menu

Sunday 29 July 2012

ရင်သွေးတွေကို ဖခင်ခြေရာ နင်းစေချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏မဟေသီ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်(ဟာဂျူလီ.ကသာ)

ကျွန်တော်တို့နိုင်ငံကအမျိုးသမီ
းအတော်များများဟာရာထူးတစ်ခုခုရှိတဲ့ ခင်ပွန်းသည်ကိုပိုင်ဆိုင်ခွင့်ရပြီ
ဆိုတာနဲ့“ရှင်ဘုရင်နဲ့ညားတော့မိဖုရား”ဆိုတဲ့စိတ်တွေဝင်သွားတတ်ကြပါတယ်။အချိုးတွေအတော်အတန်
ပြောင်းကုန်တတ်ပါတယ်။အခြားမပြောနဲ့၊အရပ်လူကြီးကတော်လေးဖြစ်တာနဲ့တောင် ၀တ်ပုံစားပုံက အချိုးပြောင်းသွားသေးတတ်ကြသေးတာပဲ။ရာထူးကြီးကြီးရှိတဲ့ အိမ်ရှင်မတွေဆို ပိုလို့သာဆိုးတော့တာပေါ့။
ဒါကလည်း လူညီကြလို့ “ဤ”ဟာ “ကျွဲ”ဖြစ်နိုင်သလို နောက်နွားတွေဖြောင့်ဖြောင့်လိုက်သွားတာလည်း
ဖြစ်နိုင်ပါတယ်။ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်။အချို့ ရာထူးကြီးကြီးပုဂ္ဂိုလ်တွေများ နာမည်ကောင်းတွေ
ထွက်လိုက်ကြတာ။စာရိတ္တမဏ္ဍိုင် သိပ်ခိုင်တာပဲဆိုပြီးတော့ပေါ့၊ဒါပေမယ့်နောက်ဆက်တွဲထပ်ပြောကြ
တာကတော့ ကိစ္စကြီးငယ်ရှိရင် “နောက်ဖေးပေါက်ကနေ သူ့မိန်းမဆီ ၀င်မှ ရတာ”တဲ့။ဟုတ်တော့လည်း
ဟုတ်ရှာမှာပေါ့။မိန်းမဆိုတာမျိုးက၀တ်ချင်စားချင်တယ်လေ။စိတ်ချသေခြာရတဲ့ဘ၀မျိုးကိုပိုင်ဆိုင်ချင
ကြတယ်။နောင်ရေးကိုလည်း တွေးပြီးပူပန်တတ်တယ်။ဒီတော့ သူတို့တတွေရဲ့ တပ်မက်မှုစာရိတ္တဟာ
ယောက်ျားတွေထက်ပိုပြီးထိရှလွယ်ကြတာပေါ့။ဒါကြောင့်လည်းအချို့အိမ်ထောင်ရှင်အမျိုးသမီးများ
ဆိုရင် လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို“ချောင်”ထိုးထားကြပြီး ကိုယ့်ယောက်ျားဘ၀ တိုးတက်ရေးကိုပဲ
ရှေးရှုနေကြတာပေါ့။ အချို့များဆို မကြားဝံ့ မနာသာတွေတောင်ကြားရသေးတယ်။ဒါတွေကိုပြောမနေချင်
တော့ပါဘူး။တကယ်တမ်းတွေးကြည့်ရင်ဒါတွေကခေတ်တစ်ခေတ်ရဲ့စံနစ်တစ်ခုကြောင့်ပါ။ဒီလို လူတစ်
ယောက်ရဲ့ဂုဏ်သိက္ခာနဲ့အရှက်တရားကျဆုံးကုန်မှရာထူးဂုဏ်ရှိန်မြဲမြံတိုးတက်တယ်ဆိုတာမျိုးဟာ
အောက်ခြေလူအများစုကအထက်ကလူနည်းစုကိုကြောက်နေရတဲ့စနစ်တွေမှာပဲ ဖြစ်လေ့ရှိတယ်။ခုခေတ်လို
အောက်ခြေလူထုကို အုပ်ချုပ်သူလူနည်းစုက ပြန်ပြီး အလေးထားရတဲ့ခေတ်မျိုးဆိုဒါမျိုးတွေဘယ်ရပါ့မလဲ။
ထားပါလေ။ပြောချင်တာက အမျိုးသမီးတွေအများစုရဲ့စိတ်ဓါတ် က ၀တ်ချင်တယ်၊စားချင်တယ်။
စိတ်ချသေခြာရတဲ့ဘ၀မျိုးကိုပိုင်ဆိုင်ချင်တယ်။နောင်ရေးကိုတွေးတော ပူပန်တတ်တယ်။ရနိုင်တဲ့အချိန်မှာ
ရသလောက် ငွေကြေးဥစ္စာကိုရသလောက်စုချင်ဆောင်းချင်တယ်။အဲဒီလိုသာမာန်အမျိုးသမီးတွေနဲ့
မတူတဲ့ မြင့်မြတ်သောစိတ်ဓါတ်ပိုင်ရှင်ကျွန်တော်တို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်။ အခုတလော
သူ့အကြောင်းသိပ်ပြောပြချင်နေတာ။ရေးပြချင်နေတာ။သူကတော့.....ဟုတ်ပါတယ်။ဒေါ်ခင်ကြည်ပါ။
ကျွန်တော်တို့လွတ်လပ်ရေးရဲ့ဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောတိုင်း
မပါမဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပါရမီဖြည့်ဘက်ပါ။အခုလက်ရှိလူထုခေါင်းဆောင်ကြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးသမိခင်မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ပါပဲ။လူသေသော်လည်း နာမည်မသေခဲ့တဲ့ သူရဲကောင်းအမျိုးသမီးကြီးမဟာသီရိသုဓမ္မဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်းမြောင်းမြမြို့မှ ဦးဗိုလ်ငြိမ်း ဒေါ်ဖွားစုတို့က၁၉၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်ကြည်ဟာ မြောင်းမြမြို့မှာခုနှစ်တန်းအောင်တဲ့အထိ စာသင်ယူခဲ့ပါတယ်။နောက်တော့
ရန်ကုန်ကြည့်မြင်တိုင်အေဘီအမ်ကျောင်းကနေ ဆယ်တန်းအောင်ပြီးမော်လမြိုင်အေဘီအမ်ကျောင်းက
မူလတန်းပြဆရာဖြစ်လက်မှတ်ရယူနိုင်ခဲ့ပါတယ်။မူလတန်းပြဆရာဖြစ်လက်မှတ်ရယူပြီးတော့ မွေးရပ်
မြေ မြောင်းမြမြို့ကိုပြန်ပြီး အမျိုးသားအထက်တန်းကျောင်းမှာ အခမဲ့စေတနာ့ဝန်ထမ်းဆရာမအဖြစ်
ဝင်ရောက်လုပ်ကိုင်ပါတယ်။နောက်ပိုင်းမှာတော့သူဝါသနာပါလှတဲ့သူနာပြုသင်တန်းကိုအောင်မြင်အောင်
ဆက်တက်ပြီး ရန်ကုန်ဆေးရုံကြီးမှာသူနာပြုဆရာမအဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီလိုလုပ်ကိုင်နေရင်းနဲ့မကြာခင်မှာ
စစ်ဖြစ်လာတော့ ဒါဏ်ရာရ စစ်သည်တွေကို ကာလကတ္တားပို့ရတဲ့စေတနာ့ဝန်ထမ်းသူနာပြုတာဝန်ကိုယူခဲ့
ပြန်ပါတယ်။အဲဒီလိုသူနာပြုလုပ်ငန်းတွေမှာအငြီးမငြူတာဝန်ကျေပြွန်စွာလုပ်ဆောင်ပေးခဲ့တာတွေကြောင့်
ဒေါ်ခင်ကြည်ကိုစစ္စတာလို့ခေါ်တဲ့သူနာပြုဆရာမကြီးရာထူးတိုးပေးခဲ့ပါတယ်။ဒီလိုနဲ့ဂျပန်ခေတ်ရောက်
လာတော့ ဆရာကြီးဦးဘသန်းဆေးရုံအုပ်ကြီးအဖြစ်ဦးစီးတည်ထောင်ခဲ့တဲ့ ဆေးရုံကြီးမှာ အစ်မဖြစ်သူ
ဒေါ်ခင်ကြီး(သခင်သန်းထွန်း၏ဇနီးဖြစ်ခဲ့သူ)နဲ့အတူ လစာမဲ့စေတနာ့ဝန်ထမ်း သူနာပြုဆရာမအဖြစ်
ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်ပါတယ်။လစာမဲ့စေတနာ့ဝန်ထမ်းသူနာပြုဆရာမလို့ဆိုပေမယ့် အဲဒီအလုပ်ဟာ အသက်ကိုရင်းပြီး လုပ်ရတဲ့အလုပ်လို့ဆိုရမှာပါ။အဲဒီအချိန်ကညစဉ်ဗုံးကျဲချတဲ့ ဗုံးဒါဏ်တွေကြောင့်
ရန်ကုန်မြို့ခံတွေတောင်ကိုယ်အိမ်ကိုယ့်ယာမနေရဲလို့ ပစ်ပြေးနေကြတဲ့အချိန်ဆိုတော့ ဆေးရုံက
ဝန်ထမ်းတွေဟာ ဗုံးဆံအမြောက်ဆံတွေကြားမှာ ဘယ်လောက်အထိအသက်ပေးပြီး လုပ်ရတယ်ဆိုတာ
တွေးကြည့်ရုံနဲ့ သိသာလှပါတယ်။ဒါ့အပြင်ဒီလို အသက်စွန့်ကြိုးပမ်း လုပ်ဆောင်ကုသပေးနေတဲ့ ဆရာဝန်
ဆရာမတွေအပေါ်မှာ ကိုယ့်လိုဘမပြည့်သူ အချို့ရဲ့ လုပ်ကြံသတ်ဖြတ်လိုမှုတွေကလည်း လက်တစ်ကမ်းမှာရှိနေခဲ့ပါတယ်။အဲဒီအကြောင်းဒေါက်တာမြင့်ဆွေရဲ့“မှတ်မိသေးတယ် ဂျပန်ခေတ်
ဆေးရုံကြီးဝယ်”စာအုပ်မှာရေးသားမှတ်တမ်းတင်ရေးသားထားခဲ့ပါတယ်။ဆရာဒေါက်တာမြင့်ဆွေရေးထားတာ
လေးအကျဉ်းချုပ်ပြောရရင်တော့တစ်ရက် ယိုးဒယားကနေလိုက်ပါလာတဲ့ ဘီအိုင်အေစစ်ဗိုလ်တစ်ဦးဟာ သူ့ကို
ဆရာကြီးဦးဘသန်းနဲ့ ဒေါ်ခင်ကြည်တို့က ဂရုမစိုက်ဘူးလို့ အထင်းမှားပြီးဆရာကြီးများ လူနာကိုလှည့်လည်
စစ်ဆေးချိန်မှာလုပ်ကြံသတ်ဖြတ်ဖို့ကြံစီပါသတဲ့။အဲဒီခေတ်က ဆေးရုံတက်တဲ့စစ်ဗိုလ်တွေရဲ့ခေါင်းအုံးအောက်
မှာပစ္စတိုတစ်လက်က အမြဲလိုလိုထားလေ့ရှိတော့ အဲဒီသေနတ်နဲ့ ပစ်သတ်ဖို့ဆိုတာကိုဒေါက်တာမြင့်ဆွေက
ဆေးရုံတက်နေတဲ့ ဗိုလ်ကြီးခင်မောင်လတ်ရဲ့သတင်းပေးမှုကြောင့် စိတ်တိုနေတဲ့လူနာကို နားချပြီး
ဆရာကြီးဦးဘသန်းတို့ကိုအသိပေးပါတယ်။ပြီးတော့မှ သက်ဆိုင်ရာကနေ ဆေးရုံတက်တဲ့နေတဲ့စစ်သား
တွေအားလုံးရဲ့ သေနတ်ကို သက်ဆိုင်ရာက သိမ်းလိုက်ကြရတယ်လို့ရေးသားထားခဲ့ပါတယ်။တော်ပါသေးရဲ့။
ဒေါက်တာမြင့်ဆွေနဲ့ ဗိုလ်ကြီးခင်မောင်လတ်ကယ်လိုက်နိုင်ပေလို့။နို့မဟုတ်ရင် တန်ဘိုးရှိစွာ လောကအကျိုး
သယ်ပိုးနေတဲ့အဖိုးတန်အသက်(၂)ချောင်းဆုံးရှုံးခဲ့ရဦးမှာပါ။အဲဒီဖြစ်စဉ်ကိုကြည့်လိုက်တာနဲ့အဲဒီခေတ်ကာလက
တာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်ဆရာမတွေရဲ့ အသက်ဟာဘယ်လောက်ထိသေဘေးနဲ့နီးခဲ့တယ်ဆိုတာ
ပေါ်လွှင်လှပါတယ်။ဆေးရုံလာတက်တဲ့သူအများစုဟာ ကြမ်းတမ်းတဲ့ ကျည်ဆံတောကနေဆေးရုံရောက်လာတဲ့
လူနာစစ်သည်တွေဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်တွေဟာလည်းသူတို့နဲ့အတူ ထပ်ချပ်ပါလာလေ့ရှိတော့
အဲဒီသေနတ်ပြောင်းတွေဟာလည်း စေတနာအပြည့်နဲ့ကုသမှုတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်ဆရာမဘက်
အချိန်မရွေး လှည့်နိုင်တယ်ဆိုတော့ကြောက်စရာပေါ့။ထားပါတော့၊ဒီလိုနဲ့တစ်ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာသူ့ရဲ့နေအိမ်မှာ အကြီးအကျယ် နေမကောင်းဖြစ်လို့ ဆရာကြီးဦးဘသန်းတို့
သွားကြည့်ပေးရပါတယ်။အရေးပေါ်ကုသမှုနဲ့ အနားယူဖို့လိုအပ်လို့ ဗိုလ်ချုပ်အောင်ဆန်းကို
ဆေးရုံတက်စေပြီးကုသပေးပါတယ်။မကြာခင်မှာပဲလူနာဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ ကျန်းမာရေးက
နလံပြန်ထလာနိုင်တဲ့အပြင်သူ့ရဲ့ ငုတ်လျိုးနေတဲ့ အချစ်နလံပါပြန်ထလာပြီးစေတနာ့ဝန်ထမ်းသူနာပြုလုပ်တဲ့
ဆရာမဒေါ်ခင်ကြည်ကို ချစ်ရေးဆိုလက်ထပ်ခွင့်တောင်းပါတော့တယ်။ဒီနေရာမှာ ကျွန်တော်တွေးမိတာက
တိုင်းပြည်အတွက် နေ့မအား ညမအားအလုပ်များနေတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်အတွက် စေတနာ
ထားကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ကိုင်နေတဲ့ဒေါ်ခင်ကြည်တို့ကိုနတ်တွေရွေးချယ် စုံဖက်ပေးလိုက်တဲ့အိမ်
ထောင်ဖက် လို့တောင် ကျွန်တော်က ဆိုလိုက်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မင်္ဂလာဆောင်မယ့်နေ့မှာ
ဆောင်ရွက်ခဲ့တဲ့ဒေါ်ခင်ကြည်ရဲ့ လုပ်ဆောင်ချက်မျိုးဟာ အမျိုးသမီး တစ်သိန်းမှာတစ်ယောက်တောင်
လုပ်နိုင်ဖို့ မလွယ်တဲ့လုပ်ဆောင်ချက်မျိုးဖြစ်လို့ပါပဲ။ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့မင်္ဂလာပွဲ
ကျင်းပတဲ့ရက်က ၁၉၄၂ခုနှစ်စက်တင်ဘာလ၆ရက်နေ့မှာပါ။ အဲဒီနေ့မတိုင်ခင်တစ်ညမှာ ဆရာဝန်ကြီး
ဦးဘသန်းကဓါတုဗေဒကထိကဖြစ်သူတစ်ဦးကို အရေးပေါ်ခွဲစိပ်ကုသရပါတယ်။အဲဒီခွဲစိပ်မှုဟာ ညပိုင်းကနေ
နောက်တစ်ရက် မနက်(၆)ခွဲမှပြီးစီးတဲ့ အကြီးစားခွဲစိပ်မှုကြီးပါ။ဒီခွဲစိပ်မှုအစအဆုံးမှာ အဲဒီနေ့မှာ
မင်္ဂလာဆောင်တော့မယ့် သတို့သမီးလောင်းဒေါ်ခင်ကြည်ဟာမညီးမငြူပါဝင်ခဲ့ပါတယ်။ဒီနေရာမှာ
အခြား သတို့သမီးလောင်းတစ်ဦးဦးသာဆိုရင်
“ဟယ်.ဒီကနေ့ညမှာသာ ငါအိပ်ရေးပျက်ခဲ့ရင် မနက်ဖြန်မင်္ဂလာဧည့်ခံပွဲမှာမျက်တွင်းကြီး
ချောင်နေတော့မှာပဲ” “အလှတွေတော့ပျက်နေတော့မှာပဲ” “ဒီမယ်နော်..ဆရာကြီး ဦးဘသန်း၊ကျွန်မနဲ့ လက်ထပ်မယ့်သူကမြန်မာလူမျိုးတွေထဲမှာ ရာထူးအကြီးဆုံးဗိုလ်ချုပ်ကြီးရှင့်။ဒီတော့ ဒီလောက်ကြီး ပညာမပြပါနဲ့၊ခွဲစိပ်ခန်းမ၀င်နိုင်ဘူး”လို့ပြောကောင်းပြော၊တွေးကောင်းတွေးမှာ ဖြစ်ပေမယ့်
မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင် ဒေါ်ခင်ကြည်ကတော့မျက်နှာတစ်ချက်မညိုဘဲ အစအဆုံး ခွဲစိပ်ခန်း
ဝင်ဆရာဝန်ကြီးတွေလိုအပ်သမျှကို ကူညီခဲ့ပါတယ်။အဲဒီနေ့၂နာရီမှာပဲဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်
တို့ရဲ့ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်မဟုတ်တဲ့သာမာန်မင်္ဂလာပွဲလေးကို ကျင်းပသွားခဲ့ပါတယ်။
အဲဒီလို ဒေါ်ခင်ကြည်နဲ့ လက်ထပ်ပြီးတဲ့နောက်စကားပြောကြမ်းတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားအပြော
အဆိုတွေဟာပိုမိုသိမ်မွေ့သွားတယ်လို့ အဲဒီခေတ်က လေ့လာသူအချို့ကဆိုပါတယ်။ဗိုလ်ချုပ်အဲဒီလို
စကားပြောအရာမှာ ပိုနူးညံ့သွားတာဟာ ဒေါ်ခင်ကြည်ရဲ့ အရည်အချင်းကြောင့်လို့လည်းအသိအမှတ်
ပြုကြပါတယ်။ဒါဟာဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ဗိုလ်ချုပ်ကနေ ဒေါ်ခင်ကြည်ထံရေးခဲ့တဲ့
““ကြည်၊ ပဲပြုတ်နှင့် နံပြားရရင်စားချင်တယ်”ဆိုတဲ့ သမိုင်းဝင်စာထဲမှာ နူးညံ့မှု၊သိမ်မွေ့မှု၊ကြင်နာမှု၊စာနာမှုတွေ
ပါဝင်နေလို့ပါပဲ။နောက်တစ်ခုပြောချင်တာကဒေါ်ခင်ကြည်အနေနဲ့ ဗိုလ်ချုပ်နဲ့ထပ်တူ စည်းစိမ်ဥစ္စာအပေါ်
တပ်မက်မှုမရှိတဲ့အကြောင်းပါ။တစ်ခါက ကိုထွန်းအုံဆိုတဲ့ရဲဘော်တစ်ယောက်အိမ်ရောက်လာလို့ ဗိုလ်ချုပ်က
သူ့ထံမှာရှိတဲ့ယူနီဖေါင်း ကောင်းတာလေးတစ်စုံ ပေးလိုက်ဖို့ဒေါ်ခင်ကြည်ကိုပြောပါတယ်။ဒေါ်ခင်ကြည်က
လည်းသိနေတယ်။ဗိုလ်ချုပ်မှာ ယူနီဖေါင်းကောင်းကောင်းအပိုမရှိတဲ့အကြောင်းကို။အဲဒါနဲ့ ဒေါ်ခင်ကြည်က
သူတို့ရဲ့ မင်္ဂလာဆောင်မှာ ၀တ်ခဲ့တဲ့မင်္ဂလာဦး စစ်ယူနီဖေါင်းကို ကြည်ကြည်ရွှင်ရွှင်ပဲထုတ်ပေးလိုက်ပါတယ်။
အဲဒီလိုမင်္ဂလာဦး စစ်ယူနီဖေါင်းထုတ်ပေးတာကို သိတဲ့ဗိုလ်ချုပ်ကလည်း ဘာတစ်ခွန်းမှဝင်မဟန့်ခဲ့သလို
ဒေါ်ခင်ကြည်ကလည်းလိုလိုလားလားပေးခဲ့တာဟာ သူတို့နှစ်ဦးစလုံးရဲ့ စိတ်တူကိုယ်တူပစ္စည်းဥစ္စာအပေါ်
တပ်မက်မှုတွေ မရှိခဲ့တာကို ပြသလိုက်တာဖြစ်ပါတယ်။နောက်ထပ်ရှိပါသေးတယ်။တစ်ခါက ဗိုလ်ချုပ်အတွက်
ရိက္ခာထုတ်ဖို့ ဒေါ်ခင်ကြည်ကစာရေးပြီးရဲဘော်တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ရိက္ခာမှာ တာဝန်ကျတဲ့
ရဲဘော်က ထုတ်မပေးပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်မှတ်မဟုတ်လို့ပါတဲ့။
အဲဒီလိုမြန်မာ့တပ်မတော်ရဲ့ဖခင်၊မြန်မာ့တပ်မတော်မှာရာထူးအကြီးဆုံးဖြစ်တဲ့ဗိုလ်ချုပ်တစ်ယောက်ရဲ့
ဇနီးမယားကို (မရည်ရွယ်ပေမယ့်)အလေးမထားသလိုပြုခံလိုက်ရပေမယ့်ဗိုလ်ချုပ်ရော ဒေါ်ခင်ကြည်ပါ
စိတ်မဆိုးအရေးမယူခဲ့ကြပါဘူး။ဗိုလ်ချုပ်ကိုယ်တိုင် ရိက္ခာထုတ်ခွင့်လက်မှတ်မှာလက်မှတ်ထိုးပြီး
ထုတ်ယူစေခဲ့ပါတယ်။အင်မတန်မြင့်မြတ်လေးစားဖွယ်ကောင်းခဲ့ကြတဲ့ ဇနီးမောင်နှံပါ၊ဗိုလ်ချုပ်ရဲ့ဇနီး
ဒေါ်ခင်ကြည်မှာပြောစရာတွေ ဂုဏ်ယူစရာတွေ အတုယူစရာတွေကတော့အများကြီးပါ။
ပြောရမယ်ဆိုရင် ဂျာနယ်တစ်စောင်လုံးရေးရင်တောင်မကုန်နိုင်တာမို့ အတိုပဲ ချုပ်ပြောပါတော့မယ်။
၁၉၄၇ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရပါတယ်။
တစ်တိုင်းပြည်လုံး ပူဆွေးသောကတွေကြုံနေတဲ့အချိန်မှာ ဒေါ်ခင်ကြည်ဟာတိုင်းပြည်ကိုပန်ကြားလွှာတစ်စောင်
ထုတ်ပါတယ်။အဲဒီပန်ကြားလွှာကတော့...
“ကျွန်မရဲ့ခင်ပွန်းသည်ဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာတိုင်းပြည်နဲ့လူမျိုးအတွက်ကြိုးပမ်းရင်းလမ်းခုလပ်တွင်
ကျဆုံးခဲ့ရပါပြီ၊အခုသူကွယ်လွန်သွားတော့ သူ့ကို လွမ်းဆွတ်နေမယ့်အစားသူချမှတ်ခဲ့တဲ့လမ်းစဉ်မှာပါဝင်
နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့သူ့သွေး၊သူ့သား၊မိမိရဲ့ ရင်သွေးကလေးများကိုအဖေ့သားများပီပီ
(ဒါက ကျွန်တော်ထပ်ဖြည့်တာပါ.. သူချန်ခဲ့တဲ့သူ့သွေး၊သူ့သား၊မိမိရဲ့ ရင်သွေးကလေးများကိုအဖေ့သား
များပီပီ)အဖေ့ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးမယ်လို့ ဆုံးဖြတ်ပါတယ်။လူထုကို ကျွန်မပြောလိုတာကတော့ မိမိတို့အားကိုးယုံကြည်လေးစားသောခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍
စိတ်လိုက်မာန်ပါလုပ်မှုကိုင်မှုကို ရှောင်ကြဉ်ပြီးသူချမှတ်ခဲ့သော လမ်းစဉ်အတိုင်းတစ်သဝေမတိမ်း
လိုက်နာကျင့်ဆောင်ကြပါ၊သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကိုဆထက်ထမ်းပိုးအားပေးထောက်ခံကြပါ။
သူရည်မှန်းခဲ့သောလွတ်လပ်ရေးကိုမရမနေကြိုးပမ်းကြပါ” ဆိုပြီးဖြစ်ပါတယ်။
အဲဒီပန်ကြားလွှာကို ကြည့်လိုက်ခြင်းအားဖြင့်ဒေါ်ခင်ကြည်ကိုယ်တိုင်ပင်လျှင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့စွမ်းရည်နဲ့ စာရိတ္တကို ဘယ်လောက်ကြည်ညိုလေးစားခဲ့တယ်ဆိုတာ
အထင်းသားပေါ်လွှင်လှပါတယ်။အဲဒါအပြင်သူ့ရဲ့ရင်သွေးဖြစ်တဲ့ (အထူးသဖြင့်)သားတွေအပေါ်မှာ ဘယ်လောက်မျှော်လင့်ခဲ့တယ်ဆိုတာလည်းသိသာလှပါတယ်။အဲဒီလိုမျှော်လင့်တကြီး တောင့်တခဲ့တဲ့
သားတွေအနက် တစ်ဦးကရေနစ်သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးက နိုင်ငံရေးထက်ကိုယ်ပိုင်စီးပွားရေးနဲ့
ကိုယ်ပိုင်ကြီးပွားရေးကို ပိုစိတ်ဝင်စားသွားရှာပါတယ်။ကံကောင်းထောက်မတယ်လို့ပဲပြောရမှာပါ။
သားတွေထံမှာမျှော်လင့်ခဲ့တဲ့ဖခင်ရဲ့စိတ်ဓါတ်တွေ၊ကိုယ်ကျိုးမဖက်တဲ့စိတ်ထားတွေ၊သူတို့ဇနီးမောင်နှံရဲ့မြင့်
မြတ်တဲ့စိတ်နေစိတ်ထားတွေ၊လူထုအကျိုးကိုသာရည်မျှော်တဲ့ ခေါင်းဆောင်ရဲ့ သဘာဝတွေဟာဟာ
သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဆီမှာ တစ်လုံးတစ်ခဲတည်း သွားစုလို့နေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့တစ်သားတည်းရှိစေခဲ့တဲ့စိတ်ဓါတ်ဟာလည်း ဒေါ်ခင်ကြည်ရဲ့ အနီး
ကပ်သွန်သင်လမ်းညွှန်ချက်တွေကြောင့်လည်းပါ ပါတယ်။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ နိုင်ငံကို ပန်ကြားခဲ့သလို ပါပဲ၊သူကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့
ဖဆပလလမ်းစဉ်အပေါ်အားသွန်ခွန်စိုက်ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာတာတွေ ရှိပါတယ်။ပြောရရင်
ဖဆပလအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်ရဲ့ပါလီမန်အမတ်နေရာမှာ ၀င်ရောက်အရွေးချယ်ခံခဲ့ပြီး
၁၉၄၇ခုနှစ်ကနေ ၁၉၅၃ခုနှစ်အထိမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှာ ညွှန်ကြားရေးဝန်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၁၉၅၃ခုနှစ်ကနေ ၁၉၅၈ခုနှစ်အထိမှာလည်းလူမှုဝန်ထမ်းစီမံကိန်းကော်မရှင်
ဥက္ကဌအဖြစ်နိုင်ငံတာဝန်တွေထမ်းဆောင်ခဲ့ပါတယ်၊အဲဒီလိုနိုင်ငံတာဝန်တွေအပြင်ရွေးချယ်တင်မြောက်
ခံရမှုကြောင့် ပါဝင်ဆောင်ရွက်ခဲ့ရတဲ့ တာဝန်တွေကလည်းများပြားလှပါတယ်။ဖတ်ရှု့လေ့လာခဲ့ဖူးသလောက်
ပြောရမယ်ဆိုရင်ပြည်ထောင်စုမြန်မာနိုင်ငံလူမှုဝန်ထမ်းကောင်စီဥက္ကဌ၊မိခင်နဲ့ကလေးစောင့်ရှောက်ရေး
အသင်းဥက္ကဌ၊ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသမီးများ
ကောင်စီဥက္ကဌ၊ဒီမိုကရေစီသဘောတရားတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဌ၊မြန်မာနိုင်ငံအမျိုးသမီးကင်းထောက
အသင်းရဲ့ကင်းထောက်ချုပ်၊မြန်မာနိုင်ငံလူနာတင်ကားတပ်ဖွဲ့ဝင်အမျိုးသမီးအုပ်ချုပ်ရေးမှူး၊ရာမခရစ်ရှနာသာသနာပြုဆေးရုံနှင့်စာကြည့်တိုက်ဒုတိယဥက္ကဌတို့ဖြစ်ပါတယ်။
ဒါတွေအပြင်၁၉၄၉ခုနှစ်မှာနယူးဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံနဲ့ ၁၉၅၀ခုနှစ်
ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံများကို တက်ရောက်တဲ့ကိုယ်စားလှယ်များရဲ့
ခေါင်းဆောင်အဖြစ်ပါ တက်ရောက်ခဲ့ပြီးကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံမှာ
ညီလာခံသဘာပတိအဖြစ်ပါတာဝန်ပေးခံခဲ့ရပါတယ်။
၁၉၅၀၊၁၉၅၁နဲ့၁၉၅၂ခုနှစ်များမှာလည်းဂျီနီဗာကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကိုဦးဆောင်တက်
ရောက်ခဲ့ပါတယ်။အဲဒီလို ကိုယ်ကျိုးမဖက်နိုင်ငံတော်အတွက်လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံအစိုးရက ၁၉၅၁ခုနှစ်မှာ“မဟာသီရိသုဓမ္မဘွဲ့”ပေးအပ်ခြင်းခံခဲ့ရပါတယ်။နိုင်ငံတကာဆုအဖြစ်လည်း၁၉၅၅ခုနှစ်မှာ
ယူဂိုဆလားဗီးယားနိုင်ငံက“ယူဂိုဆလပ်ကြယ်တာရာဘွဲ့(ဒုတိယအဆင့်)”နဲ့ထိုင်းနိုင်ငံက“နိုဗယ်အော်ဒါဘွဲ့”တို့
ရရှိခဲ့ပြန်ပါတယ်။၁၉၆၀ခုနှစ်မှာတော့ အစိုးရဟာ အိန္ဒိယနိုင်ငံဆိုင်ရာသံမြန်မာအမတ်အဖြစ်မြန်မာနိုင်ငံပြင်ပမှာ
တာဝန်ထမ်းဆောင်ခဲ့စေပြီး မကြာခင်မှာ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်နဲ့အတူနီပေါနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသောအမျိုးသမီး
သံအမတ်လည်းဖြစ်ခဲ့ပါတယ်။၁၉၆၇ခုနှစ်မှာတော့ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာ သံအမတ်ရာထူးကနေ
အငြိမ်းစားယူလိုက်ပါတော့တယ်။အဲဒီလို အငြိမ်းစားယူရာမှာလည်း သာမန်လူတွေ ပြုနိုင်ခဲတဲ့ ဆောင်ရွက်မှု တစ်ခုကိုလုပ်ခဲ့ပါသေးတယ်။အဲဒါကတော့ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာသူ့ခံစားပိုင်ခွင့်ရှိတဲ့
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးဝန်ပင်စင်နဲ့ သံအမတ်ပင်စင်များကိုလုံးဝလက်မခံခဲ့တာဘဲ
ဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအတွက်ရည်စူးပြီးပေးတဲ့အာဇာနည်ခေါင်းဆောင်ကြီးများ၏ဇနီးထောက်ပံ့ရေး
ငွေတစ်လ ၁၀၀၀ကျပ်ပဲရယူသုံးစွဲခဲ့ပါတယ်။ကဲ.မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာဘယ်လောက်များ အတ္တနည်း
လိုက်လေသလဲ။ကိုယ်ရပိုင်ခွင့်ရှိတဲ့ အခွင့်ကိုတောင်အဆုံးရှုံးခံပြီး တိုင်းပြည်မျက်နှာပဲကြည့်ခဲ့တာပါ။
တလောလေးကလည်း ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတာရှိပါသေးတယ်။
ဂဠုန်ဦးစောရဲ့မြေးဖြစ်သူပြောခဲ့တာပါ၊လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်တွေထဲက မိသားစုတစ်ခုက ဂဠုန်ဦးစောရဲ့မိသားစုကိုတရားစွဲပြီးနစ်နာကြေးတောင်းပါတယ်။ပေးလိုက်ရတဲ့ နစ်နာကြေးဟာ
(အဲဒီခေတ်ကငွေတန်ဘိုးအရ) ခြံကျယ်ကျယ်တိုက်ကြီးကြီးကားကောင်းကောင်းဝယ်စီးနိုင်လောက်တဲ့
ငွေကြေးပါတဲ့။အဲဒီအကြောင်းသိတဲ့သူတွေက မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ကိုသွားပြီး တရားစွဲဖို့အကြံပေးတယ်ဆိုပဲ၊အဲဒီမှာမဟာသီရိသုဓမ္မဒေါ်ခင်ကြည်က
“သူလည်း မုဆိုးမ ကျွန်မလည်းမုဆိုးမ၊ဖြစ်ချင်လို့ ဖြစ်ခဲ့ကြတာမဟုတ်လို့
လိုလည်းမလိုချင်ဘူး။တောင်းလည်း မတောင်းပါဘူး”လို့ပြတ်ပြတ်သားသားပြောချလိုက်ပါသတဲ့။
မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ကိုယ်ချင်းစာတရားပြည့်ဝပုံကအံ့သြလောက်စရာပါ၊အဲဒီလိုပါပဲ။ အာဇာနည်နေ့တစ်ခုမှာဂဠုန်ဦးစောရဲ့မြေးတွေ သူ့ခြံထဲ ပန်းလာခူးတာကို ဂဠုန်ဦးစောရဲ့မြေးတွေမှန်း
သိသိကြီးနဲ့ သြော်အေး အေး ခူးကြခူးကြ လိုသလောက်သာခူးကြဆိုပြီး ကြည်ကြည်သာသာခွင့်ပြု
ခဲ့ကြောင်း ရေးတာတွေ ဖတ်လိုက်ရပါသေးတယ်။
အဲဒီလို စာနာမှုညာတာမှုသည်းခံခွင့်လွတ်မှုတွေနဲ့လူ့ဘ၀မှာ တန်ဘိုးကြီးမားစွာအသက်ရှင်နေထိုင်ခဲ့တဲ့
မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာ၁၉၈၈ခုနှစ်၊ဒီဇင်္ဘာလ(၂၇)ရက်နေ့ မနက်(၇)နာရီ(၁၇)မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ကွယ်လွန်ချိန်မှာအသက်(၇၆)နှစ်ရှိပြီဖြစ်ပြီး သူမနေ
ထိုင်ခဲ့ရာနေအိမ်ပေါ်မှာ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ပေါ်မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေးဗိသုကာ၊တပ်မတော်ရဲ့ဖခင်ကြီး၊အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်သူမဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ဈာပနကို၁၉၈၉ခုနှစ်၊ဇန္န၀ါရီလ(၂)ရက်နေ့မှာကျင်းပခဲ့ပါတယ်။
လူထုအခမ်းအနားနဲ့ပို့ဆောင်ကျင်းပခြင်း မပြုခဲ့ပေမယ့် ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ငြိမ်းချမ်းရေးဖခင်ကြီး
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဂူဗိမာန်နဲ့ သီပေါမင်းရဲ့မိဖုရားခေါင်ကြီးစုဖုရားလတ်တို့ဂူဗိမာန်နှစ်ခုကြားမှာ
ဂုဏ်သိက္ခာထည်ဝါစွာဂူဗိမာန်တည်ဆောက်သင်္ဂြိုလ်ခွင့်ပြုခဲ့ပါတယ်။မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ဂူဗိမာန်ကို
ဒီဇိုင်းဆွဲပေးခဲ့သူဟာရန်ကုန်တိုင်းဆောက်လုပ်ရေးဝန်ကြီးဌာနကဦးဘိုကြီးဖြစ်ပါတယ်။ဦးဘိုကြီးဆွဲခဲ့တဲ့အုပ်ဂူ
ဗိမာန်ဒီဇိုင်းပုံစံဟာ ၅၄၊တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ ဆင်ဝင်ဒီဇိုင်းအတိုင်း ပဲ ဆွဲခဲ့တာဖြစ်ပါတယ်။(အဲဒီလို
ဒီဇိုင်းထုတ်ပေးခဲ့မှုကြောင့် ဦးဘိုကြီးဟာပင်စင်ယူချိန်အထိ ရာထူးမတက်တော့ဘူးဆိုတာလေးလည်း
အင်တာနက်မှာပလူပျံနေတာလည်း ဖတ်လိုက်ရပါသေးတယ်)အဲဒီလိုဒီဇိုင်းဆွဲတာဟာလည်း သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ကြိုက်ဆွဲခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့
“အမေက မကွယ်လွန်ခင်မှာ ဒီအိမ် (ယခု အမေစု နေအိမ်) ရဲ့ဆင်ဝင်အောက်မှာထိုင်ပြီးအမြဲပုတီးစိတ်၊
တရားမှတ်လေ့ရှိတယ်။ အဲ့ဒီမှာ အမေထိုင်ရတာ သဘောကျပုံရတယ်။အဲ့ဒီ ဒီဇိုင်းလေးများရနိုင်မလား”
ဆိုခဲ့တဲ့အတွက် လို့လည်းသိရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊တပ်မတော်ရဲ့ဖခင်ကြီး၊အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်ရုံမကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီးဖြစ်ခဲ့တဲ့အပြင်လူထုအပေါ်
တာဝန်ကျေပြွန်စွာ အနစ်နာခံဆောင်ရွက်ခဲ့တဲ့မြန်မာ့အမျိုးသမီးထုတစ်ရပ်ရပ်လုံးဂုဏ်ယူလေးစားဖွယ်ရာ
သူရဲကောင်းအမျိုးသမီးကြီးတစ်ဦးဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်ခင်ဗျား။ ။
ဟာဂျူလီ(ကသာ)
Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis