menu

Wednesday 27 June 2012

ပဋိပက္ခတွေကြားက ရုန်းထွက်လာတဲ့ ဖနွမ်းပင်.. (သို့) တူလ်ဆလန်၊ Killing field တွေဆီက သင်ခန်းစာ



ဖနွမ်းပင်မြို့ ညမြင်ကွင်း

နေ့တစ်နေ့၏ နောက်ဆုံး အလင်းရောင်အောက်က မီးရောင်စုံတွေနှင့် ဈေးဆိုင်များ၊ ရှော့ပင်းစင်တာများနှင့် ဖနွမ်းပင်ရဲ့ ညနေဆည်းဆာမြင်ကွင်းက နေ့ညသတ်မှတ်ချက်ကို မေ့လျော့သွားစေသလိုပင်။ ဖနွမ်းပင်၏ လမ်းများပေါ်မှာ ဆိုင်ကယ်တွေ အများဆုံးတွေ့ရပြီး မြို့တွင်း ဘတ်စကားလိုင်းဆိုတာ လုံးဝမရှိပါပေ။ လမ်းတိုင်းလမ်းတိုင်းမှာ မော်တော်ကား အရောင်းပြခန်းတွေ၊ မော်တော်ဆိုင်ကယ် အရောင်းပြခန်းတွေဆိုတာ ကလည်း မှိုလိုပေါက်နေတာတွေ့ရပေမယ့် အများစုတော့ မော်တော်ကား ပိုင်ဆိုင်ဖို့ ခဲယဉ်းနေကြဆဲဆိုတာ သိရသည်။ လမ်းမကြီးတွေပေါ်မှာ တစ်ဦးချင်း သယ်ယူပို့ဆောင်ရေးဖြစ်သည့် မော်တော်ကား၊ တုတ်တုတ်(သုံးဘီး ဆိုင်ကယ်)နဲ့ မော်တော်ဆိုင်ကယ်တွေ ပျားပန်းခတ် သွားလာနေကြပေမယ့် ယာဉ်ကြောပိတ်ဆို့မှု မရှိတာ တွေ့ရသည်။ သန့်ရှင်းသပ်ရပ်သည့် ကမ်းနားလမ်း၊ ဂျာမနီနိုင်ငံကုမ္ပဏီ များမှ ခင်းကျင်းထားသည့် အဆင့်မီ နိုင်လွန်ကတ္တရာ လမ်းမကျယ်တွေနှင့် နိုင်ငံတကာမှ ၀င်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ဆက်သွယ်ရေးကဏ္ဍ၊ ဖနွမ်းပင်၏ အရာရာတိုင်းက ငေးမောအားကျစရာတွေ ပြည့်နှက် လို့နေသည်။


ဖနွမ်းပင်ရှိ နိုင်ငံခြားခရီးသည်များကို လာရောက်မှုအများဆုံးနေရာတစ်ခုကို တွေ့ရစဉ်
ကမ်းနားလမ်းက တစ်ပတ်သုံးရက် ဖွင့်သည့်ညဈေးတန်းမှာ အ၀တ်အထည်၊ အသုံးအဆောင်ပစ္စည်းနှင့် ဒေသအစားအသောက်မျိုးစုံရောင်း ချနေပြီး ရိုးရာပွဲတော်တစ်ခုအလား စည်ကားလှ၏။ သို့ပေမယ့် ဘာပဲ ၀ယ်ဝယ် ဈေးထက်ဝက်ကျော်လောက် ဆစ်ပြီးဝယ်မှ တော်ကာကျသည်။ ဈေးဆစ်လို့သာ အရိုက်ခံရမည်ဆို လျှင် ခေါင်းကွဲပြီး ၁၆ ချက်လောက် ချုပ်ပြီးမှ ဈေးထဲက ပြန်ထွက်လာရ မည့်သူတွေ နည်းမှာမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူအရပ်နှင့် သူ့ ဇာတ်အဆင်ပြေလို့ပါပဲ။ ဖနွမ်းပင် မြို့ခံတို့၏ သွားလာလှုပ်ရှားမှုတွေ ကလည်း စိတ်ညစ်ညူးစရာတွေ ဘယ်လိုပဲရှိနေနေ ခေတ္တမေ့ပျောက် သွားလောက်အောင်ပင် အပူအပင် ကင်းပြီး အေးချမ်းလှသည်။
Killing field ဟု ထင်ရှားသည့် ပြတိုက်ကို တွေ့မြင်ရစဉ်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ပြုလုပ်သည့် Peace for Journalism workshop က ပဋိပက္ခတွေ ကြားထဲက လာခဲ့သူတွေအဖို့ စိတ်ဝင်စားစရာ တစ်ခုဖြစ်ခဲ့ပြီး သင်တန်းမှာ အကျယ်လောင်ဆုံး ကြားရတာက တော့ ပဋိပက္ခတွေဆီက ဘယ်လိုအဖြေရှာကြမလဲ။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဆီကို အမှန်ကန်ဆုံး ချဉ်းကပ်ကြည့်ပြီး အပေါင်းလက္ခဏာ ဆောင်လာဖို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာမျိုးနှင့် သင်တန်းကာလအတွင်းမှာ ကြားလာရသည့် လက်ရှိ အဖြစ်အပျက်တွေ၊ ပဋိပက္ခတွေကတော့ ဆိုးရွားလှသည်။ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်လာသည့် အခြေအနေနှင့် ကျွန်တော်တို့ တက်ရောက်နေသည့် ငြိမ်းချမ်းရေး သတင်းစာပညာ(Peace Journalism)သို့ ပဋိပက္ခအထူးပြု သတင်းစာ ပညာသင်တန်း(Conflict Sensitive Journalism))ကို စိန်ခေါ်မှုအသစ်အနေနှင့် ဆူဆူညံညံ ဖြစ်လာခဲ့သည်။ “အကြမ်းမဖက်တဲ့ ပဋိပက္ခတွေ အများကြီးရှိတယ်။ နေ့စဉ်သတင်းတွေကြားက ပဋိပက္ခတွေဟာ အကြမ်းမဖက်တဲ့ ပဋိပက္ခတွေပဲ။ ဒါတွေက လူတိုင်းလူတိုင်းအပေါ်မှာ သက်ရောက်နေတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်းတွေက အရမ်းစိုးရိမ်စရာ ကောင်းပါတယ်။ ခုထိလည်း ဒီမိုကရေစီဆီကို သွားတဲ့လမ်းကြောင်းပေါ် မရောက်သေးပါဘူး။ နောက်ကြောင်းပြန် မလှည့်ဘူးဆိုပေမယ့်  နောက်ပြန်လှည့်မယ့် လမ်းကြောင်းကို ဦးတည်နေတယ်” လို့ သင်တန်း၏ ဖီအိုနာလွိုက်က မှတ်ချက်ပြုသည်။ “ဒီလိုပဋိပက္ခတွေကြားမှာ ဘယ်သူက ပျော်နေမလဲဆိုတာ စဉ်းစားကြည့်နိုင်တယ်”လို့လည်း အတွေးစတွေကို ရှည်စေခဲ့သည်။
ဖနွမ်းပင်မြို့၏ ညဘက်မြင်ကွင်းကို တွေ့မြင်ရစဉ်
ဖနွမ်းပင်ခရီးစဉ်အတွင်း လူမျိုးတုန်း သတ်ဖြတ်ခဲ့သည့် နေရာတွေ၊ စစ်ကြောရေး စခန်းတွေစသည့် အနိဌာရုံနေရာအချို့ကို သွားရောက်လေ့လာခဲ့သည်။ ဒီလို အနိဌာရုံနေုရာတွေက ခေါင်းနောက်စရာတွေ ဆိုသော်လည်း လာရောက်သူ ခရီးသွားဧည့်သည်တွေအတွက်တော့ စွဲဆောင်မှုတစ်ခုဖြစ်နေသည်။ “ပိုပေါ့နဲ့ခေါင်းဆောင်ပိုင်း သုံးဦးက ပြင်သစ်တက္ကသိုလ်တက်လာတဲ့ ပညာတက်လူ ငယ်တွေပါ။ဒါပေမယ့် သူတို့အနေနဲ့ ပြင်သစ်တော်လှန်ရေးနဲ့ သမိုင်းကို သင်ကြားခဲ့ရပြီး တော်လှန်ရေးလုပ်ရင် အမြစ်ကနေ လှန်ရမယ်။ ရက်စက်ရမယ် ဆိုတဲ့စိတ်တွေ ကိန်းအောင်းနေခဲ့ကြတာ။ဒါကြောင့် ပညာရေးစနစ်က အရမ်းအရေးကြီးတယ်။ပိုပေါ့ အာဏာရှိနေတဲ့အချိန်မှာ စကားပြော ပျော့ပျောင်းတဲ့ မျက်မှန်တတ်တဲ့သူဆိုရင် ပညာတတ်ဆိုပြီး အားလုံးကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တာပဲ” Centre for Peace and Conflict Studies (CPCS) ၏ ဒါရိုက်တာ အမ်မာရဲ့ ရှင်းလင်းနေတဲ့ အသံတွေက ကြားလိုက်မကြားလိုက် ဆိုပေမယ့် အကျဉ်းထောင် နံရံတွေကနေ ပဲ့တင်ရိုက်နေသည်။
၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုထိ အကျဉ်းသားတစ်သောင်း ကိုးထောင်ကျော် သေဆုံးသည်အထိ စစ်ကြောခဲ့သော၊ ယခုတော့ tour side တစ်ခုအဖြစ် ခရီးသည်တွေကို စွဲဆောင်နေသည့် တူလ်ဆလန် အကျဉ်းထောင်ဟောင်းက တိတ်ဆိတ်နေသော်လည်း ငြိမ်းချမ်းမှုမရှိသလို ခံစားရသည်။ အကျဉ်းထောင်ဟောင်း တူလ်ဆလန်ပြတိုက်မှာတော့ အသက်မသေပဲ ကျန်ခဲ့သည့် အဘိုးနှစ်ဦးကို တွေ့ခဲ့ရပြီး သူတို့ကြုံတွေ့ ဖြတ်သန်းခဲ့ရသော အတိတ်ကမ္ဘာက အဖြစ်ဆိုးတွေ၊ မှတ်တမ်းတွေ အကြောင်း ရေးထားသည့် စာအုပ်တွေကို ကိုယ်တိုင်ရောင်းချနေသည်။ ပြတိုက်အတွင်း ချိတ်ဆွဲထားသည့် ညှင်းပန်းနှိပ်စက်ပုံ များရေးဆွဲထားသည့် ပန်းချီကားတွေက ယင်းအကျဉ်းစခန်းအတွင်း နေထိုင်ခဲ့ရသည့်နှစ်တွေအတွင်း အသက်ရှင်သန်ခဲ့သူတစ်ဦး၏ လက်ရာတွေဖြစ်သလို ပြတိုက်အတွင်း ညှင်းပန်းနှိပ်စက်မှုများကို ယင်းအချိန်ကတည်းက စနစ်တကျမှတ်တမ်း တင်ထားသည့် အချက်အလက်တွေက အံ့သြစရာကောင်းလှသည်။သို့သော်လည်း လူမဆန်စွာပြုလုပ်ခဲ့သည့် တရားခံလေးဦးအား နိုင်ငံတကာ ခုံရုံတင် တရားစွဲဆိုသည့် စရိတ် သန်း ၁၆၀ ကျော်ကုန်ကျခဲ့မှုကိုတော့ ပန်းချီဆရာမသေဆုံးခင်က”နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ လိုအပ်မှုတွေ အများကြီးရှိနေတယ်။ လူပေါင်းများစွာအတွက် အကျိုးရှိမယ့်နေရာတွေမှာ အသုံးမပြုပဲ လူလေးဦးအတွက် သန်းပေါင်းရာချီ အကုန်အကျခံ လုပ်နေတာက တရားမျှတမှု ရှိသလားဆိုတာပဲ”လို့ မေးခွန်းထုတ်သွားခဲ့သည်။ ပန်းချီဆရာမှာ အကျဉ်းထောင် အတွင်း တမံတလင်းပေါ်တွင် အိပ်စက်ရမှုကြောင့် ကြောရိုးတီဘီရောဂါဖြင့် ၂၀၀၉ တွင် သေဆုံးခဲ့သည်။
မဲခေါင်မြစ်အတွင်း အပျော်စီးသင်္ဘောတစ်စင်းကို တွေ့မြင်ရစဉ်
နောက်ထပ်သွားဖြစ်သည့် အနိဌာရုံနေရာ တစ်ခုကတော့ CHOEUNG EK GENOCIDAL CENTER ဆိုတဲ့ လူသတ်ကွင်း (Killing field)...သေနတ်ကျည်ဆံဈေးကြီးလို့ ကလေးငယ်တွေကို သစ်ပင်နှင့် ရိုက်နှက်သတ်ဖြတ်ခဲ့တာမျိုးနှင့် လူသတ်ဖို့ လယ်ယာသုံးပစ္စည်းတွေပဲ အသုံးပြုခဲ့သည့် နေရာ ...၊ Killing field ရောက်တဲ့အချိန်က မိုးတွေရွာနေပြီး တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကမ္ဘာလှည့်ခရီးသည်တွေ တစ်ယောက်ချင်းစီအလိုက်၊အုပ်စုလိုက် Killing field ရဲ့ နေရာအနှံ့မှာ လမ်းညွှန် recorder ကိုယ်စီနဲ့ လေ့လာနေတာကြသည်က သက်ဝင်လှုပ်ရှားနေသလိုပါပဲ။ကားပေါ်ကဆင်း ဂိတ်ပေါက်ကနေ ၀င်ဝင်ချင်း ထီးထီးမြင်ရသည့် အထိမ်းအမှတ်ဗိမ္မာန်ထဲက မှန်နံရံတွေအတွင်းမှာ သေဆုံးခဲ့သူတွေရဲ့ ဦးခေါင်းခွံတွေ၊ အရိုးစုတွေနှင့် အသုံးအဆောင် အ၀တ်အစားတွေ ထိန်းသိမ်းပြသထားပြီး Killing field ဧရိယာထဲမှာ တစ်နာရီနီးပါးလောက် လမ်းညွှန် recorder ရဲ့ ခေါ်ဆောင်ရာမှာ မျောပါနေခဲ့သည်။ Killing field ရဲ့ အတိတ်ပုံရိပ် အနိဌာရုံတွေက အတွေးအာရုံကြောမှာ တဖျက်ဖျက် ပေါ်လွင်နေသလို..။ ခံစားချက် အရောင်တွေကတော့ အမှောင်အတိ...။ လူသားမဆန်တဲ့ လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ နေရာတွေက အတိတ်တွေဟာ ချောက်ချားစရာကောင်းတဲ့ အငွေ့အသက်တွေ ပျောက်ကွယ်လို့ မသွားသေးတာကို ခံစားကြရသည်။ အတိတ်ကမ္ဘာရဲ့ နာကျဉ်းမှုတွေကြားက ရုန်းထွက်နိုင်ခဲ့ပေမယ့် မြင်ကွင်းထဲမှာ တွေ့နေရတဲ့ Killing Tree နဲ့ Magic Tree တွေက မိုးစက်တွေကြားမှာ ရှင်သန်နေဆဲ။ပြည်ပခရီးသွားတွေ လမ်းလျှောက် လေ့လာနေတဲ့ သစ်ပင်ငယ်တွေဟာ သတ်ဖြတ်ခံခဲ့ရတဲ့သူတွေရဲ့ မြေသြဇာတွေနဲ့ ရှင်သန်နေတာလား။ ဖနွမ်းပင်က ဒီနေရာဟာ လူပေါင်းနှစ်သောင်းနီးပါး သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းနှင့် သမိုင်းသက်သေတွေက ခရီးသွား ဧည့်သည်တွေကို အံ့သြတုန်လှုပ်မှုတွေနှင့် စွဲဆောင်နေတာလား။ ကမ္ဘောဒီးယားတစ်နိုင်ငံလုံးက အခုလို Killing field ပေါင်း ၃၀၀ လောက်နဲ့ ၁၉၇၅ ခုမှ ၁၉၇၉ အထိ လူ ၂ သန်းလောက် အဖြစ်အပျက်ဆိုးတွေကြားမှာ သတ်ဖြတ်ခံရပြီး သေကြေ ပျက်စီးကြရတာကလည်း ကမ္ဘောဒီးယားကို ကမ္ဘာကျော်စေခဲ့တာလား။ Killing field အပြန်မှာတော့ လားပေါင်းများစွာ ဦးနှောက်တစ်ခုလုံး နောက်ကြည့်လို့ ....။
“အဖေ့ဘက်က အမျိုးတွေအားလုံး သတ်ခံရတယ်။ မောင်နှမ (၈) ယောက် အသတ်ခံရပြီး (၄) ယောက်ပဲ ကျန်တယ်။ အဲဒီအချိန်မှာ တော်တော်လေး တုန်လှုပ်ခဲ့ရတယ်။ စပါးစိုက်ဖို့ မျိုးစေ့ တစ်ကီလိုပဲ ကျန်တော့တဲ့ အခြေအနေကနေ ပြန်စခဲ့ရတာ။ လူတိုင်းလူတိုင်းက စားစရာ သောက်စရာ ဘာမှမရှိဘဲ ကိုယ်ပေါ်မှာဝတ်ထားတဲ့ အကျီတစ်ထည်ပဲ ရှိတော့တယ်။ ၁၉၇၀ လောက်မှာ အသက်ရှင်နေထိုင်ဖို့ တော်တော်ခက်တယ်။ မနက်ဖြန်တိုင်းမှာ ဘယ်လိုအသက်ရှင် နေထိုင်ရမလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဗုံးကျဲလို့ ထွက်ပြေးနေရတဲ့ အကြိမ်ပေါင်း မနည်းဘူး။ ဘယ်အချိန် ခေါင်းပေါ်ကို ဗုံးကျလာမလဲဆိုပြီး စိုးရိမ်နေကြရတာ။ တရားမျှတမှု မရှိပဲ အကြောက်တရားတွေ၊ ကိုယ်ကိုယ်တိုင် ယုံကြည်မှုမရှိတာတွေနဲ့ သံသရာလည်နေပြီး အမြဲတမ်း ကြောက်နေရတဲ့ အခြေအနေမှာပဲ ရှင်သန်ဖို့ ကြိုးစားခဲ့ကြရတယ်။ အသက်မသေဘဲ ကျန်ခဲ့တာ တော်တော်ထူးဆန်းပြီး ကံကောင်းခဲ့ကို ခုချိန်ထိလည်း မယုံကြည်နိုင်ဘူး” ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတဲ့  Khmer Ahilnasa အဖွဲ့အစည်းရဲ့ ဒါရိုက်တာ Mrs. Huot-thavory ၏ အတွေ့အကြုံတွေကို သက်မချရင်း နားထောင်ခဲ့ရသည်။
“၁၉၉၁ ခုမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်နေတုန်းပါပဲ။ နေရာတိုင်းရဲ့ သုညအခြေအနေနဲ့ ၁၉၉၃ ခုမှာတော့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီမှု၊ ထိန်းချုပ်မှုအောက်မှာ ရောဂါဖြစ်ပွားမှုတွေက မြင့်တက်လာခဲ့တယ်။ ဒါပေမယ့် မသေဘဲ ကျန်ခဲ့တဲ့ ဆရာဝန်အချို့၊ ကျောင်းဆရာအချို့နဲ့ ကဏ္ဍပေါင်းစုံကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ရတယ်။ ပညာတက်ရင် အသတ်ခံခဲ့ရတာမို့ တောရွာတွေမှာ ကျောင်းဆရာမရှိဘူး။ ကျောင်းဆရာရှိပေမယ့်လည်း ကျောင်းသား မရှိဘူး။ ၁၉၇၂ ခုနှစ်မှာ ကျောင်းသားအားလုံး အသတ်ခံခဲ့ရတာလေ။ ခုချိန်မှာတော့ အဲလိုသတ်ဖြတ်ခဲ့တဲ့သူတွေက နေရာအတည်တကျ မနေရဲဘူး။ တောခြုံအုံကြားတွေမှာ ပြောင်းရွှေ့နေထိုင်ပြီး လူတွေကြားမှာ သွားရဲလာရဲ မရှိကြတော့ဘူး”ဟု Mrs. Huotthavory က ရုန်းထလာခဲ့ရသည့် အခြေအနေကို ပြောပြခဲ့သည်။
“ကမ္ဘောဒီးယား ပြည်သူ့ပါတီက အာဏာရယူထားတာ ၂၅ နှစ်လောက် ရှိပြီ။ ဒီမိုကရေစီအရမ်းကျတဲ့ နိုင်ငံလို့ မပြောနိုင်ပါဘူး။ မီဒီယာ ၇၀ ရာခိုင်နှုန်းလောက်က လက်ရှိအစိုးရကို ထောက်ခံ ရေးသားကြတယ်။ လူဦးရေ ၁၄ သန်းရှိပြီး ၈၅ ရာခိုင်နှုန်းက တောရွာတွေမှာပါ။ သူတို့အနေနဲ့ တွင်းထွက်တွေပေါ်မှာ မှီခိုအားထားနေရတာ”ဆိုသည့် လက်ရှိနိုင်ငံတွင်း အခြေအနေအပေါ်ကို The Alliance for Conflict Transformation (ACT) က အမှုဆောင်ဒါရိုက်တာ Meas sokeo ၏ သုံးသပ်ချက်က စိတ်ဝင်စားစရာ ကောင်းလှသည်။
Peace for Journalism Workshop ရဲ့ တပတ်တာအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံ သမိုင်းနောက်ခံနှင့် လက်ရှိ ပကတိအခြေအနေတွေကို နှိုင်းယှဉ်တော့ မိုးနှင့်မြေ ကွာခြားနေပါပြီ။ ဆယ်စုနှစ်နှစ်ခုကြာ တည်ဆောက် လာတဲ့ အပြောင်းအလဲများက ခမာလူမျိုးတွေအဖို့ အိပ်မက်ပမာလိုပင်။ သို့သော်လည်း မျှတပြီး လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ရှုမြင်ဖို့ ခက်ခဲနေဆဲဆိုတာကို Meas sokeo ရဲ့ သုံးသပ်ချက်မှာ တွေ့ခဲ့ရသည်။ ထို့အတူပဲ နိုင်ငံတွင်း ကဏ္ဍပေါင်းစုံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် များပြားလွန်းလှသည့် NGO အဖွဲ့အစည်းပေါင်းစုံ၏ လုပ်ဆောင်နေမှုများမှ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲလျက် ....။ ဘယ်လိုပဲဖြစ်ဖြစ် နှစ် ၂၀ လောက် တည်ဆောက်ပြီး ရုန်းထလာသည့် ဖနွမ်းပင်ကတော့ အားမာန်တွေအပြည့် ...။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis