menu

Wednesday 27 June 2012

နိုင်ငံတကာပြိုင်ပွဲတွေအထိ ခြေလှမ်းနိုင်ဖို့ ပြိုင်ပွဲပုံစံ ပြောင်းလဲကျင်းပခဲ့တဲ့ မစ္စတာခရတ်ရှာနဲ့ မစ္စကွင့်ခ်ျပြိုင်ပွဲ


မစ္စကွင်းစ်ရွေးချယ်ပွဲမှ ပြိုင်ပွဲဝင်တစ်ဦးရဲ့ ယှဉ်ပြိုင်ဟန်။
ဓာတ်ပုံ - ဘူးသီး
အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မစ္စတာ ခရတ်ရှာ နဲ့ မစ္စကွင့်ခ်ျ (Model Physique & Fitness Physique Contest) ပြိုင်ပွဲ ကို မြန်မာနိုင်ငံကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ဦးစီးပြီး ဇွန်လ ၂၃ ရက် နေ့က အမ်စီစီခန်းမမှာ ကျင်းပခဲ့ရာ မစ္စကွင့်ခ်ျတွေဟာ ယခင်နှစ်တွေနဲ့မတူတော့တဲ့ ပြောင်းလဲလိုက်တဲ့ ပြိုင်ပွဲဝတ်စုံ ကိုဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အရင်နှစ်တုန်းက ထဘီနဲ့ ရင်ဖုံးအင်္ကျီ ၀တ်ဆင်ပြီး ဆင်မယဉ်သာ ကိုယ်ဟန်ပြ ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဒီနှစ်ပွဲမှာတော့ အမျိုးသမီးလေးတွေဟာ အားကစား ၀တ်စုံဘောင်းဘီ အကျပ်၊အတိုနဲ့ အင်္ကျီ လက်ပြတ်တွေကိုဝတ်ဆင်ပြီး ကိုယ်လက် ကြံ့ခိုင်တောင့်တင်းမှုကို အသားပေးကာ လက်မောင်ကြွက်သားတွေကို ညှစ်ထုတ်ပြတဲ့ပြကွက်မျိုးတွေ ပြသခဲ့ကာ ပုံစံဟောင်းနဲ့ ခြားနားစွာ ကျန်းမာပြီး လှပတဲ့သွင်ပြင်နဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲမှာ မစ္စကွင့်ခ်ျဆုရခဲ့တဲ့ မ၀တ်ရည်ဖြိုးက ဘယ်လိုဝတ်စုံမျိုး နဲ့ပဲပြိုင်ပြိုင် လေ့ကျင့်မှုက အဓိကပါပဲလို့ ဆိုပါတယ်။
"ဒီလိုပြိုင်ပွဲမျိုးက အခုချက်ချင်းထပြီး ၀င်ပြိုင်လို့ ရတာမျိုးမဟုတ်တော့ ဒီလို အားကစားဝတ်စုံ အတိုအကျပ်ပုံစံနဲ့ ပြိုင်တဲ့အခါ ကိုယ်ဘယ် လောက်ကြိုးစား ထားလဲဆိုတာကို ပိုပြီးပြသနိုင်တယ်လို့ ထင်တယ်။ ပြိုင်ရတာ လွတ်လပ်တယ်လို့လည်း ခံစားရတယ်။ ဒါပေမယ့် မြန်မာ ၀တ်စုံလေးနဲ့ ပြိုင်ရတာကိုလည်း သဘောကျတယ်"လို့ သူကဆိုပါတယ်။
ဒုတိယဆုနဲ့ တတိယဆုကို မအေးအေးစိုးနဲ့ မသက်မွန်တို့က ရရှိသွားကြပြီး ပြိုင်ပွဲမှာ နောက်ဆုံးဆန်ခါတင်ရွေးချယ်ခံရတဲ့ အမျိုးသမီးငါးဦးထဲမှ နှစ်ဦးကို ပြန်လည်ရွေးချယ်ပြီး တရုတ်နိုင်ငံ ကွမ်ဂျူးမြို့မှာ စက်တင်ဘာလမှာ ကျင်းပမယ့် Physique & Fitness Sport ပြိုင်ပွဲမှာ သွားရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှမြင့်ဆွေက ဒီနှစ် ပြိုင်ပွဲပုံစံဟာ ကမ္ဘာမှာ ကျင့်သုံးနေတဲ့ပုံစံ မျိုးဖြစ်ပြီး အရင်ကပွဲတွေလိုမျိုး ရင်၊ တင်၊ ခါးအတိုင်းအတာတွေထက် ကာယကြံ့ ခိုင်မှုအပေါ်မှာပဲ ယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲဖြစ်တယ်လို့ ပြိုင်ပွဲ အပြီးမှာ မြန်မာတိုင်း(မ်) ကို ပြောပါတယ်။
"အရင်တုန်းကတော့ ယဉ်ကျေးမှုအရ ထဘီနဲ့ ရင်ဖုံးနဲ့ ပြိုင်ကြတာပေါ့။ ဒါပေမယ့် အဲဒီလိုပြိုင်တာက နိုင်ငံတကာ ပြိုင်ပွဲတွေထိလည်း မရောက်နိုင်တော့ တဖြည်းဖြည်းနဲ့ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ဝင်စားမှုနည်းလာတယ်။ ၀င်ပြိုင်တဲ့သူ လေးငါးယောက်ထဲကပဲ ရွေးပြီးပေးရ တာဆိုတော့ ကျွန်တော်တို့ဘက်ကလည်း မယ်မြန်မာ title ဆုကို ပေးရတာ တစ်မျိုးကြီးဖြစ်နေတယ်"လို့ဆိုပါတယ်။
သူက လက်ရှိမှာ ပြိုင်ပွဲဝတ်စုံကို ပြောင်းလဲခါစ အများမျက်စိအမြင်နဲ့ ရင်းနှီးမှုမရှိသေးခင်မှာ ခါးထိရှည်တဲ့ အင်္ကျီကို အသုံးပြုခိုင်းထား တယ်လို့လည်း ပြောပါတယ်။
"နောက်ပိုင်းမှာတော့ ဒီထက် ကာယ ကြံ့ခိုင်မှုပေါ်လွင်တဲ့ အ၀တ်အစားမျိုး ဖြစ်လာမှာပါ။ ဒါမှ အမျိုးသမီးတွေကလည်း နိုင်ငံတကာကို တက်လှမ်းဖို့ အခွင့်အလမ်းရှိလာမယ်" လို့ ဦးလှမြင့်ဆွေက ပြောပါတယ်။
မစ္စတာခရတ်ရှာပြိုင်ပွဲမှာ ပထမဆုကို ဦးပြား၊ ဒုတိယဆုကို ဦးစောသိန်းအောင်၊ တတိယဆုကိုတော့ ဦးသင်းဝင်းတို့က ရရှိခဲ့ကြပြီး အကောင်းဆုံးဆုတစ်ဆုသာ ချီးမြှင့်တဲ့ ၂၀၁၂ ကာယဗလမောင်ဖိတ် ခေါ်ပြိုင်ပွဲကိုလည်း ဒီနှစ်မှာ ထည့်သွင်း ကျင်းပခဲ့ပါတယ်။
အဲဒီဆုကိုတော့ ရန်ကုန်တိုင်းဒေသကြီးမှ စိုးမိုးအောင် က ဆွတ်ခူးသွားခဲ့ပါတယ်။
"၂၀၁၃ ခုနှစ် မြန်မာပြည်မှာ ကျင်းပမယ့် SEA Games အတွက် ကာယဗလ ပြိုင်ပွဲကို ထည့်ထားတယ်။ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ကျွန်တော်တို့ စခန်းသွင်းထားတဲ့ လက်ရွေးစင်တွေအပြင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ ရွက်ပုန်းသီးတွေ၊ အားကစားသမား တွေ ပေါ်ထွန်းလို ပေါ်ထွန်းငြားဆိုပြီး ဒီပြိုင် ပွဲကိုလုပ်ဖြစ်တာပါ"လို့ ပွဲအသစ်ထည့် ကျင်းပရတဲ့ရည်ရွယ်ချက်ကို ဦးလှမြင့်ဆွေက ပြောပြပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis