menu

Thursday 12 July 2012

အစ်မကလိမ်ပြောတာကိုး



၁၉၄၂ ခုနှစ်က မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များ ဆုတ်ခွာသွားကြပြီးနောက် ၁၉၄၃ ခုနှစ်ကုန် နှင့် ၁၉၄၄ နှစ်ဆန်းမှ စ၍ အိန္ဒိယနယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံအားပြန်လည်သိမ်းယူရန် တန်ပြန်ထိုးစစ်ဆင်ရာတွင် အဓိကတာဝန်ယူရသော ဗြိတိသျှ အမှတ် ( ၁၄ ) တပ်မတော်၏သေနာပတိ ဗိုလ်ချုပ်ကြီး ဆာဝီလျှံဆလင်း Sir William Slim ( နောက်ပိုင်း ဖီးလ်မာရှယ် ခေါ် ဗိုလ်ချုပ်မှုးဖြစ်လာသူ ) သည် ဗိုလ်ချုပ်အောင်ဆန်းအား လုံးဝအထင်မကြီးရုံမက ဗိုလ်ချုပ်၏ ဗမာ့တပ်မတော်တစ်ခုလုံးကို အထင်သေးခဲ့သူဖြစ်ပါသည်။

ဤသည်မှာလည်း အကြောင်းရှိပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းက တပ်ဖွဲ့ ၁၃၆ ( Force 136) ခေါ် ဗြိတိသျှစစ်ထောက်လှမ်းရေးအဖွဲ့ က ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အကြောင်း လျို့ ဝှက်သတင်းပို့ အစီရင်ခံရာတွင် -


“အောင်ဆန်း၏ တပ်မှ လူအများစုသည် ပညာအရည်အချင်း မရှိသူများ ၊ အလုပ်လက်မဲ့ လူတွေလူပေများ ၊ အဆင့်အတန်းမရှိသောသူများသာ ဖြစ်သည်။ အရာရှိဆိုသူများ ကိုယ်တိုင်က ပညာတတ်များမဟုတ်။ တပ်ပုံစံကလည်း စည်းကမ်းစနစ် မရှိသဖြင့် စိတ်မချရ။" စသည်ဖြင့် မဟုတ်မမှန် ဖြစ်ကတတ်ဆန်း သတင်းများသာ ပို့ ခဲ့လေရာ ဗိုလ်ချုပ်ကြီး ဆလင်း အနေဖြင့် ဗမာ့တပ်မတော်နှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းကို အထင်မကြီးခဲ့ခြင်းဖြစ်သည်။ သူသည် စစ်မဖြစ်မီက မြန်မာနိုင်ငံရေးအခြေအနေနှင့် ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်မှ တစ်ဆင့် မွေးဖွားပေါ်ပေါက်လာသူ အောင်ဆန်းအမည်ရှိ လူငယ်ခေါင်းဆောင်၏ ထူးချွန်ထက်မြက်မှုအကြောင်းများကို လေ့လာခဲ့သူလည်း မဟုတ်ကြောင်း ၊ တပ်ဖွဲ့ ၁၃၆ ၏ မဟုတ်မမှန် ထောက်လှမ်းရေးသတင်းများကိုသာ အခြေပြုလျှက် ဗိုလ်ချုပ်အောင်ဆန်းအား အထင်သေးခဲ့ခြင်းဖြစ်လေသည်။
ထို့ ပြင် ဗမာ့တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု သေနာပတိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တင် ၏ ဌာနချုပ်တို့ လျို့ ဝှက်အဆက်အသွယ်ရရှိကြောင်းကိုလည်း စောစောပိုင်းက ဗိုလ်ချုပ်ကြီးဆလင်းသည် မသိခဲ့ချေ။

သို့ ရာတွင် သူ့ အထက်မှ အကြီးအကဲတပ်ပေါင်းစု သေနာပတိချုပ်ကြီးက ၁၉၄၅ ခုနှစ်တွင် -
“ဗမာပြည်တွင်းမှ အောင်ဆန်းနှင့် တွေ့ ဆုံဆွေးနွေးပါ။ အောင်ဆန်းနှင့် သူ၏ တပ်များ ကူညီပူးပေါင်းမှုရမှသာလျှင် ဂျပန်တပ်များကို ထိရောက်စွာတိုက်နိုင်မည်” ဟုညွန်ကြားလိုက်သဖြင့် ဗိုလ်ချုပ်ကြီးဆလင်း သည် စိတ်မပါ တပါဖြင့် ၁၉၄၅ ခုနှစ် မေလဆန်းတွင် သူ၏ဗြိတိသျှ အမှတ် ( ၁၄) တပ်မတော်ဌာနချုပ်ရှိရာ မိတ္ထီလာမြို့ ၌ လက်ခံတွေ့ ဆုံခဲ့ပါသည်။
ယင်းသို လူချင်းတွေ့ ဆုံ စကားပြောပြီးချိန်မှစ၍ ဗြိတိသျှ ဗိုလ်ချုပ်ကြီးဆလင်း၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ထင်မြင်ချက်သဘောတရား အကြီးအကျယ်ပြောင်းသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဗမာ့တပ်မတော်၏ မေဂျာဂျင်နရယ်လ် ( ဗိုလ်ချုပ် ) ယူနီဖောင်းဝတ်စုံအပြည့်အစုံ ၀တ်ဆင်သွားရာ ဂျပန်ဘုရင့်တပ်မတော်မှ ဗိုလ်ချုပ်တစ်ဦးနှင့် တူနေသဖြင့် ရှေးခေတ် ဆာမူရိုင်း ခေါ် ဂျပန်သူရဲကောင်းတို့ ၏ဆောင်ဓား တစ်လက်ကိုပါ ခါးတွင်ချိတ်ဆွဲလျှက် တည်ငြိမ်သော ဣနြေ္ဒနှင့် ဗြိတိသျှ စစ်ဌာနချုပ်အတွင်းသို့ လျှောက်ဝင်သွားပုံကိုမြင်လျှင် အချို့ အင်္ဂလိပ်အရာရှိများက ရုတ်တရက် အံ့အားသင့်သွားကျတော့သည်။ သို့ သော် ချက်ချင်းပင် ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီး ဆလင်းအား အင်္ဂလိပ်ဘာသာကျွမ်းကျင်ရည်မွန်စွာဖြင့် နှုတ်ဆက်စကားပြော၍ ဗြိတိသျှဗိုလ်ချုပ်ကြီးကလည်း ပြုံးရွှင်စွာ ပြန်လည်စကားပြောကြတော့မှ အားလုံးနေသာထိုင်သာ ရှိသွားကြပါတော့သည်။

ဗြိတိသျှ အမှတ် ( ၁၄ ) တပ်မတော်သေနာပတိ ဗိုလ်ချုပ်ကြီး ဆလင်းသည် အောင်ဆန်းဆိုသူအား မြင်မြင်ချင်းပင် တပ်မှုးကောင်းတစ်ဦးဟု အကဲခတ်မိသည့်အပြင် အင်္ဂလိပ်စကားကို အထူးကျွမ်းကျင်စွာ ပြောနိုင်ပုံ ၊ နိုင်ငံတကာရေးရာ ၊ ကမ္ဘာ့ စစ်မက်ရေးရာ အခြေအနေစသည်တို့ ကို နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ ဝေါဟာရကြွယ်ဝစွာဖြင့် ဆွေးနွေးပြောဆိုနိုင်ပုံတို့ ကြောင့် စောစောက သူ့ ထံရောက်လာသည့် ထောက်လှမ်းရေးတပ်ဖွဲ့ ၁၃၆ ၏ သတင်းပို့ အစီရင်ခံချက်များ လုံးဝမဟုတ်မမှန်ကြောင်း ချက်ချင်းသဘောပေါက်သွားမိလေသည်။

ထို့ ကြောင့် စစ်ပြီးခေတ် ဗိုလ်ချုပ်ကြီးဆလင်း ကိုယ်တိုင်ရေးသားခဲ့သော “အရှုးံမှ အနိုင်သို့ ၊ From Defeat to Victory” ခေါ် စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အတိအလင်းချီုးကျုးရေးသားခဲ့ပါသည်။ ယင်းစာအုပ်တွင် သူရေးသားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအကြောင်းများမှာ အတော်ပင်စုံလင်ပါသည်။ သို့ သော်ဤဆောင်းပါးတွင် ကျွှန်တော်တင်ပြလိုသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကောက်နုတ်ချက်တစ်ချို့ ကိုသာ ရွေးချယ်တင်ပြရန် ရည်ရွယ်ပါသည်။
ကျွှန်တော်တင်ပြလိုသည့် အဓိကအချက်မှာ ဗိုလ်ချုပ်အောင်ဆန်း၏စိတ်နေစိတ်ထား ဗီဇ နှင့် ပင်ကိုယ်သဘာဝစရိုက်အကြောင်းပင်ဖြစ်ပါသည်။

ယင်းအကြောင်း ပေါ်လွင်စေရန် ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာဝီလျှံဆလင်း၏ ရေးသားချက်ကို ကျွှန်တော်က အထောက်အထားအဖြစ် ကိုးကားလိုပါသည်။

“အောင်ဆန်းနှင့်ပတ်သတ်၍ ကျွန်ုပ်အနေဖြင့် သူ့ အား အထူးလေးစား အထင်ကြီးမိသော အရည်အချင်းကား သူ၏ရိုးသားတည်ကြည်ဖြောင့်မတ်မှုပင်ဖြစ်သည်။ သူသည် စကားကို ပေါ့ပေါ့ဆဆ မပြော ၊ အလွယ်တကူ ကတိပေးတတ်သူလည်း မဟုတ်။ သို့ သော် တစ်စုံတစ်ခုလုပ်ပါမည်ဟု ကတိပေးပြီးလျှင်မူ မည်သို့ ပင်ဖြစ်စေ ၊ ကတိတည်စွာ တစ်ကယ်လုပ်မည့်လူစားမျိုးဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်မိသည်။ ထို့ ကြောင့် ကျွန်ုပ်စိတ်ထဲ၌ အောင်ဆန်းနှင့် အလုပ်လုပ်လျှင် ဧကန်မုချ အလုပ်ဖြစ်မည်ဟု ဆုံးဖြတ်လိုက်မိတော့သည်။ ”
ဤသို့ လျှင် ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာဝီလျှံဆလင်း သည် သူ၏ စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း တိကျပွင့်လင်းစွာ ရေးသားခဲ့ပါသည်။

အောက်တွင် ဖော်ပြလတ္တံ့ သော ဖြစ်ရပ်ဆိုလျှင် ၁၉၄၅ ခုနှစ်က ဗြိတိသျှဗိုလ်ချုပ်ကြီး ဆလင်း၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် အကဲဖြတ်သုံးသပ်ချက်နှင့် ထပ်တူကဲ့သို့ ဖြစ်နေခြင်းမှာ အံ့သြဖွယ်ရာပင် ကောင်းနေပါတော့သည်။

**************************************************

“လူမှာ အရေးအကြီးဆုံးက ကိုယ်ကျင့်တရားရယ် ၊ အမှန်တရားကို မြတ်နိုးမှုရယ် ဒါပဲဖြစ်တယ်။”
ဤသို့ လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် တဖွဖွပြောလေ့ရှိသည်။ သူ၏မိသားစုနှင့်တကွ တပည့်ရဲဘော်များအား ထပ်တလဲလဲ မမောတမ်း ၊ မပမ်းတမ်းပြောလေ့ရှိပါသည်။

စစ်ကြိုခေတ် တက္ကသိုလ်သမဂ္ဂတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သော ကျွှန်တော်တို့ လို ကျောင်းသားဟောင်းတွေကိုတော့ သူ၏၀ါသနာအတိုင်း Character and Love of Truth ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောလေ့ရှိသည်။ ဤသည်မှာ သူသည် အင်္ဂလိပ်ဘာသာကို အထူးကျွမ်းကျင်အောင် ကြိုးစားလေ့လာထားသူဖြစ်၍ အခွင့်ရတိုင်း အင်္ဂလိပ်စကားလုံးဝေါဟာရများ သုံးတတ်ခြင်းပင်ဖြစ်သည်။

အထူးသဖြင့် သူအလွန်တန်ဖိုးထားသော “အမှန်တရားမြတ်နိုးမှု ( Love of Truth ) ” ကို ထပ်ဆင့်ရှင်းပြသည့်အနေဖြင့် အမှန်တရားကို အချိန်မရွေးပြောဝံ့ရန် ၊ ပြောဝံ့တဲ့သတ္တိရှိရမယ်။ သတ္တိရှိအောင်လဲ ကြိုးစားလေ့ကျင့်ရမယ် ဟု ကျွှန်တော့်အားတစ်ခါက ဖြေခဲ့ဘူးပါသည်။
သူကိုယ်တိုင်ကလည်း သူသွန်သင်ဆုံးမသည့်အတိုင်း လက်တွေ့ ကျင့်သုံးခဲ့ပါသည်။ “မုသားမပါ လင်္ကာမချော” ဟူသော မြန်မာစကားရှိရာ အခြေအနေအရ လိုအင်လျင် ခြွင်းချက်သဘော မုသားစကားပြောသင့် ပြောရမည်ဟု အဓိပ္ပာယ်ရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကတော့ ထိုစကားကို လက်ခံယုံကြည်ဟန်မရှိပါ။ သူသည် လိမ်ညာပြောခြင်းကို မကြိုက်သလို သူကိုယ်တိုင်လည်း လိမ်ပြောလေ့မရှိ ၊ အမှန်ကိုသာ ဘွင်းဘွင်းပြောတတ်သည်။ ဤအချက်ကို သူနဲ့ တွေ့ ဆုံသိကျွမ်းခဲ့သူ နိုင်ငံခြားသားများပင် သတိပြုမိခဲ့ကြပါသည်။

ဤကား သူ၏မွေးရာပါဗီဇ သို့ မဟုတ် ပင်ကိုယ် သဘာဝစရိုက်ဟု ဆိုရပါမည်။ ယင်းအချက်၏ အထောက်အထားအဖြစ် အောက်ပါဖြစ်ရပ် ဇာတ်ကြောင်းပြန် တင်ပြလိုပါသည်။

****************************************************
ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် စနေသား ငယ်မည် မောင်ထိန်လင်း လေးနှစ်သားအရွယ်ကဖြစ်ပါသည်။
မိခင်ဒေါ်စု ( အမေစု ) သည် စီးပွားရေးလုပ်ငန်းကျွမ်းကျင်ပြီး အရောင်းအ၀ယ်ကို ကောင်းစွာလုပ်ကိုင်တတ်သူဖြစ်သည်။ ဆန်စပါးရောင်းဝယ်ခြင်းကိုလည်း လုပ်သည်။ စပါးပေးနည်းဖြင့် ငွေလည်း ချေးသည်။ အိမ်တွင် စပါးများဝယ်လှောင်ထားပြီး ကျေးလက်တောရွာများမှ လူများအား တဆင့်ရောင်းသည့် အလုပ်လည်းလုပ်သည်။

တစ်နေ့ သ၌ တောမှ စပါးဝယ်သူများ ရောက်လာပြီး ဈေးစကားပြောနေကြစဉ် လေးနှစ်သားအရွယ် မောင်ထိန်လင်းခေါ် အောင်ဆန်းကလေးသည် လှေကားအတက်အဆင်းနေရာတွင် ဆော့ကစားနေသည်။

စပါးဝယ်သူများက ဈေးဆစ်ကြရာ မိခင်ကြီးဒေါ်စုက -

“ကိုင်း - မင်းတို့ ဒါလောက်လိုချင်နေမှ ငါကပဲ လျှော့ပေးလိုက်မယ်။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့ ဝယ်ထားရတယ်။ ဒါပေမယ့် မင်းတို့ ကို ငါးဆယ်ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောလေရာ ထိုစကားကို ကြားလိုက်သူ အောင်ဆန်း ( ထိန်လင်း ) လေးက -

“ဟာ အစ်မကလဲ မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့ ဝယ်ထားတာ ကျွှန်တော်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ် ၊ လိမ်ပြောတာ မကောင်းဘူး။” ဟု ခပ်တည်တည်ဝင်ပြောလိုက်သဖြင့် အားလုံးက ၀ိုင်းရယ်မောကြလေသည်။

ဧည့်သည်များ ပြန်သွားသောအခါ မိခင်ကြီးက သားငယ်ကို အနီးသို့ ခေါ်ယူ၍ ပေါင်တွင်းကြောဆွဲလိမ်ရင်း - “ဧည့်သည်တွေနဲ့ စကားပြောနေတုန်း လူကြီးတွေပြောတဲ့စကားကြားမှာ မင်းကဘာဖြစ်လို့ ဝင်ပြောရတာလဲ။ နောက်ကို ဒီလိုဝင်မပြောနဲ့ ” ဟု ဆုံးမရာ ထိန်လင်းခေါ် အောင်ဆန်းကလေးသည် အလွန်နာကျင်သော်လည်း မငိုပဲ -

“အစ်မကလိမ်ပြောတာကိုး” ဟု ကလေးအရွယ်နဲ့ မလိုက်အောင် သူ၏ယုံကြည်ချက်အတိုင်း ပြန်ပြောခဲ့ပါသည်။
( မှတ်ချက်။ မြန်မာနိုင်ငံကျေးလက်ဒေသအချို့ တွင် မိခင်ကို “အမေ” ဟု မခေါ်ပဲ  “အစ်မ” ( အမေ) ဟုခေါ်လေ့ရှိရာ ဗိုလ်ချုပ်အောင်ဆန်းတို့ မိသားစုတွင်လည်း မိခင်ကြီးဒေါ်စုအား သားသမီးများက “အစ်မ” ဟုခေါ်ခဲ့ကြပါသည်။ စာရေးသူ )

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မိခင်ကြီးအား “အစ်မက လိမ်ပြောတာကိုး ”ဟု ပြောခဲ့သူ လေးနှစ်သား မောင်ထိန်လင်း ခေါ် အောင်ဆန်းကလေးသည် အရွယ်ရောက်ကြီးပြင်းလာ၍ နိုင်ငံ့ခေါင်းဆောင်ကြီးဖြစ်သည့်တိုင်အောင် ကလေးဘ၀က အတွေးအခေါ်နှင့် ယုံကြည်ချက် ပြောင်းလဲမသွားကြောင်းကို သူကျောင်းသာ ခေါင်းဆောင်ဖြစ်လာမှ တွေ့ ဆုံသိကျွမ်းခဲ့ရသူ ကျွှန်တော်တို့ အဖို့ အံ့သြမိပါသည်။

တစ်ဆက်တည်းမှာပင် သူတစ်ဖွဖွ ပြောလေ့ရှိသော “လူမှာ အရေးအကြီးဆုံးက ကိုယ်ကျင့်တရား နဲ့ အမှန်တရားကို မြတ်နိုးမှုပဲဖြစ်တယ်။” ဟူသော စကားသည် ဗိုလ်ချုပ်ကလေးငယ်ဘ၀မှစ၍ ရှိသည့် အတွေးအခေါ်နှင့် ယုံကြည်ချက်တို့ က ခိုင်မာပြင်းထန်စွာ ပဲ့တင်ရိုက်ခတ်ချက်ပင်ဖြစ်သည်ဟုလည်း သုံးသပ်ကောက်ချက်ချမိပါသတည်း။

စတိုင်သစ်မဂ္ဂဇင်း

၁၉၉၇ ခုနှစ် မေလတွင် ၊ တက္ကသိုလ်နေ၀င်း ရေးသားထုတ်ဝေသော “ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် မှ ကိုယ်တိုင်စာစီစာရိုက်၍  ကောက်နုတ်ကူးယူဖော်ပြပါသည်ခင်ဗျာ။

မှတ်ချက်။

လာမည့် ၁၉-၇-၂၀၁၂ တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများအား လွမ်းဆွတ်ဂုဏ်ပြုလျှက် အမှတ်တရ ဖော်ပြပါသည်ခင်ဗျာ။ ကျွှန်တော်တို့ ရင်ထဲမှာ ဘယ်လိုမှ မမေ့နိုင်တဲ့ ၊ ဘယ်တော့မှလည်း မေ့မှာမဟုတ်တဲ့ ကျွှန်တော်တို့ ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ချီုးကျုးလေးစားအတုယူဖွယ်ကောင်းသော ပင်ကိုယ်သဘာဝစရိုက်များကိုလည်း စာဖတ်သူမိတ်ဆွေများ နှင့်  နောင်လာနောင်သားများသိရှိမှတ်သားထားစေရန်အလို့ ဌာ ကျွှန်တော်ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။

ထူးတင့်နိုင်
၁၂-၇-၂၀၁၂
မနက် ၁ နာရီ
Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis