menu

Thursday 12 July 2012

"မိုး.....ရွာမယ်ဆိုရင်လေ"(ခန့်ညီဖေ)

                နံနက်ခင်း ၁၀ နာရီခန့်သာ ရှိသေးသော်လည်း နေကအတော် ပြင်းနေချေပြီ။ ကောင်းကင်ပြင်တစ်ခုလုံးသည်လည်း ကြက်မတစ်ဝပ်စာပင် မိုးတိမ်တို့မရှိပဲ ပြာလဲ့စွာ ကြည်လင်တောက်ပနေသည်။ ရင့်ကျက်ခါစ သစ်ရွက်စိမ်းများပင် နေအပူရှိန်ကြောင့် ညှိုးရော်ရော် ရှိနေ၏။ တစ်ခါတစ်ရံမှသာ တိုက်ခတ်လာသောလေပြေသည်လည်း အပူငွေ့ကြောင့် မလတ်ဆတ်သလို ခံစားနေရသည်။ ကြည့်လေ၊ မြင်လေရာဝန်းကျင်တွင် အပူရှိန်တငြီးငြီးဖြင့် နွမ်းဖတ်နေကြသည်။ အခါတိုင်း ဓာတ်ကြိုးများပေါ်တွင် အမြဲနားနေတတ်ကြသော ခိုငှက်တစ်အုပ်ပင် မတွေ့ရတော့။ သူတို့လည်း သစ်ပင်ရိပ်၊ တိုက်ရိပ်များ၌ အပူခိုနေရှာကြရော့မည်။

                   ကိုဝင်းတာသည် သူ၏စွပ်ကျယ်ရင်ပတ်ကို တစ်ချက် နှစ်ချက်ဆွဲခါလိုက်ရင်း လေ၀င်လာအောင် လုပ်နေသည်။ လက်တစ်ဖက်တွင် ယပ်တောင်ကိုင်လျှက် လေပူတစ်ချက်ကို နွမ်းလျစွာမှုတ်ထုတ်လိုက်၏။ ပြင်းထန်လွန်းလှသော နေရောင်ကြောင့် မျက်စေ့ကိုအသာမှေးပြီး နဖူးကြောများကို ရှုံ့ကြည့်နေရသည်။ နှစ် နှစ်သားခန့်ရှိ ပိတောက်ပင်ပျိုအောက်တွင် ခေတ္တရပ်နေရာမှ အိမ်အတွင်းသို့ လေးကန်သော ခြေလှမ်းများဖြင့် ၀င်လာခဲ့၏။ အိမ်ရှေ့ ၀ရံတာတွင် ထိုင်နေလျှက် အတွေးပွားနေမိပြန်သည်။

                    ×××××××××××××××××××××××××××××××××××

                     လွန်ခဲ့သော နှစ် နှစ်ခန့်က လောင်ကျွမ်းခဲ့သော မီးကြီးကြောင့် ကိုဝင်းတာတို့ လမ်းလေးထဲတွင် သစ်ပင်ကြီးများ မရှိတော့ပေ။ ပြန်လည်စိုက်ခဲ့သော အပင်လေးများမှာလည်း လောက်လောက်လားလား မကြီးသေး။ တစ်နှစ်ထက်တစ်နှစ် ပိုပိုပူလာနေသော ရာသီဥတုကို သတိထားမိသည်။ အထူးသဖြင့် သစ်ပင်ကြီးများမရှိသော မီးလောင်ပြင်၌တည်ရှိသော ကိုဝင်းတာတို့ လမ်းလေးမှာ ပိုပူပြင်းနေသယောင်ယောင်။
                     မီးကြီးလောင်ပြီးနောက်ပိုင်း ကိုဝင်းတာတို့ လမ်းကလေးတွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့ရသည်။ ငယ်စဉ်ကတည်းက ရှိနေခဲ့ကြသော စိမ်းစိမ်းစိုစို သစ်ကြီးဝါးကြီးများလည်း မရှိတော့။ ငယ်စဉ်ကတည်းက ပေါင်းသင်းဆက်ဆံလာခဲ့ရသော မိတ်ဆွေ၊ သူငယ်ချင်း၊ အိမ်နီးနားချင်းများမှာလည်း မရှိသလောက်ပင် ရှားခဲ့ပြီ။ အများစုမှာ လက်ရှိမြို့ထဲရပ်ကွက်များမှ မြို့သစ်ရပ်ကွက်များဆီသို့ ပြောင်းရွေ့သွားခဲ့ကြရလေပြီ။ ကိုဝင်းတာတို့ ခေါင်းရင်းခြံမှ အရီးစိန်တို့ မိသားစုပင် မြို့သစ်၌ နေသားကျနေလောက်ပြီ ထင်၏။
                      ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့ဘူးသော အရီးစိန်တို့ခြံဝင်းကြီးနှင့် ငယ်သူငယ်ချင်းများကို လွမ်းနေမိသည်။သဘာဝဘေးအန္တရာယ်၊ ရန်သူမျိုးငါးပါး ဘေးအန္တရာယ်တို့ကြောင့် ဘ၀တွေများစွာ ပြောင်းလဲခဲ့ရပြီ။ ကိုဝင်းတာသည် ခေါင်းရင်းခြံမှ အုတ်တံတိုင်းမြင့်မြင့်ကြီးကို စိတ်မသက်မသာဖြင့် ငေးကြည့်နေမိ၏။ အရီးစိန်တို့ခြံကို ၀ယ်ယူလိုက်သော သူဌေးသည် ခြံဝင်းပတ်ပတ်လည်ကို အုတ်တံတိုင်းအမြင့်ကြီး ကာရံပစ်လိုက်သည်။ ခြံအတွင်းတွင် ခေတ်မှီလှပခန့်ညားသည့် နှစ်ထပ်တိုက်မြင့်မြင့်ကြီးတစ်လုံးကို ဆောက်လိုက်သည်။ ခြံဝင်းအတွင်း မြက်ခင်းစိမ်းစိမ်းနှင့် အလှပန်းပင်များကိုလည်း စိုက်ပျိုးထား၏။"အရှင်မွေး နေ့ချင်းကြီး" သော သစ်ပင်ကြီးများကို အစီအရီစိုက်ထားသော သူ့ခြံကြီးမှာ အေးချမ်းလှပနေပါသည်။ ခြံဝင်းတံခါးကြီးကိုလည်း အခိုင်အမာပြုလုပ်ထားပြီး အစဉ်အမြဲပိတ်ထားလေ့ရှိ၏။ ရပ်ကွက်ပတ်ဝန်းကျင်နှင့်လည်း အဆက်အဆံသိပ်မရှိလှပေ။ အိမ်နီးနားချင်းဖြစ်သူ ကိုဝင်းတာပင် ပိုင်ရှင်သူဌေးဖြစ်သူအား တစ်ခါတစ်ရံကားဖြင့်အ၀င်အထွက်၊ ဖြတ်သွားဖြတ်လာလောက်သာ ရိုးတိုးရိပ်တိတ် တွေ့ဘူး၏။ သူတို့အိမ်မှ ကားမောင်းသူကိုငွေစိုးနှင့် ထမင်းချက်အကူကောင်မလေး လုံးလုံး တို့နှင့်သာ ကောင်းကောင်းသိကျွမ်းသည်။ လုံးလုံးကလည်းဈေးသွားငါးဝယ်၊ အပြင်ထွက်တိုင်း ကိုဝင်းတာတို့အိမ်သို့ဝင်ဝင်လာတတ်ပြီး ဇနီးသည်မခင်သစ်နှင့် စကားလက်ဆုံကျလေ့ရှိ၏။ ကိုဝင်းတာတို့မှာ တစ်ဖက်ခြံနှင့်ပတ်သက်ပြီး သူဌေးလင်မယားအမည်နှင့် သား၊ သမီးသုံးဦးရှိသည်ဆိုတာလောက်သာ အကြမ်းဖျဉ်းသိကြလေသည်။

                    ×××××××××××××××××××××××××××××××××××

                     "ပူလိုက်တဲ့ရာသီဥတု၊ မိုးကလည်းမရွာတော့ ပိုဆိုးသေး၊ ညကလည်း အိပ်ရေးကမ၀တော့ လူကို မူးနောက်နောက်ဖြစ်နေတာပဲ၊ ဒီကြားထဲ မီးကပျက်တော့ မီးစက်သံကြီးက နှိပ်စက်၊ ပတ်ဝန်းကျင်ကိုလည်း အားမနာဘူး၊ ကျုပ်ပါးစပ်နဲ့တော့ တွေ့တော့မယ်...တကတည်း"
                        ဗျစ်တောက်ဗျစ်တောက် ရေရွတ်ရင်း နံဘေးဝင်ထိုင်လာသည့် မခင်သစ်၏ အသံကြောင့် ကိုဝင်းတာ တစ်ယောက် အတွေးစပြတ်သွားပြီး ဘေးလှည့်ကြည့်လိုက်မိ၏။ ထမီကို ရင်လျားထားပြီး လက်တစ်ဖက်တွင် ယပ်တောင်ကိုင်းလျက် မသက်မသာ ငြီးငြူနေသော အိမ်သူကို ငေးကြည့်မိ၏။ မခင်သစ်၏ ရင်တွင်းဖြစ်အပူများသည် ကိုဝင်းတာကိုပါ ကူးစက်လာသည်။
                       "မရွှေသစ်...ဘာတွေတင်းနေတာတုန်း၊ ရာသီဥတုကပူပူနဲ့ ဒေါသတွေသိပ်ကြီးမနေနဲ့ဦး၊ တော်ကြာ ဦးနှောက်သွေးကြောပြတ်သွားမှ ...ငါ့မှာ ကလေးနှစ်ယောက်နဲ့ ယောင်လည်လည် ကျန်ခဲ့နေရဦးမယ်"
                         ကိုဝင်းတာ၏ စကားအဆုံး မခင်သစ်က လက်ထဲတွင်ကိုင်ထားသော ယပ်တောင်ကို 'ဘတ်' ကနဲအောက်ပစ်ချလိုက်ပြီး
                          "ဘာတွေတင်းရမှာတုန်း၊ တော်ပဲစဉ်းစားကြည့်လေ...ရာသီဥတုကပူ၊ မီးကပျက်၊ အိပ်ရေးကမ၀တော့ ဒေါသဖြစ်တာပေါ့။ ကျုပ်တို့လို ၀တဲ့သူတွေက ပိုပူတယ်တော့၊ တော့်ခန္ဓာကိုယ် ငါးဖောင်ရိုးနဲ့တောင် ဘယ်လောက်ပူနေတုန်း၊ ကိုယ်ချင်းစာပါဦး ကိုဝင်းတာရဲ့၊ ပြီးတော့ကြည့်ဦး ဟိုဖက်ခြံက သူဌေးမင်းတို့လေ၊ မီးပျက်တဲ့ညတိုင်း မီးစက်ကြီးကို နှိုးထားလိုက်တာ၊ ညလုံးပေါက်ပါပဲတော်....သူ့ခြံထောင့်က မီးစက်ကြီးက ကျုပ်တို့အိပ်ယာခေါင်းရင်းနားကပ်နေတာ၊ ဘယ်လောက်အသံလုံတယ်ပြောပြော ညမိုးချုပ် လူခြေတိတ်ရင် အဲ့ဒီအသံကြီးက နှိပ်စက်တော့တာပါပဲ ၊ အိပ်မက် မက်ချိန်တောင် မရဘူး၊ တော့်ခြင်ထောင်ထဲ ခြင်တစ်ကောင်လောက်ဝင်ပြီး တ၀ီဝီအော်နေရင်တောင် တော်..ဘယ်လောက် ကသိကအောက်ဖြစ်ရတုန်း၊ မဖြစ်ပါဘူး  အဲ့ဒီခြံဖက် တော်သွားပြောပေးဦး"
                          စကားအရှည်ကြီး ဖောက်ခွဲလိုက်ပြီးနောက် အနည်းငယ်နေသာသွားသလို မခင်သစ်တစ်ယောက် ယပ်တောင်ကို တဖြတ်ဖြတ်ခတ်နေရင်း ယောင်္ကျားဖြစ်သူကိုဝင်းတာအား မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်လေသည်။ ကိုဝင်းတာလည်း ဇနီးသည်မခင်သစ် ဒေါသဖြစ်နေပုံကို ကြည့်ရင်း
                           "ငါ့မိန်းမရယ်....စိတ်လျော့စိတ်လျော့၊ မင်းဒေါသဖြစ်နေလို့ အေးမသွားပါဘူးကွာ၊ ကိုယ်ဖာသာ ယပ်တောင်ခတ်၊ ရေ၀၀သောက်ပြီး မိုးရွာအောင်ဆုတောင်းပေါ့ကွာ.."
                             "တော့်ပြောလိုက်ရင် ဒီလိုချည့်ပဲ၊ ဒီလိုလာမယ်ဆိုတာ သိပြီးသား၊ ဒီမယ် တရားရှင်ကြီးရေ၊ တော်သာ စိတ်လျော့၊ တော်သာ..သည်းခံ၊ ကျုပ်ကိုတော့ လာနားမချနဲ့၊ ဒီက တော်တော် တင်းနေပြီ၊ တော့်ဖက်ကို မြားဦးလှည့်လာမယ်နော်၊ ဟုတ်တယ်...ပြောရင်းပြောရင်း ဒေါသကထွက်လာပြီ၊ ပတ်ဝန်းကျင်ကို အားမနာတတ်ကြဘူး၊ သူတို့ရောက်လာပြီး ခြံဝင်းအုတ်ထရံ အမြင့်ကြီး ကာလိုက်ကတည်းက လေလည်းမ၀င်တော့ဘူး၊ အလင်းရောင်လည်း မရ၊ အကုန်ပိတ်ဆို့နေပြီ၊ အယင်က အရီးစိန်တို့ကိုပဲ လွမ်းမိတော့တာပါပဲ"
                                မခင်သစ်စကားအဆုံး ကိုဝင်းတာက ပြုံးပြုံးကြီးကြည့်ပြီး ဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ ဆေးလိပ်ဖင်အစီခံကို မီးခြစ်တွင် တထောက်ထောက်ခေါက်နေလျှက်
                            "ဒါဆိုလည်း....မရွှေသစ်ရယ်...တို့လည်း အရီးစိန်တို့ရှိတယ့်ဆီ ပြောင်းကြရအောင်လေကွာ၊ အိမ်နီးချင်းဆိုတာ ပြသနာမဖြစ်ကောင်းပါဘူးကွာ၊ ကိုယ်ဘက်က တတ်နိုင်သလောက်တော့ သည်းခံမှပေါ့ကွယ်၊ မရွှေသစ်ရာ အကောင်းမြင်တဲ့အမြင်နဲ့ပဲ မြင်လိုက်စမ်းပါ။ ကဲ..သူတို့ခြံဝင်းကြီးကအမြင့်ကြီး၊ တိုက်ကြီးက အကောင်းစားကြီးဆိုတော့ ငါတို့လမ်းပဲ ဂုဏ်တက်တာပေါ့ကွ၊ ငါတို့အိမ်ကို လမ်းညွှန်ချင်ရင်လည်း လွယ်တာပေါ့....အုတ်တံတိုင်းအမြင့်ကြီးနဲ့ခြံကြီးဘေးကလို့ဆိုရင် လူတိုင်းကို သိလို့....မုဒိတာပွားစမ်းပါကွာ"
                            "တော်ပါ..တော်စမ်းပါ ကိုဝင်းတာရာ၊ သူတို့နှိပ်စက်တဲ့ဒဏ် အနီးကပ်ခံနေရတာ..ဘယ်လိုလုပ် အကောင်းမြင်နဲ့မြင်ရမှာတုန်း၊ တော်သာ တစ်ယောက်ထဲပဲမြင်နေ၊ မုဒိတာပွားနေ၊ ရာသီဥတုက ပူတာတစ်မျိုး သူနဲ့အတိုက်အခံပြောလို့ မောရတာကတစ်မျိုး..သွားမယ် ရေသွားချိုးတော့မယ်...မိုးရယ်ရွာလိုက်ပါတော့"
                          တစ်ယောက်ထဲ ညည်းငြူ ပြောဆိုထွက်သွားသော ဇနီးသည် မခင်သစ်ကို ကြည့်ရင်း ကိုဝင်းတာမှာ သဘောကျစွာပြုံးနေပါတော့၏။

                    ××××××××××××××××××××××××××××××××××××

                             ညနေစောင်းဆိုသော်လည်း နေမှာ အနည်းငယ်ပူနေသေးသည်။ တစ်နေခင်းလုံး ပူထားသည့်အပူရှိန်ကြောင့် လမ်းမတစ်လျှောက်သည် တငွေ့ငွေ့ဖြင့် ရှိန်းရှိန်းထပူလောင်နေဆဲပင်။ ကိုဝင်းတာတစ်ယောက် အိမ်သို့ ခပ်သွက်သွက်လျှောက်ပြီး ပြန်လာနေ၏။ လမ်းမပေါ်မှ အပူသည် ဖိနပ်ကိုဖောက်ထွက်လျက် ခြေဖ၀ါးများကိုပါ ပူလောင်နေသည် ထင်ရ၏။ အိမ်ဝင်းတံခါးကို အသာတွန်းဖွင့် ၀င်လာပြီးနောက် လူရိပ်လူယောင် မမြင်ရသဖြင့် အသံလှမ်းပြုလိုက်သည်။
                             "မရွှေသစ် ရေ..ဘယ်ရောက်နေတာတုန်း..အိမ်ရှေ့လူလဲမရှိပါပဲလား"
                              ကိုဝင်းတာ၏ ခေါ်သံအဆုံး မခင်သစ်တစ်ယောက် အိမ်နောက်မှ ပျာယိပျာရာ ထွက်လာရင်း
                             "ကိုဝင်းတာ..တော်ပြန်လာပြီလား၊ ကျုပ်က မီးလာတုန်း ရေမော်တာစုပ်နေတာလေ၊ ရေကပြတ်ပြတ်သွားလို့ ခဏခဏ ရေပြန်ချူနေရတာ၊ လူကို ဖတ်ဖတ်မောပဲ..တော်ရေတန်းမချိုးနဲ့ဦးနော်၊ အေးအေးလူလူ ရေ၀အောင်သောက်ပြီးမှချိုး"
                             မခင်သစ်က ကိုဝင်းတာ၏ လက်ထဲမှ လွယ်အိပ်ကို လှမ်းယူလိုက်ပြီး နံရံတွင်ချိတ်ထားလိုက်သည်။ ရေအိုးစင်မှ သောက်ရေတစ်ခွက်ခတ်လာပြီး လှမ်းပေးလိုက်၏။ ကိုဝင်းတာ ကလည်း အပေါ်ဝတ်ကိုချွတ်လိုက်ပြီး ရေတစ်ဖန်ခွက်ကို တစ်ကြိုက်ထဲ ကုန်အောင် သောက်လိုက်သည်။
                              "အင်း...ရာသီဥတုကပူတော့ သောက်ရေအိုးထဲကရေတောင် မအေးတော့ဘူး၊ လူတွေလဲပူလှပါပြီကွာ ..မိုးရွာမှ အေးတော့မှာ"
                               ကိုဝင်းတာက ကုလားထိုင်ပေါ်ဝင်ထိုင်လိုက်ရင်း ညည်းငြူလိုက်၏။ မခင်သစ် လည်း န့ဘေးရှိ သင်ပြူးဖျာကို ဆွဲယူခင်းလိုက်ပြီး ထိုင်လိုက်သည်။
                               "စောစောလေးကတင် ဟိုဖက်လမ်းက ဘကြီးထွန်းတို့ လာသွားကြသေးတယ်၊ တော့်ကိုမေးနေကြတာ။ ညဖက် ဓမ္မာရုံကို လာခဲ့ဦးတဲ့၊ ငါးရံ့မင်းပင့်ပြီး မိုးခေါ်ပရိတ်ရွတ်ကြမယ်တဲ့၊ လွန်ဆွဲပွဲလဲ လုပ်ကြရအောင် ဓမ္မာရုံမှာ အစည်းအဝေးလုပ်မယ်ပြောတာပဲ၊ တော့်ကို ဆက်ဆက်လာခဲ့ဦးမှာသွားတယ်....ကောင်းပါလေ့ ဒါမှ မိုးရွာပြီးအားလုံးအေးသွားမှာနော်၊ တော် ရေချိုး၊ ထမင်းစားပြီး သွားလိုက်ဦး"
                               ကိုဝင်းတာ လည်း လေးလံသော ခြေလှမ်းများဖြင့် ရေချိုးရန်ထလာခဲ့သည်။

                             ××××××××××××××××××××××××××××××××××××××××

                            ကိုဝင်းတာတို့ ဓမ္မာရုံတွင် ဆုံကြ၏။ အားလုံးက အားတက်သရော ၀ိုင်းဝန်းဆွေးနွေးကြသည်။ တတ်နိုင်သလောက် အလှူငွေများထည့်ဝင်ကြမည်။ ရပ်ကွက်ထဲတွင်လည်း အလှူခံထွက်ကြမည်။ အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြမည်ဟု ဆုံးဖြတ်ကြ၏။ ငါးရံ့မင်းပင့်ပြီး ပရိတ်ရွတ်ကြမည်၊ နောက်နှစ်ရက်၊ သုံးရက်အတွင်း မိုးခေါ်လွန်ဆွဲပွဲကို သုံးရက်ပြုလုပ်ကြမည်ဟု ညှိနှိုင်းပြီး ရက်သတ်မှတ်ခဲ့ကြသည်။
                             သည်လိုနှင့် လွန်ဆွဲမည့်နေ့ရောက်လာသည်။ ရာသီဥတုအပူကို ကြံ့ကြံ့ခံလျှက် ပျော်ရွင်စွာ လွန်ဆွဲခဲ့ကြပါ၏။ ပထမနေ့က အမျိုးသမီးများဖက်ကပင် အနိုင်ရသဖြင့် မခင်သစ်တစ်ယောက် ကိုဝင်းတာအား စကားအနိုင်ယူပြီးပြောမဆုံးနိုင်ခဲ့ပေ။ လွန်ဆွဲပွဲ နှစ်ရက်ဆွဲအပြီး နောက်နေ့ နံနက်ပိုင်းတွင် မိုးအနည်းငယ်ရွာ၏။ နံနက်စောစော ငါးနာရီခန့်မှရွာသောမိုးသည် အရမ်းကြီးမသည်းသော်လည်း ထိုက်သင့်သလောက် ရေပါသဖြင့် အပူဒဏ်အနည်းငယ် သက်သာသွားပါသည်။ ကိုဝင်းတာ လည်း အိမ်ရှေ့ဝရံတာတွင်ထိုင်နေရင်း ကျေနပ်ပျော်ရွှင်နေလေ၏။ တိုက်ဆိုင်မှုဟုဆိုဆို၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် မိုးရွာသည်နှင့် ၀မ်းသာရသည်။ ဇနီးသည်ကလည်း နံဘေးတွင်ရပ်နေပြီး လွန်ဆွဲပွဲအကြောင်း အားရပါးရပြောနေလေသည်။
                             ထိုစဉ် တစ်ဖက်ခြံမှ ထမင်းချက်အကူကောင်မလေး လုံးလုံး ၀င်လာသည်။ လက်ထဲမှခြင်းတောင်းထဲတွင်လည်း အုန်းသီး၊ ငှက်ပျောသီးများကိုတွေ့လိုက်ရ၏။ ၀င်လာနေရင်း မခင်သစ် အား လှမ်းနှုတ်ဆက်လေသည်။
                             "ဒေါ်လေး ဈေးမသွားဘူးလား၊့ ကျွန်မကတော့  ပြန်လာခဲ့ပြီ၊ ဒီနေ့ ဟင်းချက်စရာ ၀ယ်စရာမလိုဘူးလေ၊ သူဌေးသမီးလေးမွေးနေ့လုပ်မှာဆိုတော့ အကုန်လုံး ဟိုတယ်က မှာတာတဲ့၊ ညနေစောင်းရင် ဧည့်သည်တွေ အများကြီးလာကြမှာ၊ ခြံထဲမှာလည်း မီးတွေအလှဆင်နေကြပြီ၊ တီးဝိုင်းလည်းပါမှာ..ကျွန်မတော့ ကြည့်ရမယ်ထင်ပေါင်"
                               မခင်သစ်နှင့် လုံးလုံးတို့ နှစ်ယောက် စကားပြေနေကြသည်ကို ကိုဝင်းတာ ဆေးလိပ်ဖွာရင်းနားစွင့်နေမိသည်။ လုံးလုံး ကလည်း အာပေါင်အာရင်းသန်သန်ဖြင့် ပြောလို့ပင်မဆုံး၊ နောက်ဆုံးပြန်ခါနီး ပြောသွားသည့်စကားတစ်ခွန်းကြောင့် မခင်သစ်မျက်နှာ ရှုံ့မဲ့သွားသည်။ ကြာလိုက်ရသည့် စကားကြောင့် ကိုဝင်းတာ လည်း အံ့သြစွာ လှမ်းကြည့်နေမိပါသည်။ မခင်သစ်က သူ့ယောင်္ကျားအား ပုခုံးတစ်ချက်တွန့်ပြ လိုက်၏။ ၄င်းနောက် မေးငေါ့ပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း
                               "ဟင်း..ဟင်း...လုပ်လိုက်စမ်းပါဦး...ကိုတရားရှင်ကြီးရဲ့..မုဒိတာလေးများလည်း ပွားပေးလိုက်စမ်းပါဦး"
                                စကားအဆုံး ခြေဆောင့်ပြီး အိမ်ထဲဝင်သွားသော မခင်သစ်အား ငေးကြည့်နေရင်း ကိုဝင်းတာ တစ်ယောက် ဆွံ့အနှုတ်ဆိတ်နေပါတော့သည်။တွေတွေကြီးရပ်နေရင်း လုံးလုံးပြန်ခါနီးပြောသွားသော စကားများကိုသာ နားထဲ ထပ်ခါထပ်ခါ ကြားယောင်နေပါတော့၏။
                                "ဒေါ်လေးရေ...ကျွန်မတော့ တစ်နေကုန် တစ်ညလုံးမအားတော့ပါဘူး၊ သူဌေးက တာဝန်ပေးထားတာလေ၊ သူ့သမီးလေးမွေးနေ့ကို မိုးရွာပြီးပျက်မှာ စိုးတယ်တဲ့လေ၊ ဒါကြောင့် သူကိုးကွယ်တဲ့ဆရာကိုပင့်ပြီး မိုးလွှဲခိုင်းတာ၊ ဆရာက ဖယောင်းတိုင်ထွန်း ကန်တော့ပွဲပေးပြီး မိုးလွှဲပေးတာ၊သူ့ဆေးဖယောင်းတိုင်ကို တောက်လျှောက် မီးမငြိမ်းအောင် ထွန်းထားရမှာတဲ့၊ ကျွန်မက စောင့်ပြီးထွန်းနေရတော့မှာ၊ တီးဝိုင်းလည်း ကြည့်ရတော့မယ် မထင်ပါဘူး..စိတ်ညစ်တာ"

                               ××××××××××××××××××××××××××××××××××××××

                                လအနည်းငယ်အကြာတွင် ဖြစ်ပါသည်။ နံနက်ခင်းစောစော ကိုဝင်းတာ နှင့် မခင်သစ် တို့ လင်မယားနှစ်ယောက် သူတို့ခြံဝင်းရှေ့၌ အလုပ်ရှုပ်နေသည်ကို တွေ့ရ၏။ ကိုဝင်းတာက ဆိုင်းဘုတ်တစ်ခုကို ၀င်းထရံတွင် သံနှင့်ရိုက်ပြီး ချိတ်ဆွဲနေသည်။ မခင်သစ်က နံဘေးတွင်ခါးထောက်ရပ်ကြည့်နေလေသည်။ ပြီးလျှင် နှစ်ယောက်သား နောက်သို့အနည်းငယ်ဆုတ်ပြီး ဆိုင်းဘုတ်အား တည့်မတည့် ကြည့်ကြပြန်၏။ ၄င်းနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးကျေနပ်စွာ ပြုံးလိုက်ကြပြန်သည်။ ခေတ္တခဏအကြာ အိမ်အတွင်းသို့ လက်ချင်းချိတ်ပြီး ၀င်သွားကြလေ၏။
                                   အဖြူခံ သုံးထပ်သားပေါ်၌ အနီရောင်စာလုံးဖြင့် စာကြောင်းနှစ်ကြောင်းကို အထက်အောက် တစ်ကြောင်းစီ ရေးထားသော ဆိုင်းဘုတ်လေးမှာ လေအတိုက်တွင် တလှုပ်လှုပ် ခါယမ်းနေပါသည်။ အောက်အကြောင်းတွင်ရေးထားသည့် "ပွဲစားမလိုပါ" ဆိုသောစာကြောင်းက ပိုပြီးထင်ထင် ရှားရှား မြင်နေရသလိုပင်.....။

                                                                           "ခန့်ညီဖေ"
                                                               12,07,2012,Thursday, 3;15 P;M
 from facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis