menu

Thursday 12 July 2012

နှစ်လွှာပေါင်းမှ တစ်ရွက် (နီမင်းဆွေ)

ကိုယ့်ကိုချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လို့ ဘယ်လိုပဲ ကျိန်တွယ် ပြောနေပြောနေ ရေရှည်စီမံကိန်းချပြီး တစ်သက်လုံးစောင့်ရှောက်မယ့်ပုံ မပေါ်ရင်တော့ ဘယ်မိန်းကလေးမှ အရဲစွန့်ပြီး ကိုယ့်ဘ၀ကို ပုံအပ်ရဲမယ် မထင်ဘူး။ ဒီလိုပါပဲ အရဲစွန့်ပြီး လုပ်ငန်းသစ်တစ်ခုကို ပြောင်းလုပ်ဖို့ဆိုတာက ကိုယ့်ဘ၀ကို ပုံအပ်လိုက်ရသလိုပဲမို့ လုပ်ငန်းသစ်ဟာ မရေရာဘူးဆိုရင်တော့ ဘယ်သူမှ စွန့်စားချင်ကြမယ် မထင်ဘူး  . . .


သိပ္ပံနဲ့ နည်းပညာတွေ တိုးတက်လာလို့ လူနေမှုဘ၀ မြင့်မားလာတာတွေထဲက အကြိုက်ဆုံးတစ်ခုကို ပြောစမ်းပါဆိုရင်တော့ ဒီဗီဒီတွေ ပေါ်လာတဲ့ကိစ္စကိုပဲ ပြောရမှာပါ။ အဲဒီလို ဒီဗီဒီတွေပေါ်လာတဲ့အတွက် ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်တဲ့အချိန် ပြန်ကြည့် နိုင်လာပါတယ်။ ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို မကြည့်လိုက်ရဘဲ လွတ်သွားရင် ငါတော့ ဒီဇာတ်ကားကို ဒီတစ်သက် ကြည့်ရတော့မှာ မဟုတ်ဘူးလို့ထင်ပြီး အတော့်ကို စိတ်ဆင်းရဲခဲ့ရတာပါ။ အခုတော့ အဲဒီလိုကားမျိုးတွေကိုလည်း အလွယ်တကူရှာပြီး ကြိုက်တဲ့ အချိန်ပြန်ကြည့်နိုင်ပါပြီ။ ဟိုတစ်နေ့ကတော့ ရင်ထဲမှာ စွဲလမ်းတမ်းတနေမိတဲ့ 'ကောင်းဘွိုင်' (Cowboy) ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြန်ကြည့်ရင်း ငယ်စဉ်တုန်းက မွေးရပ်မြို့လေးက ရုပ်ရှင်ရုံမှာ ကောင်းဘွိုင်ဇာတ်ကားတွေကို သူငယ်ချင်းတွေနဲ့အတူ သွားသွားကြည့်ခဲ့ရတာကို ပြန်အမှတ်ရနေမိတယ်။
ငယ်စဉ်ကလေးဘ၀က ကောင်းဘွိုင်တွေ သေနတ်ပစ်တဲ့နေရာမှာ လက်တည့်တာကို အားကျမိပေမယ့် သူတို့ဘ၀လိုတော့ မဖြစ်ချင်ခဲ့တာ အမှန်ပါပဲ။ တစ်ချိန်လုံး မြင်းကျောကုန်းပေါ်မှာပဲ နေနေရပြီး နေကလည်းပူ ဖုန်ကလည်းထူတဲ့ ကွင်းပြင်ကြီးတွေထဲမှာ နွားတွေလိုက်ဖမ်းရ၊ နွားထီးတွေကို သင်းကွပ်ရ၊ ချို ဖြတ်ရ၊ နီရဲနေအောင်မီးဖုတ်ထားပြီး ထိပ်ဖျားမှာခြံပိုင်ရှင်ရဲ့ တံဆိပ်ပါတဲ့ သံချောင်းတွေနဲ့ နွားတွေရဲ့တင်ပါးတွေကို ဇီးခနဲဇီးခနဲ မြည်အောင် ထိုးကပ်ရတဲ့ အလုပ်တွေကို ကိုယ်မှ သဘောမကျခဲ့တာ။
နောက် အသက်အရွယ်နည်းနည်းရလာတဲ့အခါ ဒီကောင်းဘွိုင်တွေ ဘယ်လိုက ဘယ်လိုပေါ်လာပြီး ဘယ်လိုကနေဘယ်လို ပျောက်သွားကြပါလိမ့်ဆိုတာကို သိချင်လာပါတယ်။ ဒါ့ကြောင့် သူတို့ပေါ်ပေါက်လာပုံနဲ့ သူတို့ဘ၀တွေကို လေ့လာကြည့်မိပါတယ်။ အဲဒီအခါမှာ ၁၉ ရာစုနှစ်တုန်းက ဥရောပနဲ့ အမေရိကတိုက်မှာရှိတဲ့ လူတွေတော်တော်များများ ငယ်စဉ်ကတည်းက မြင်းစီးတတ်ကြပေမယ့် ခုရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ တကယ့်ကောင်းဘွိုင်ဆိုတာကတော့ အမေရိကန်ပြည်တွင်းစစ်ကြောင့် ပေါ်လာရတယ်ဆိုတာကို မထင်မှတ်ဘဲ သွားတွေ့ခဲ့ရတာပါ။
အမေရိကန် ပြည်တွင်းစစ်ဖြစ်တော့ အရွယ်ကောင်းသူတိုင်း စစ်ထွက်တိုက်ကြရပါတယ်။ စစ်ကြီးပြီးသွားတော့ နှစ်ဖက်စလုံးက စစ်သားဟောင်းတွေ ဘာဆက်လုပ်ရမှန်း မသိကြတော့ပါဘူး။ အထူးသဖြင့် တောင်ပိုင်းက စစ်ပြန်တွေရဲ့ အခြေအနေက ပိုဆိုးပါတယ်။ ၀ါဂွမ်းလုပ်သားတွေ သူရင်းငှားတွေနဲ့ ပျံကျ အလုပ်သမားတွေဟာ ဘာအလုပ်မှ မရှိကြတော့ပါဘူး။ သူတို့ရဲ့ အလုပ်ရှင်တွေကိုယ်တိုင်လည်း စီးပွားပျက်ပြီး မွဲကုန်ကြလို့ အဲဒီအလုပ်ရှင်တွေကို အားကိုးဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ အဲဒီတောင်ပိုင်းက စစ်သည်ဟောင်းတွေရဲ့ လက်ထဲမှာ စု ဆောင်းထားတဲ့ စည်းစိမ်ဥစ္စာဆိုလို့ ဘာမှမကျန်တော့ဘဲ စစ်ကြီးရဲ့ အမွေအနှစ်အဖြစ် မြင်းကောင်းကောင်းစီးတတ်တာ အပင်ပန်းအဆင်းရဲခံနိုင်တာနဲ့ သေနတ်ပစ်ကျွမ်းတာဆိုတဲ့ ဂုဏ်ဒြပ်တွေပဲ ကျန်ရစ်ခဲ့ကြပါတော့တယ်။ ဒါ့ကြောင့် တစ်လကို ၂၅ ဒေါ်လာကနေ ဒေါ်လာ ၄၀ ကြားဆိုတဲ့ လုပ်ခလစာဟာ အသက်ရှင်သန်နေနိုင်ရုံလောက်ပဲဖြစ်ပေမယ့် ဝေးဝေးလံလံ သွားရှာမနေရဘဲ လွယ်လွယ်ရနိုင်တဲ့ အလုပ်ဖြစ်တဲ့ ကောင်းဘွိုင် အလုပ်ကိုပဲ ၀င်လုပ်ကြရတော့တာ ဖြစ်တယ်။ အရေအတွက် ၁၅၀၀ က နေ ၃၀၀၀ အကြားရှိတဲ့ ကျွဲနွားတွေကို တက်ဆက်စ်(Texas)ပြည်နယ် တောင်ပိုင်းကနေ မြောက်ပိုင်းပြည်နယ်တွေက ကျွဲနွားဈေးကွက်ရှိတဲ့ မြို့တွေဆီကို ကောင်းဘွိုင်တွေက လိုက်လံစောင့်ရှောက်ပြီး အုပ်လိုက်အုပ်လိုက် မောင်းပို့ကြရတာပါ။ စစ်ကြီးပြီးစ ၁၈၆၅ ခုနှစ်ကနေ ၁၈၈၀ ပြည့်နှစ်ထိ ၁၅ နှစ် တာကာလအတွင်း အဲဒီကောင်းဘွိုင်တွေဟာ ကျွဲနွားကောင်ရေ ၃သန်းခွဲလောက်ကိုတောင် ပို့ပေးခဲ့ကြရတာ ရှိပါတယ်။ နောက်ပိုင်း ရေနွေးငွေ့ မီးရထားတွေပေါ်လာပြီး ရထားလမ်းတွေပေါက်လာတဲ့အခါ ကျွဲနွားတွေကို ရထားနဲ့ပဲတင်ပြီး နေရာရွှေ့ကြလို့ ကောင်းဘွိုင် ခေတ်ကုန်သွားခဲ့ရပါတော့တယ်။
ကောင်းဘွိုင်သမိုင်းကို လေ့လာပြီးတဲ့နောက် ဒီကောင်းဘွိုင်အလုပ်နဲ့ အသက်မွေးကြသူတွေရဲ့ စိတ်နေသဘောထားတွေ ဘယ်လိုရှိ တတ်ကြလေမလဲဆိုပြီး ဆက်တွေးမိပါတယ်။ အဲဒီအခါ မြစ်ဝကျွန်းပေါ်ဘက်က စီးပွားရေးလုပ်ငန်းရှင် ကိုယ့်မိတ်ဆွေတစ်ဦးပြောပြတဲ့ စကားလေး တစ်ခွန်းကို သွားသတိရမိပါတယ်။ သူက 'ကျွန်တော့်အတွေ့အကြုံအရတော့ လောကမှာ လူနှစ်မျိုးပဲ ရှိတယ်ဗျ...'လို့ အစပျိုးပြီး ကိုယ့်အတွက် အဘိဓမ္မာတစ်ခုကို ချွေပေးသွားခဲ့တာပါ။ သူ့အပြောအရတော့ ပထမတစ်မျိုးကမြစ်ထဲမှာ မော်တော်နဲ့ ခရီးသွားနေရင်း'ဟေ့...စောင်ထုပ်ရေထဲ ကျသွားလို့တဲ့ဟေ့..လုပ်ကြပါဦး'လို့ အော်သံကြားတဲ့အခါ ရှပ်အင်္ကျီမချွတ်ဘဲ ပုဆိုးကိုသာ ကပျာကယာချွတ်ပြီး အတွင်းခံဘောင်းဘီနဲ့ မြစ်ထဲကို ဒိုင်ဗင်ထိုးဆင်းသွားတဲ့ လူစားမျိုးဖြစ်တယ်။ ဘယ်သူ့ရဲ့ ထပ်ဆင့်တိုက်တွန်းချက်ကိုမှ စောင့်မနေဘဲကိုယ့် အလိုလို ရေထဲခုန်ချသွားပြီး စောင်ထုပ်ပဲ ရေထဲကျကျ ကလေးပဲ ရေထဲကျကျ အဲဒီလိုလူမျိုးဟာ အမြဲ မလွတ်တမ်း ဆယ်ပေးနိုင်တဲ့ လူမျိုးလည်း ဖြစ်တယ်။
အဲ..နောက်တစ်မျိုးကတော့ တစ်ဧကလောက်ကျယ်ပြီး တောတွေပိတ်နေတဲ့ မြေကွက်တစ်ကွက်ထဲကို ခေါ်သွားပြီး 'ဒါငါ့မြေပဲ၊ မင်းဒီအကွက်ထဲက တောတွေရှင်းပြီး ဖရုံပဲ စိုက်စိုက် သခွားပဲ စိုက်စိုက်၊ မင်းကြိုက်တာစိုက်၊ ဒီခြံထဲမှာပဲ မင်းတဲထိုးပြီးနေ၊ နောက်ပြီး ဒီခြံဘေးကချောင်းထဲမှာ ရေအားလျှပ်စစ် ထုတ်လို့ရနိုင်တဲ့ ရေတံခွန်သေးသေးလေး ရှိတယ်၊ အဲဒီကနေ လက်လုပ်ကိရိယာနဲ့ ရေအားလျှပ်စစ်ထုတ်ပြီး မင်းနေမယ့်တဲအတွက် မီးထွန်း၊ အသီးတွေထွက်လာတဲ့အခါကျတော့ အရင်းနှုတ်ပြီး အမြတ်ထဲက ငါ့ကို လေးပုံတစ်ပုံပဲပေး'လို့ ဆိုရင် ပိတ်နေတဲ့တောကို ချက်ချင်းရှင်းလိုက်နိုင်တဲ့အပြင် ခြံထဲမှာ ဖရုံက ဖရုံ သခွားက သခွား စနစ်တကျ အကွက်ရိုက်ပြီး မကြာခင်ကာလအတွင်း စိုက်ထားတာကို တွေ့ရလိမ့်မယ်။ တစ်နှစ်လောက်ကြာတဲ့အခါ သွားကြည့်ရင် တစ်ခြံလုံး စိမ်းစိုနေတာကို တွေ့ရမှာဖြစ်တဲ့အပြင် မိုးတွင်းကာလ ညဘက်သွားကြည့်ရင်လည်း တဲမီးလင်းနေအောင် လုပ်ပြနိုင်တဲ့ လူမျိုးဖြစ်တယ်လို့ ကိုယ့်ကို ပြောပြသွားခဲ့ပါတယ်။ 
မိတ်ဆွေပြောတဲ့ လူနှစ်မျိုးအကြောင်းစဉ်းစားပြီး ကောင်းဘွိုင်အလုပ် ၀င်လုပ်ကြသူတွေဟာ ပထမ လူစားမျိုးထဲကပဲဖြစ်မယ်ဆိုတာကို ချက်ချင်းသဘောပေါက်မိပါတယ်။ ဒီလိုလူစားမျိုးဟာ ရေရှည် စည်းနဲ့ စနစ်နဲ့ စီမံကိန်းချလုပ်ရတဲ့ အလုပ်မျိုးကို မလုပ်တတ်ကြပါဘူး။ ထွက်ကွ ချဟဆိုရင် တစ်ချိုးတည်း ထွက်လာတတ်ကြသူတွေ၊ နောက်ပြီး တစ်ပတ်စာ တစ်လစာလောက်ကိုပဲ မျှော်တွေးစဉ်းစားပြီး အလုပ်လုပ်တတ်ကြသူတွေ၊ စီမံကိန်းတွေ စီမံချက်တွေ တီထွင်မှုတွေအကြောင်း သွားပြောရင် နားရှုပ်လို့ ထွက်ပြေးတတ်သူတွေလည်း ဖြစ်ကြပါတယ်။
အမေရိကန် ပြည်တွင်းစစ်ဟာ ၄ နှစ်ပဲကြာပြီး ဒုတိယကမ္ဘာစစ်ကြီးကတော့ ၆ နှစ် ကြာခဲ့ပါတယ်။ ဒါ ကြောင့် ကမ္ဘာစစ်ပဲဖြစ်ဖြစ် ပြည်တွင်းစစ်ပဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ချုပ်ငြိမ်းကြရမှာပါ။ ကံမကောင်း အကြောင်းမလှစွာ ခုပြောနေတဲ့ အချိန်ကာလထက်ပိုပြီးကြာအောင် တိုင်းပြည်တစ် ပြည်အတွင်းမှာ စစ်ပွဲဆင်နွှဲနေရတဲ့ နိုင်ငံကတော့ အာဖဂန်နစ္စတန်ပါပဲ။ ဟိုရှေးယခင်တုန်းက အကြောင်းတွေကို မပြောတော့ဘဲ ဆိုဗီယက်တွေ စတင်ဝင်ရောက်ကျူးကျော်တဲ့နှစ်ကစပြီး ပြောမယ်ဆိုရင်တောင် အခုဆို ၃၂ နှစ် ကြာမြင့်ခဲ့ပါပြီ။ ဒီ့ထက်ရှည်ကြာတဲ့ ပြည်တွင်းစစ်တစ်မျိုး အရှေ့တောင်အာရှဒေသထဲက နိုင်ငံတစ်နိုင်ငံမှာ ရှိနေနိုင်မလားလို့လည်း တွေးမိပါတယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်ကစစ်ပွဲဟာ ပြည်တွင်းကရော ပြည်ပကပါ ပါနေလို့ ဘာစစ်ပွဲလို့ ခေါ်ရမှန်းတောင် မသိတော့ပါဘူး။
ဘာစစ်ပွဲလို့ ခေါ်ရမှန်းမသိပေမယ့် အဲဒီအာဖဂန်နစ္စတန်စစ်ပွဲဟာ ဘယ်ခုနှစ်မှာပြီးမယ်ဆိုတာကို ခန့်မှန်းနိုင်ဖို့ မလွယ်ဘူးဆိုတာရယ်၊ နောက်ပြီး အဲဒီနိုင်ငံဟာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးအဆင့်ကို ရောက်နေတဲ့နေရာကနေ အောက်ကိုဆင်းဖို့ မလွယ်သေးဘူးဆိုတာတွေ ရယ်ကိုတော့ လူတွေ သိနေကြပါတယ်။ ဒါ့ကြောင့် စစ်နဲ့ဘိန်းနဲ့ ဘယ်လိုတွဲနေသလဲဆိုတာဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ အဲဒါနဲ့ မူးယစ်ဆေးဝါးတွေ ပေါများလှတဲ့ မက္ကဆီကိုနဲ့ လက်တင်အမေရိကားက နိုင်ငံတွေကို ကြည့်လိုက်တဲ့အခါကျမှ  'မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင်' ဆို တာဟာ ကဗျာဆန်ဆန်ပြောရရင် 'နှစ်လွှာပေါင်းမှ တစ်ရွက်' ဖြစ်နေပါလားဆိုတာကို တွေ့လိုက်ရတာပါပဲ။
ဒါ့ကြောင့် ဒီပြဿနာနှစ်ခုကို ရှင်းတော့မယ်ဆိုရင် တစ်ခုတည်းရှင်းပြီး ကျန်တစ်ခုကို ထားပစ်ခဲ့လို့ မရနိုင်ပါဘူး၊ နှစ်မျိုးစလုံးကို တပြိုင်တည်းရှင်းမှရမယ်ဆိုတာကို သဘောပေါက်လာရပါတယ်။ နောက်သိလာရတဲ့ အချက်တစ်ချက်က အဲဒီကိစ္စနှစ်ခုကို ရှင်းတော့မယ်ဆိုရင် ရေထဲကျသွားတဲ့ စောင်ထုပ်ကို လိုက်ဆယ်သလိုမျိုး တစ်ပွဲတိုးလုပ်လို့ ဘယ်တော့မှ မရဘူးဆိုတာကိုပါပဲ။
ဘိန်းဖျက်ဟ ဖျက်ဟဆိုပြီး ဘိန်းခင်းတွေကို တုတ်နဲ့လိုက်ရမ်းရုံနဲ့ မူးယစ်ဆေးဝါး ပပျောက်မသွားပါဘူး။ ဒီလိုအရေးပေါ် စောင်ထုပ်လိုက်ဆယ်တဲ့ ပုံစံမျိုးနဲ့ အကြိမ်ကြိမ် ဘိန်းဖျက်ခဲ့ကြဖူးပါတယ်။ ဘိန်းခင်းပျက်သွားတော့ အဲဒီဘိန်းခင်းပိုင်ရှင် ကလေး ၂ယောက်အမေ မုဆိုးမခမျာ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ စိုက်ပျိုးစရိတ်လိုလို့ ချေးခဲ့တဲ့ ပိုက်ဆံတွေကိုလည်း ပြန်ဆပ်ရဦးမယ်။ ပါးစပ်နှစ်ပေါက်ကိုလည်း ကျွေးရဦးမယ်။ ပိုက်ဆံကလည်း ဘယ်ကမှ ထပ်ချေးလို့ ရတော့မှာမဟုတ်ဘူး။ ဒီတော့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ လွယ်လွယ်ပြဿနာရှင်းလို့ရတဲ့ နည်းလမ်းကိုပဲရွေးပြီး တောင်စောင်းကနေ အောက်ကို ခုန်ချလိုက်တော့တာပါပဲ။
လက်နက်ကိုင်တွေအတွက်ကလည်း ဒီသဘောပါပဲ၊ တိုက်ဟ ချကွဆိုတာ လွယ်ပါတယ်။ တိုက်ပြီးတဲ့နောက် ပြဿနာရှင်းဖို့ဆိုတာကတော့ စစ်တိုက်ခဲ့ရတဲ့အချိန်ထက် ပိုပြီးကြာသွားနိုင်ပါတယ်။ လစ်ဗျားမှာ ကဒါဖီပြုတ်ကျသွားပြီးတဲ့နောက် တစ်နိုင်ငံလုံး လက်နက်တွေပြန့်ကျဲပြီး ကျန်ရစ်ခဲ့ပါတယ်။ ပြဿနာက လူတိုင်းလိုလို သေနတ်ပစ်တတ်နေခြင်းပါပဲ။ အဲဒီတော့ တစ်အုပ်စုနဲ့တစ်အုပ်စု တစ်မြို့နဲ့တစ်မြို့ တိုက်လို့ကို မဆုံးနိုင်တော့ပါဘူး။ သေလိုက်ကြတာကလည်း သောက်သောက်လဲပါပဲ။

ကိုယ့်ကိုချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လို့ ဘယ်လိုပဲ ကျိန်တွယ် ပြောနေပြောနေ ရေရှည်စီမံကိန်းချပြီး တစ်သက်လုံးစောင့်ရှောက်မယ့်ပုံ မပေါ်ရင်တော့ ဘယ်မိန်းကလေးမှ အရဲစွန့်ပြီး ကိုယ့်ဘ၀ကို ပုံအပ်ရဲမယ် မထင်ဘူး။ ဒီလိုပါပဲ အရဲစွန့်ပြီး လုပ်ငန်းသစ်တစ်ခုကို ပြောင်းလုပ်ဖို့ဆိုတာက ကိုယ့်ဘ၀ကို ပုံအပ်လိုက်ရသလိုပဲမို့ လုပ်ငန်းသစ်ဟာ မရေရာဘူးဆိုရင်တော့ ဘယ်သူမှ စွန့်စားချင်ကြမယ် မထင်ဘူး  . . .
နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ နိုင်ငံရဲ့ ဥပဓိရုပ် သန့်အောင် မျက်နှာပေါ်က အမည်းစက်တွေကို အနှေးနဲ့အမြန် ရှင်းကြရမှာဖြစ်ပါတယ်။ အဲဒီအထဲက နိုင်ငံတကာက ကြောက်ကြတဲ့ အမည်းစက်နှစ်ခုကတော့ ခုနကပြောခဲ့တဲ့ နှစ်လွှာပေါင်းမှ တစ်ရွက်ပါပဲ။ အဲဒီဘိန်းစိုက်တဲ့လူနဲ့ လက်နက်ကိုင် တဲ့လူနှစ်မျိုးတို့ အရင်တုန်းက သူတို့လုပ်ခဲ့တဲ့ အလုပ်တွေကို ပြန်မလုပ်ဖြစ်ကြအောင် ဆောင်ရွက်ဖို့ကတော့ ပညာပါလွန်းလှသလို ငွေအားရော လူအားပါပုံသုံးရမယ့်အပြင် အချိန်လည်းပေးရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘိန်းပပျောက်အောင် ဘိန်းခင်းတွေကို လိုက်ဖျက်မယ့်အစား အဲဒီဘိန်းတောထဲကိုသွားပြီး ဘိန်းအစားထိုး သီးနှံတွေစိုက်တတ်အောင် သင်ပေးမှ၊ စိုက်တဲ့ဒေသအထိ ရောက်အောင်သွားပြီး ထွက်လာတဲ့သီးနှံတွေကို တန်ရာတန်ကြေးပေးပြီး ၀ယ်ပေးနိုင်မှ၊ အဲဒီဒေသတွေက ဘိန်းတောင်သူတွေ နေ့စဉ် ပုံမှန်ဝင်ငွေရအောင် အသေးစား စက်မှုလုပ်ငန်းလေးတွေ သွားထူထောင်ပေးနိုင်မှ၊ ဒါမှမဟုတ် ဘိန်းမစိုက်ဘဲ ထမင်းဝအောင် တစ်ဝမ်းတစ်ခါး ရှာစားနိုင်တဲ့လုပ်ငန်းတွေ ပေါ်လာအောင် လုပ်ပေးနိုင်မှ ရေရှည်မှာ ဘိန်းပပျောက်မှာ ဖြစ်ပါတယ်။
နောက် လက်နက်ကိုင်တွေ အတွက်ကလည်း လက်နက်စွန့်ပြီးရင် ကောင်းဘွိုင်အလုပ်ထက် နည်းနည်းဝမ်းပိုစိုတဲ့ အလုပ်ကလေးတွေ အဆင်သင့်ရှိနေဖို့ အထူးလိုအပ်လှပါတယ်။ အာဖဂန်နစ္စတန်က လက်နက်ကိုင်တွေအတွက် ကောင်းဘွိုင်လုပ်ငန်းတွေ ပေါ်လာမှာမဟုတ်တာ ကတော့ သေချာပါတယ်။ စစ်သည်ဟောင်းတွေ စစ်ပြန်တွေနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေ ဖော်ဆောင်ပေးဖို့၊ သူတို့ပျော်မွေ့ရာဒေသမှာပဲ တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းလေးတွေ ထူထောင်ပေးဖို့၊ လက်နက်ကိုင်တဲ့အလုပ်ကို ပြန်လှည့်မကြည့်ချင်လောက်အောင် ရွံမုန်းသွားပြီး လက်ရှိဘ၀မှာပဲ ပျော်မွေ့သွားအောင် လုပ်ပေးဖို့ကတော့ အဲဒီကာယကံရှင် နိုင်ငံတွေရဲ့ အရေးကြီးဆုံး တာဝန်ပဲဖြစ်တယ်။
ကိုယ့်ကိုချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လို့ ဘယ်လိုပဲ ကျိန်တွယ် ပြောနေပြောနေ ရေရှည်စီမံကိန်းချပြီး တစ်သက်လုံး စောင့်ရှောက်မယ့်ပုံမပေါ်ရင်တော့ ဘယ်မိန်းကလေးမှ အရဲစွန့်ပြီး ကိုယ့်ဘ၀ကို ပုံအပ်ရဲမယ် မထင်ဘူး။ ဒီလိုပါပဲ အရဲစွန့်ပြီး လုပ်ငန်းသစ်တစ်ခုကို ပြောင်းလုပ်ဖို့ ဆိုတာက ကိုယ့်ဘ၀ကို ပုံအပ်လိုက်ရသလိုပဲမို့ လုပ်ငန်းသစ်ဟာ မရေရာဘူးဆိုရင်တော့ ဘယ်သူမှ စွန့်စားချင်ကြမယ် မထင်ဘူး။
ဒါ့ကြောင့် သူတို့အတွက် ကောင်းဘွိုင်အလုပ်တွေ အသင့်ပြင် ဆင်ထားတာကိုမတွေ့ရလို့ အာဖဂန် နစ္စတန်တောင်တန်းဒေသက  မိန်းမရွယ်လေးတွေက ကျွန်မတို့ငယ်သေးလို့ အိမ်ထောင်ပြုဖို့ မစဉ်းစားနိုင်သေးပါဘူးလို့ ပြောလာခဲ့ရင် ဒီလူတွေ တော်တော်စိတ်ဓာတ်ညံ့ဖျင်းတဲ့ လူ တွေပဲလို့ ကမ္ဘာသူကမ္ဘာသားတွေက မှတ်ချက်ချကြလေမလား။ အဲဒီလို မှတ်ချက်ချကြမယ်မယ်ဆိုရင် ဒါဟာ တရားပါ့မလားလို့ ကောင်းဘွိုင်ဇာတ်ကားတွေကြည့်ရင်း တွေးနေမိပါတော့တယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis