင်ခဲ့သည်။
မြန်မာအသင်းနှင့် အတူ ရမှတ်တူ ဂိုးကွာခြားချက် အရ အုပ်စုဗိုလ် ဖြစ်ခဲ့သည့်
တောင်ကိုရီးယား အသင်းမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
ယနေ့
ပွဲစဉ်တွင် မြန်မာအသင်း ဘက်၌ ကျော်ကိုကို ပါဝင်နိုင်ခြင်း မရှိသော်လည်း
လူစုံနီးပါး ပါဝင်ခဲ့ပြီး တိုက်စစ်တွင် ကောင်းစည်သူနှင့် ပွဲထွက် လာခဲ့သည်။
ပွဲစသည်နှင့် မြန်မာနှင့် မလေးရှားတို့ တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ်
စတင် ယှဉ်ပြိုင်ခဲ့သည်။ ပွဲချိန် ၃မိနစ်ခန့်တွင် တောင်ပံ ကစားသမား ကြည်လင်း
ညာခြမ်းမှ ဖြတ်တင်ပေးမှု ဂိုးဘား ကပ်ကျော်ခဲ့သည်။ ၄မိနစ်တွင် မလေးရှား
အသင်း ကွင်းလယ် တစ်ဝက် အကျော်မှ ရရှိသည့် ပြစ်ဒဏ်ဘောအား ၀ါးလုံးထိုး
ကန်သွင်းချက် ကောင်းမွန်သော်လည်း ကျော်ဇင်ဖြိုး ရင်ခွင်ပိုက် ကာကွယ်
ထားနိုင်ခဲ့သည်။ အစောပိုင်းတွင် နှစ်သင်းစလုံး အားကြိုးမာန်တက် ကစားခဲ့ကြ
သော်လည်း ကစားကွက် တည်မရ ဖြစ်နေကြပြီး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။
၈မိနစ်တွင် မလေးရှား အသင်း တိုက်စစ်မှူး ရိုဇိုင်မီ လူကျွံထောင်ခြောက်မှ
ဂိုးရရှိရန် ကြိုးပမ်းခဲ့ သော်လည်း လူကျွံဘောသာ ဖြစ်နေခဲ့သည်။
ပွဲချိန်
၁၈မိနစ်တွင် ညာနောက်ခံ ကစားသမား ရန်အောင်ဝင်း ဒဏ်ရာ ရသွားသဖြင့်
သက်နိုင်ဖြင့် လူစားလဲခဲ့သည်။ ၁၉မိနစ်တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ
ထိုးဖောက်ရာမှ မြန်မာတို့ ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။
ယင်းထောင့်ကန်ဘောမှ တစ်ဆင့် ကြည်လင်း ဖန်တီးပေးမှုအား နန္ဒလင်းကျော်ချစ်
အပိုင် ကန်ခွင့်ရခဲ့ သော်လည်း ဂိုးသမား မိခဲ့သည်။
၂၂မိနစ်တွင်
မလေးရှား ညာတောင်ပံ ကစားသမား ၀မ်ဇက် ညာတောင်ပံမှ ထိုးဖောက် ဖြတ်တင်မှုအား
မြန်မာ နောက်ခံလူ ရှင်းထုတ်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။
ယင်းထောင့်ကန်ဘောအား ကျော်ဇေယျာဝင်း ရှင်းထုတ်နိုင်ခဲ့ပြီး မြန်မာအသင်း
တန်ပြန် ထိုးစစ်ဆင်ခဲ့သည်။ သို့သော် မလေးရှား ကွင်းလယ်လူများ အကောင်းဆုံး
ဟန့်တား ထားနိုင်ခဲ့သည်။
၂၈မိနစ်တွင် ကွင်းလယ်မှ ထိုးပေးသည့်
ဘောလုံးအား ကျော်ဇေယျာဝင်း ဧရိယာ အတွင်း ထိုးဖောက်ရန် ကြိုးပမ်းရာ
နောက်ခံလူများ တားဆီး၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောအား
သိန်းသန်းဝင်းက ကြည်လင်းနှင့် အပေးအယူလုပ် ကန်တင်ပေးရာမှ ဘယ်ခြမ်းမှ
နန္ဒလင်းကျော်ချစ် ရခဲ့ပြီး တဖန် ဖြတ်တင်မှုမှ တစ်ဆင့် ဂိုးကန်သွင်းခွင့်များ
ရရှိခဲ့သော်လည်း ထိထိမိမိ အသုံးချ နိုင်ခြင်း မရှိခဲ့ပေ။ ၃၂မိနစ်တွင်
အက်ရှ်ရီ အဝေးမှ အပြင်းကန်သွင်းချက် ကောင်းမွန်သော်လည်း ကျော်ဇင်ဖြိုး
နှစ်ဆင့်ဖမ်းကာ တားဆီးခဲ့သည်။
ပွဲချိန် ၃၄မိနစ်တွင် မြန်မာအသင်း ထိုးစစ်ဆင် ကစားရာမှ ကောင်းစည်သူ ဧရိယာအတွင်း
ကန်သွင်းခွင့် ရခဲ့ရာမှ မြန်မာတို့ အဖွင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။
၃၇မိနစ်တွင် ကျော်ဇေယျာဝင်း ဘယ်တောင်ပံမှ ဆွဲဝင်မှုအား မလေး နောက်ခံလူများ
တားဆီးရာမှ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်းပြစ်ဒဏ်ဘောအား
ကျော်ဇေယျာဝင်းကပင် တိုက်ရိုက် ကန်သွင်းခဲ့ရာ ကန်ချက် လှပသေသပ် သော်လည်း
မလေး ဂိုးသမား အစွမ်းပြ ပုတ်ထုတ်၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ အဆိုပါ
ထောင့်ကန်ဘောအား ကျော်ဇေယျာဝင်း ပေးရာမှ ကြည်လင်း ဧရိယာအတွင်း ဆွဲဝင်
ကန်သွင်းခဲ့ သော်လည်း ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။
မိနစ် ၄၀တွင်
မလေးရှား အသင်း ထိုးဖောက်မှုအား နောက်ခံလူများ တားဆီးရာမှ မလေးရှား အသင်း
နှစ်ကြိမ်ဆက် ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ သော်လည်း အရာမထင်ခဲ့ပေ။
၄၅မိနစ်တွင် နန္ဒလင်းကျော်ချစ် ညာခြမ်းမှ ဖြတ်တင်ပေးမှုအား ကြည်လင်း
ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။
နာကျင် အချိန်ပိုတွင် နိုင်လင်းဦး အဝေးကန်ချက်ဖြင့် ဂိုးရရှိရေး
ကြိုးပမ်းခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့ကာ ပထမပိုင်း အပြီး မြန်မာတို့
တစ်ဂိုးအသာဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။
ဒုတိယပိုင်း ပြန်စ၍
ပွဲချိန် ၄၇မိနစ်တွင် မလေးရှား တိုက်စစ်မှူး ရိုဇိုင်မီ ထိုးဖောက်မှုအား
ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံး တားဆီး နိုင်ခဲ့သည်။ ထို့နောက်တွင်
မြန်မာတို့ တန်ပြန် ထိုးစစ်မှတစ်ဆင့် ဂိုးရရှိရန် နီးစပ်ခဲ့ သော်လည်း
မလေးရှား နောက်ခံလူ အချိန်မီ ရှင်းထုတ် နိုင်ခြင်းနှင့် နောက်တစ်ကြိမ်
အခွင့်အရေးအား ကောင်းစည်သူ ခေါင်းတိုက်ချက် မမှန်ခဲ့ခြင်း တို့ကြောင့်
ဂိုးမရဘဲ ဖြစ်ခဲ့သည်။ ထို့နောက် ချက်ချင်းပင် မလေးရှား အသင်းမှ ရိုဇိုင်မီ
တစ်ဦးတည်း လွတ်ထွက် ကန်သွင်းခဲ့ သော်လည်း ကျော်ဇင်ဖြိုး အစွမ်းပြ တားဆီး
ထားနိုင်ခဲ့သည်။ ထို့အတူ မိနစ် ၅၀တွင် မလေးရှား အသင်း လှလှပပ ထိုးဖောက်
ဖြတ်တင်မှုအား ကျော်ဇင်ဖြိုးပင် အစွမ်းပြ တားဆီး နိုင်ခဲ့ပြန်သည်။
ဒုတိယပိုင်းတွင်
မလေးရှား အသင်းက ပိုမိုထိရောက်သည့် တိုက်စစ်ဖြင့် ခြိမ်းခြောက်မှုများ
ပြုလုပ်ခဲ့သည်။ သို့သော် ၅၄မိနစ်တွင် ကွင်းလယ်မှ ကျော်ဇေယျာဝင်း ဖန်တီးမှုမှ ကောင်းစည်သူ လွတ်ထွက်
ကန်သွင်းမှု ဂိုးသမား ပုတ်ထုတ် ခဲ့သော်လည်း ပြန်ထွက်လာသည့် ဘောလုံးအား
မနားတမ်း ထပ်မံ ကန်သွင်းကာ မြန်မာတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။
၅၆မိနစ်တွင်
မလေးရှား အသင်း မြန်မာအသင်း ဧရိယာ အပြင် ထောင့်စွန်းမှ ဖရီးကစ်
ကန်သွင်းခွင့် ရခဲ့သော်လည်း မြန်မာ နောက်ခံလူနှင့် ဂိုးသမားတို့အား
ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ မလေးရှား အသင်းသည် ဂိုးပေးလိုက်ရ ပြီးနောက်
ချေပဂိုးများ ရရှိရေး ပိုမို ကြိုးပမ်းလာခဲ့ သော်လည်း မြန်မာ နောက်ခံလူ
များက အကောင်းဆုံး တားဆီး ထားနိုင်ခဲ့သည်။ မိနစ် ၆၀တွင် ကောင်းစည်သူ
ထိုးဖောက်မှုမှ တစ်ဆင့် မြန်မာတို့ ဘယ်ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး
ကျော်ဇေယျာဝင်း ကန်တင်မှုအား ဂိုးသမား ထိုးထုတ်ခဲ့ရာ ကျော်ဇေယျာဝင်းပင်
ဘယ်ခြမ်းမှ ထောင့်ဖြတ် ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ကန်ချက်
ဘေးထွက်ခဲ့သည်။
ထို့နောက်တွင် မလေးရှား အသင်းက လူစားလဲမှု တစ်ရပ်
ပြုလုပ်ခဲ့သည်။ ၆၂မိနစ်တွင် မလေးရှား နောက်ခံလူ မသေမသပ် ရှင်းထုတ်မှုအား
ကြည်လင်း အခွင့်အရေး ရယူကာ အပြင်းကန်သွင်း ခဲ့သော်လည်း ဂိုးတိုင်ထိထွက်
ခဲ့၍ နစ်နာခဲ့သည်။ ၆၅မိနစ်တွင် မလေးရှား အသင်း အကောင်းဆုံး အခွင့်အရေး
တစ်ရပ် ရရှိခဲ့သော်လည်း ဧရိယာ အတွင်းမှ ကန်သွင်းမှုအား ကျော်ဇင်ဖြိုး
အစွမ်းပြ ပုတ်ထုတ် နိုင်ခဲ့၍ သက်သာခဲ့သည်။ ယင်း ပုတ်ထုတ်မှုအား မလေးရှား
တောင်ပံ ကစားသမား တဖန် ဖြတ်တင်ပေးရာ ကျော်ဇင်ဖြိုးပင် ပုတ်ထုတ်ခဲ့သည်။
၆၇မိနစ်တွင်
မြန်မာအသင်းက နန္ဒလင်းကျော်ချစ် နေရာတွင် ညီညီမင်းအား ထည့်သွင်း
ကစားစေခဲ့သည်။ ၆၉မိနစ်တွင် မလေးရှား ကွင်းလယ်လူ ဂယ်ရီ ဧရိယာ အပြင်ဘက်
ခပ်လှမ်းလှမ်းမှ အပြင်း ကန်သွင်းချက် ကောင်းမွန်သော်လည်း ကျော်ဇင်ဖြိုး
ရင်ခွင်ပိုက် တားဆီး နိုင်ခဲ့သည်။ ၇၃မိနစ်တွင် မလေးရှား ကစားသမား တစ်ဦး
ထိခိုက် ဒဏ်ရာ ရခဲ့၍ နောက်ထပ် လူစားလဲမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
၇၉မိနစ်တွင်
မြန်မာအသင်း ညာတောင်ပံမှ ထိုးဖောက်မှုမှ တစ်ဆင့် ညီညီမင်း ဖြတ်တင်ပေးမှု
ကောင်းမွန် သော်လည်း ကောင်းစည်သူ ကန်ချက် ချော်ခဲ့သည်။ သို့သော် အသင့်
ရှိနေသည့် ကျော်ဇေယျာဝင်းက ဘောလုံး တစ်ချက်ထိန်း ကန်သွင်းခဲ့ရာ နောက်ခံလူထိ
ပြန်ထွက်ခဲ့ပြီး ယင်းဘောလုံးအား ကြည်လင်း အပိုင် အသုံးချရန် ကြိုးပမ်းမှု
နောက်ခံလူထိကာ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောမှ တစ်ဆင့်
ပြန်လျှံကျလာသည့် ဘောလုံးအား နိုင်လင်းဦးက ဧရိယာ အပြင်မှ အပြင်း
ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ကန်ချက် ဘေးကပ်ထွက်ခဲ့သည်။
၈၅မိနစ်တွင်
ညီညီမင်း တစ်ဦးတည်း လွတ်ထွက်ခဲ့ သော်လည်း ဂိုးသမား ခြေတစ်လှမ်း
ဦးခဲ့ပြီး အ၀င်ကြမ်းသည်ဟု ဆိုကာ ညီညီမင်းအား ဒိုင်က အ၀ါကတ်ပြ
သတိပေးခဲ့သည်။ မိနစ် ၉၀ပြည့်ခါနီးတွင် မလေးရှား အသင်း တိုက်စစ်ဆင်မှုအား
နောက်ခံလူ ဆွဲထားသလို ဖြစ်ခဲ့၍ ပင်နယ်တီ ပေးခဲ့ရသည်။ ယင်းပင်နယ်တီအား
မလေးရှား တိုက်စစ်မှူး ရိုဇိုင်မီ ကန်သွင်းခဲ့ရာ မလေးရှားတို့
ချေပဂိုးတစ်ဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် မလေးရှား အသင်း ထောင့်ကန်ဘော
တစ်ကြိမ် ရရှိခဲ့သော်လည်း ဂိုးရရှိခြင်း မရှိတော့ဘဲ ပွဲပြီးဆုံးခဲ့သည်။
Soccer Myanmar
|
No comments:
Post a Comment