menu

Wednesday 27 June 2012

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည့် ကမ္ဘာကျော် အဆိုတော်ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲအား ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်




မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည့် ကမ္ဘာကျော် အဆိုတော် ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲအား ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ရန် စီစဉ် ထားသည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲကို Forever BECTERO မှ စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး Alpine သောက်ရေသန့်မှ ပံ့ပိုးတင်ဆက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
အဆိုပါဖျော်ဖြေပွဲနှင့် ပတ်သက်၍မီဒီယာများသို့ ရှင်းလင်း တင်ပြခြင်းအစီအစဉ်ကို ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ပထမဦးစွာ ကမ္ဘာကျော်အဆိုတော် ENGELBERT  HUMPERDINCK ၏မြန်မာနိုင်ငံ တွင်ပထမဆုံးအကြိမ်ဖျော်ဖြေမည့်အစီ အစဉ်နှင့်ပတ်သက်၍ Forever ကုမ္ပဏီလီမိတက်မှ ဦးကျော်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ထိုင်းနိုင်ငံအခြေစိုက် BEC-TERO Entertainment မှ ဆောင်ရွက်ခဲ့ပြီးဖြစ် သည့် ဖျော်ဖြေရေး အစီအစဉ်များနှင့် ကမ္ဘာကျော်အဆိုတော်ကြီး၏ ဖျော်ဖြေပွဲ ကျင်းပဖြစ်ပုံတို့ကို BECTERO Entertainment မှ တာဝန်ရှိသူတစ်ဦး ကရှင်းပြခဲ့သည်။ ထို့နောက် ပွဲကျင်းပရန်အတွက် ပံ့ပိုးကူညီဖြစ်ပုံကို လွယ်ဟိန်းကုမ္ပဏီလီမိတက်မှ ဒေါက်တာ စိုင်းဆမ်ထွန်းက ''ဒီပွဲကို ပံ့ပိုးပေးရတဲ့ ရည်ရွယ်ချက်က ငွေကြေးတွေ အများကြီးရလိုလို့လား၊ နာမည်ကျော်ကြားလိုလို့လားဆိုတော့ မဟုတ်ပါဘူး။ ဒီပွဲကို ကျင်းပနိုင်ခြင်းအားဖြင့်တော့ နိုင်ငံရေး ရှုထောင့်ကပဲကြည့်ကြည့် အ ကျိုးအမြတ်ရှိတယ်လို့ ဆိုရမှာပါ။ အရင်တုန်းကတော့ ဒီလိုအခြေအနေမျိုး ပြုလုပ်နိုင်ခြင်းမရှိခဲ့တာ အားလုံးအသိပါပဲ။ နိုင်ငံရဲ့ အနေအထားအရလည်း ပွင့်လင်းမြင်သာလာသလို မီဒီယာတွေမှာလည်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ ဆင်ဆာမရှိဘဲ တင်ပြနိုင်ခွင့် စတင်ရရှိလာတယ်လို့ ဆိုရမှာပါ။ အဲဒီလို အခြေအနေကို အခွင့်ကောင်းယူပြီး နိုင်ငံတကာပွဲကို လုပ်နိုင်ခြင်းအားဖြင့် နိုင်ငံရေးအရ တိုက်ရိုက် အကျိုးအမြတ်မရသော်လည်းပဲ သွယ်ဝိုက်သောနည်းနဲ့ အကျိုးအမြတ်ရတယ် လို့ ဆိုရမှာပါ။ အရင်လို မျိုသိပ်ပြီးနေရတဲ့အစား ကျွန်တော်တို့က ပွင့်လင်းမြင်သာလာတယ်၊ ခံစားခွင့်ရှိလာတယ်ဆိုတာကို ပြသခြင်းအားဖြင့် နိုင်ငံရေး အကျိုးအမြတ်ရှိတယ်လို့ ယူဆပြီး ဒီပွဲကို စပွန်ဆာပေးဖြစ်တာပါ။ ကျွန်တော့်ရဲ့ personal  ခံစားချက်နဲ့ ပြောရမယ်ဆိုရင်တော့ ဒီအဆိုတော်ကြီးက အသက် ၇၀ ကျော် ၇၅ နှစ်လောက် ရှိနေပါပြီ။ ဒီအသက်အရွယ်နဲ့ သူဆိုတဲ့သီချင်းသံကို ကျွန်တော်တို့ကြားရတာက ကျွန်တော်တို့အတွက် အင်အားတွေ ရစေပါတယ်။ ဒီလိုနိုင်ငံတကာ အနုပညာတင်ဆက်မှုကို မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပနိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ ဒီလောက်နဲ့တော့ ရပ်သွားမှာ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို နိုင်ငံတကာ အနုပညာပွဲတွေ ကိုလည်း ဆက်လက်ပြုလုပ်သွားမှာပါ''ဟု ပွဲတွင်ပံ့ပိုးဖြစ်ပုံနှင့်ပတ်သက်၍ ဆက်လက် ရှင်းလင်းတင်ပြသွားခဲ့သည်။ တက်ရောက်လာသည့် အနုပညာရှင်များကိုယ်စား တေးရေးမြင့်မိုးအောင်ကလည်း ၀မ်းမြောက်စကား ပြောကြားပေးခဲ့သည်။

ကမ္ဘာကျော်အဆိုတော် ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ၎င်း၏ထင်ရှားခဲ့သည့် တေးသီချင်းပေါင်းများစွာဖြင့် သီဆိုဖျော်ဖြေ ရန် စီစဉ်ထားသည်ဟု သိရှိရသည်။ လက်မှတ်နှုန်းထားများကို ငွေကျပ်တစ်သိန်းခွဲ၊ ငွေကျပ်တစ်သိန်းနှင့် ငွေကျပ်ခုနစ်သောင်းတို့ အသီးသီးသတ်မှတ်ထားပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ည ၇နာရီခွဲတွင် စတင်ဖျော်ဖြေ မည်ဖြစ်ကာ တိုက်ရိုက်ကြည့်ရှုနိုင် ရန်သာ သီးသန့်တင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်းများမှ ပြန်လည်ထုတ်လွှင့်သွားမည်မဟုတ်ဟု သိရှိရသည်။ ကမ္ဘာကျော် အဆိုတော်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကာ မီဒီယာများ နှင့် တိုက်ရိုက်တွေ့ဆုံသွားရန်လည်း စီစဉ်ထားသည်ဟု သိရှိရသည်။
ကမ္ဘာကျော်အဆိုတော် ENGELBERT HUMPERDINCK သည် ဂီတသက်တမ်းနှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့သည့် ၀ါရင့် အဆိုတော်ကြီးတစ်ဦးဖြစ်ပြီး ၎င်းသီဆိုခဲ့သည့် သီချင်းများအနက် Grammy nominations လေး ကြိမ်တိုင် ရရှိပြီးဖြစ်သည်ဟု သိရှိရသည်။ 'Entertainer of the Year(1988)' အဖြစ်ရွှေကမ္ဘာလုံးဆု ကိုရရှိခဲ့ပြီးဖြစ်ကာ ဟောလိဝုဒ်အောင်မြင်မှုလျောက်လမ်းပေါ်တွင် ကြယ်တစ်ပွင့်အဖြစ်ရေးထိုးခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်း၏ နောက်ဆုံးထွက်ရှိထားသည့် 'Love Will set You Free' အယ်လ်ဘမ်သည်လည်း ယခုနှစ်အစောပိုင်းအတွင်း ထိပ်ဆုံးတေးအယ်လ်ဘမ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်ဟု သိရှိရသည်။ ထင်ရှားခဲ့သည့် တေးသီချင်းအချို့မှာ 'Quando,Quando,Quando' ၊  'Release Me' နှင့် 'The Last Waltz' တို့ဖြစ်သည်ဟု သိရှိရသည်။ ၎င်း၏ အောင်မြင်ခဲ့သည့် တေးသီချင်းအချို့ကို ကော်ပီတေးသီချင်းအဖြစ် မြန်မာတေးသံရှင်များက သီဆိုခဲ့ခြင်းများလည်းရှိသည်ဟု သိရသည်။

ပထမဆုံးအကြိမ်ပြုလုပ်မည့် ကမ္ဘာကျော်အဆိုတော် ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲအပေါ် ၀ါရင့်အနုပညာရှင်အချို့၏ အမြင်များ
ကိုရဲလွင်
ကျွန်တော်တို့ခေတ်တုန်းက ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး တစ်ယောက်ပေါ့။ အခုအသက်အရွယ်တွေလည်း ရလာတဲ့အချိန်ဆိုတော့ သူ့ကိုသိပေမယ့် သူ့သီချင်းတွေကို ပြန်စဉ်းစားကြည့်တာ နည်းနည်းဝေေ၀၀ါးဝါးတော့ ဖြစ်နေတယ်။ အခုလို နိုင်ငံတကာပွဲမျိုးကို လုပ်နိုင်တာက ၀မ်းသာစရာ ကောင်းပါတယ်။ ဒါက နိုင်ငံရေး အပြောင်းအလဲတစ်ခုလို့လည်း မြင်လို့ရမယ်ထင်တယ်။
ခင်မောင်တိုး ကျွန်တော်တို့ အရမ်းကြိုက်ခဲ့ရတဲ့၊ နားထောင်ခဲ့ရတဲ့ အဆိုတော်ကြီးတစ်ယောက်ပါ။ အဲဒီလိုသူတစ်ယောက်က မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေမယ်ဆိုတော့ ၀မ်းသာစရာ ကောင်းပါတယ်။ ဒါကဖြစ်သင့်ဖြစ်ထိုက်တဲ့ ပွဲတစ်ခုလို့လည်း မြင်ပါတယ်။
တူးတူး
ကျွန်တော်တို့ ငယ်စဉ်က အစ်ကိုတွေ နားထောင်နေကြရင်းနဲ့ကို နားရည်ဝပြီးကြိုက်ခဲ့ရတဲ့ အဆိုတော်ကြီး တစ်ယောက်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း သူ့သီချင်းတစ်ပုဒ်ကို ကော်ပီလုပ်ပြီး ပြန်ဆိုခဲ့ဖူးတယ်။ ကိုယ်လေးစားရတဲ့ ကြည့်ခွင့်ရဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ဒီလိုပွဲမျိုးကို မြန်မာနိုင်ငံမှာ လုပ်မယ်ဆိုတဲ့အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးလို့ မြင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်အောင်သွားကြည့်မယ်လို့ စိတ်ကူးထားတယ်။
သျီ
ငယ်ငယ်ကတည်းကလည်း သူ့ရဲ့သီချင်းတွေကို ကြားခဲ့ဖူးတယ်။ အခုနောက်ပိုင်းလည်း လူငယ်တွေ ပြန်ဆိုနေကြတယ်ပေါ့နော်။ အခု သူ့ရဲ့ဂီတ သက်တမ်းနှစ်လေးဆယ်လို့ဆိုတဲ့အတွက် အရမ်းအံ့သြသွားတယ်။ နှစ်ပေါင်းလေးဆယ်ဖြတ်သန်းခဲ့တဲ့ ဒီသီချင်းတွေက အခုချိန်မှာ ဖွင့်ပြမယ်ဆိုလည်း အားလုံးက လက်ခံကြမှာပဲလေ။ ဒီလိုမျိုးပွင့်လင်းလာတဲ့ ခေတ်မှာ ဒီလိုပွဲမျိုးကြည့်ခွင့်ရမယ်ဆိုတဲ့အတွက် အရမ်းလည်း ၀မ်းသာပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis