menu

Wednesday 6 June 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ မလိုလားအပ်သော၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအသွင် မဖြစ်ပေါ်စေရေးအတွက် နယ်ပယ်အသီးသီးမှ ထင်ရှားသူများ မေတ္တာရပ်ခံ

သမိုင်းဆိုတာ မအအောင် သင်ထားတဲ့ဟာပါ။ သမိုင်းမှာပြန်ကြည့်ရင် ကုလားဗမာ၊ တရုတ်ဗမာ အရေးအခင်းတွေကို ကိုလိုနီခေတ်ကစပြီး ဘယ်သူ တွေက ဖန်တီးခဲ့ကြတာလဲ။ အခုလည်း ဒီလိုလူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံကို သွားနေတာကို နောက်ပြန်လှည့်စေနိုင်တဲ့ဟာတွေ အားလုံး ကို ဘယ်သူတွေ ဖန်တီးနေကြတာလဲ


5101
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ကြသူများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအသွင် မဖြစ်ပေါ်စေရေးအတွက် နယ်ပယ်အသီးသီးမှ ထင်ရှားသူများက မေတ္တာရပ်ခံခဲ့ပါသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရခိုင် ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီ မော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ ရခိုင်လူမျိုး မသီတာထွေးအား ကျောက်နီမော်ကျေးရွာမှ အစ္စလာမ်  ဘာသာဝင်သုံးဦးဖြစ်သော ထက် ထက်(ခ)ရော်ရှီး၊ ရော်ဖီးနှင့် ခိုချီးတို့ သုံးဦးက အဓမ္မပြုကျင့်ပြီး ပစ္စည်း များလုယူကာ သတ်ဖြတ်ခဲ့သည့်ဖြစ်  စဉ်တစ်ခုဖြစ်ပွားခဲ့ရာ
ကျောက်နီမော် ကျေးရွာမှ ရခိုင်လူမျိုး ၁၀၀ ခန့်သည် ကျောက်နီမော်ရဲစခန်းသို့ ရောက်ရှိလာပြီး ပြစ်မှု ကျူးလွန်သူ သုံးဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ရာ တာဝန်ရှိသူများက ကျောက်ဖြူ ထောင်သို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ရှင်းပြခဲ့ရာ၌ မကျေနပ်သဖြင့် ရဲ စခန်းအတွင်း ၀င်ရောက်ရန်ကြိုးစား ၍ သေနတ်ငါးချက်ခြောက်လှန့်ပစ် ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း၊ ယင်း နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကျောက်နီမော်ကျေးရွာမှ ရခိုင်လူမျိုး ၁၀၀ ခန့်သည် ရမ်းဗြဲမြို့သို့ သွား ရောက်ခဲ့ကြောင်း ခရိုင်/ မြို့ နယ်အဆင့် တာဝန်ရှိသူများက ရှင်းလင်းခဲ့သဖြင့် ညနေ ၅ နာရီ မိနစ် ၄၀ တွင် ကျောက် နီမော်သို့ ပြန်သွားခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီး နောက် ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် တောင် ကုတ်မြို့တွင် သံတွဲမြို့မှရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာမှန် လုံယာဉ်၌ လိုက်ပါလာသောအစ္စလာမ် ဘာသာဝင်များအား သံတွဲ-တောင် ကုတ်လမ်းဆုံတွင် လူ ၃၀၀ ခန့်က ပိတ်ဆို့ကာ ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ်၌ လိုက်ပါလာသော အစ္စလာမ်ဘာသာဝင်များအား ဆွဲချရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ယာဉ်ပေါ် ၌လိုက်ပါလာသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦး သေဆုံးသွားခဲ့ကြောင်း တောင်တွင်းကြီးမြို့မှ ခြောက်ဦး၊ မြောင်းမြမြို့မှနှစ်ဦးနှင့် သံတွဲမြို့မှ နှစ်ဦးဖြစ်ကြောင်း အစိုးရသတင်းစာ က ဖော်ပြသည်။

သမိုင်းဆိုတာ မအအောင် သင်ထားတဲ့ဟာပါ။ သမိုင်းမှာပြန်ကြည့်ရင် ကုလားဗမာ၊ တရုတ်ဗမာ အရေးအခင်းတွေကို ကိုလိုနီခေတ်ကစပြီး ဘယ်သူ တွေက ဖန်တီးခဲ့ကြတာလဲ။ အခုလည်း ဒီလိုလူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံကို သွားနေတာကို နောက်ပြန်လှည့်စေနိုင်တဲ့ဟာတွေ အားလုံး ကို ဘယ်သူတွေ ဖန်တီးနေကြတာလဲ
ယင်းနေ့(ဇွန်လ ၃ ရက်) ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌  စက်ရုံ စုဈေး ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးသူ ဦး အောင်သန်းဝေ ပျောက်ဆုံးရာမှ အဓိ ကရုဏ်းတစ်ရပ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဦးအောင်သန်းဝေသည် စစ်တွေ မြို့ရှိ စက်ရုံစုဈေး (ယခင်အခေါ် နာဇီ ဈေး)တွင် ကောက်ခံသည့် အခွန် ကောက်ခံမှုနှုန်း များပြားမှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံစု ဈေးသည် ဇွန်လ ၂ ရက်နေ့တွင် ပုဂ္ဂလိကသို့ လေလံဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့သောဈေးဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင်စက်ရုံစုဈေး၌ ဈေးကောက် ကောက်ခံမှုနှင့် ပတ်သက်သည့် ပြဿနာတစ်ခုကို ဦးအောင်သန်းဝေက ဖြေရှင်းပေးခဲ့ကြောင်း၊ ညနေပိုင်းတွင် ဦးအောင်သန်းဝေရှိနေသည့် လက်ဖက်ရည်ဆိုင်သို့ လေလံလုပ်ခွင့် ရထားသော အဖွဲ့မှလူအချို့ လာရောက်ပြီး ရန်လိုသည့်အပြုအမူများ ပြုခဲ့ကြကြောင်း ထို့နောက်၎င်းအနေဖြင့် ညီဖြစ်သူ နေအိမ်သို့ ခေတ္တတိမ်းရှောင်နေခဲ့ကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက် အရ သိရသည်။
ဇွန်လ ၃ ရက် ည ၇ နာရီခွဲတွင် ဦးအောင်သန်းဝေ၏ ဇနီးဖြစ်သူ ဒေါ်အောင်သန်းမြ အပါအ၀င် အမျိုးသမီး (၁၀)ဦးအမှတ်(၁)ရဲစခန်းသို့ရောက် ရှိလာပြီး ၎င်း၏ခင်ပွန်းပျောက်ဆုံး နေကြောင်း အကြောင်းကြားစဉ် လူအင်အား ၅၀ ခန့်မှ ၂၀၀ ခန့်အထိစု ဝေးရောက်ရှိလာကြောင်း၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီမှ စစ်တွေမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြကျော် ရောက်ရှိလာပြီး ဦးအောင်သန်းဝေအား ၎င်းကိုယ်တိုင် ရှာဖွေပေးမည်ဟုပြောဆိုခဲ့သဖြင့် ဒေါ်အောင်သန်းမြတို့ပြန်သွားခဲ့ကြောင်း၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဦးအောင် သန်းဝေသည် ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်းမှာ ဦးအောင်သန်းဝေ ဖြစ်ကြောင်း မှတ်ပုံတင်ပြကာ စောင့်ဆိုင်းနေသော လူအုပ်ကြီးအား ပြောဆိုပြီး ရဲစခန်းအတွင်း ၀င်ရောက် သွားခဲ့ကြောင်း၊ စောင့်ဆိုင်းနေသူ များက ဦးအောင်သန်းဝေအား ဖမ်းဆီးသွားသူများကို ရှာဖွေစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ ည ၁၂ နာရီကျော်အချိန်တွင် ရဲတပ်ဖွဲ့ဝင် များက သေနတ်များကို မိုးပေါ် ထောင်ပစ်ခတ်ပြီး လူစုခွဲခဲ့ကြောင်း၊ သေနတ်များ မိုးပေါ်ထောင်ပစ်ခတ်သဖြင့် လူစုကရဲစခန်းအား ခဲများဖြင့် ပြန်ပစ်ခဲ့ကြကြောင်း၊ ထို့နောက်တွင်  ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့်  အခြေအနေရှုပ်ထွေးကာ နံနက် ၃ နာရီဝန်းကျင်တွင် မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပြီး နံနက် ၅ နာရီဝန်းကျင် တွင် လူစုကွဲသွားခဲ့ကြောင်း မျက်မြင် သက်သေများ၏ ပြောကြားချက်အ ရသိရှိရသည်။ အဆိုပါအဓိကရုဏ်းတွင် ပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ထင်ရှားသူများက မေတ္တာရပ်ခံခဲ့ရာတွင် ပြစ်မှုကျူးလွန်နေသူ များအား ဥပဒေအရ အရေးယူမှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပြီး   ဘာသာရေး အဓိကရုဏ်းနှင့် လူမျိုး ရေး အဓိကရုဏ်းများ မပြုလုပ်ကြရန် ပန်ကြားခဲ့ကြသည်။
“မသီတာထွေး အဓမ္မပြုကျင့်ပြီး သတ်ခံရတယ်တဲ့ကိစ္စဟာ လူပုဂ္ဂိုလ်ချင်းဖြစ်တဲ့ကိစ္စပေါ့။ အမှုမှန်ဖော် ထုတ်ဖို့နဲ့ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဥပဒေ အကြောင်းအရ အရေးကြီးတယ်။ မသီတာထွေး ကိစ္စပြီးတဲ့အချိန် တောင်ကုတ်မှာ နောက်ထပ်လူသတ် မှုထပ်ဖြစ်တယ်။ ဒါတွေက စိတ်ဆန္ဒ အလျောက် ဒေါသမကျေနပ်မှုအလျောက် လုပ်တယ်ဆိုရင်တောင်မှ ဒါဟာ ရာဇ၀တ်မှုတွေဖြစ်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကပြောကြားခဲ့ပါသည်။
ပါမောက္ခဒေါ်လှမြင့်ကလည်း ပြစ်မှုကျူးလွန်သူများအား ဆိုးသွမ်းသူအဖြစ် သတ်မှတ်ပြီး တရားဥပဒေအရ အပြစ်ပေးမည်ဖြစ်၍ ရခိုင်တွင်ဖြစ်သည့်ကိစ္စ ရခိုင်တွင် ဖြေရှင်းနိုင်ရန်၊ သွေးမဆူကြဘဲ အေးအေးချမ်းချမ်းဖြင့် တရားဥပဒေကို လိုက်နာသင့်ကြောင်း ယူဆပါသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရခိုင်၌ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များ၌ ဖြစ်ရသည့် အကြောင်းရင်းများထဲတွင် အခြားအကြောင်းတရား နောက်ခံများလည်း ရှိနေကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။
ပြည်သူလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ဦးသိန်းညွန့် က “အခြေခံဥပဒေမှာ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ ဘာသာများကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက် ရမယ်လို့ ပုဒ်မ ၃၆၂ တို့၊ ၃၆၃ တို့မှာ ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို နိုင်ငံ ရဲ့လူနည်းစုလည်း ခံစားပိုင်ခွင့်ရှိ တယ်။ အခုပေါ်ပေါက်တဲ့ကိစ္စကို ကြည့်ရင် ဖြစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သဘောမပေါက်ကြတာပါ ပါတယ်။ အခုအဓမ္မပြုကျင့်ခံရတဲ့ ကိစ္စမှာ အဓမ္မပြုကျင့်မှုနဲ့ အရေးယူဖို့ ဥပဒေမှာ ပြဋ္ဌာန်းပြီးသားဖြစ်တယ်။ အဲဒါကို တရားဥပဒေဘောင်အတွင်း ကပဲ ဖြေရှင်းရမယ်။ အခုလို စိတ်လိုက်မာန်ပါ ခံစားချက်နဲ့ဖြေရှင်းတဲ့ အတွက် အခုလို မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ဒါကြောင့် အခုပေါ်ပေါက်နေတဲ့ လူနည်းစုကိစ္စ၊ တိုင်းရင်းသားနယ်ပယ်တွေမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို အခြေခံ ဥပဒေဘောင်အတွင်း၊ တရားဥပဒေဘောင်အတွင်း ဖြေရှင်းကြဖို့လိုကြောင်း ကျွန်တော့်အနေနဲ့ ပတ်သက်သူတွေ အားလုံးကို တိုက်တွန်းလိုပါတယ်။ တစ်ချိန်တည်းမှာ နောင်ဒီလိုမလို လားအပ်တဲ့ ၀မ်းနည်းကြေကွဲဖွယ် အရေးအခင်းတွေမပေါ်ပေါက်အောင် ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးဖို့အတွက် တာဝန်ရှိသူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပြည်သူတွေရော အားလုံးဝိုင်းဝန်း ကြိုးပမ်းရမယ့်အချိန်ရောက်ပါပြီ။ ဒါက တရားဥပဒေစိုးမိုးရေး အားနည်းလို့ ပေါ်ပေါက်နေတဲ့ဖြစ်ရပ် တစ်ခုလို့မြင်ပါတယ်”ဟု သုံးသပ်ပါသည်။
“လက်ရှိ ရခိုင်မှာဖြစ်ပျက်နေတဲ့ တရားခံထဲမှာ နှစ်ပေါင်းများစွာ ယို ယွင်းခဲ့တဲ့ တရားစီရင်ရေးလည်းပါ မယ်လို့မြင်တယ်။  ပြည်သူတွေက အမှု ဖြစ်တိုင်း ထိထိရောက်ရောက်အရေး ယူပါ့မလားလို့ ကနဦးစိုးရိမ်ပြီးဖြစ်တာ လည်းပါမယ်”ဟု UMFCCI ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က သုံးသပ်ပါသည်။
လက်ရှိဖြစ်ပျက်နေသော ဖြစ်ရပ်များကို လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများထိ ဖြစ်မလာရန် ၀ိုင်းဝန်း ထိန်းသိမ်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန်လိုကြောင်း ထင်ရှားသူများက တောင်းဆိုခဲ့ကြသည်။
“ကျွန်တော်တို့ ရခိုင်မှာ ဖြစ်နေ တဲ့သတင်းတွေကို ကြားရတဲ့အချိန်မှာ ကျွန်တော်စိတ်လည်း မကောင်းဘူး။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ်ပါ၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်က အားလုံး ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုပြဿနာ မျိုးကနေ ကြီးထွားသွားမယ်ဆိုရင် မလိုလားအပ်တာတွေလည်း ဖြစ်လာနိုင်တယ်လေ။ ဒီကိစ္စမှာ အငြိမ်းချမ်းဆုံးနည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းကြစေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ရခိုင်အမျိုးသားတွေ အတွက် သာမကဘဲ အားလုံးအတွက် ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင်ပါတယ်။ အဲဒီလိုပြေလည်ပါစေလို့ လည်း ဆုတောင်းပေးနေပါတယ်” ဟု ရခိုင်လူမျိုး သရုပ်ဆောင်နေတိုးက ပြောကြားခဲ့သည်။
ထို့ပြင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက လည်း “အခုခြေအနေကနေ ပြီးတော့ လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေး အဓိကရုဏ်းမျိုးထိ ပုံစံမျိုး ပြောင်းသွားတာ ကူးစက်သွားတာကတော့ အားလုံး ၀ိုင်းထိန်းသင့်တယ်လို့ ထင်တယ်”ဟု ပြောကြားခဲ့သည်။
နိုင်ငံကို အားလုံးက လက်တွဲပြီး တည်ဆောက်ကြရမည့် အချိန်ဖြစ်ကြောင်းနှင့် လူလူချင်းဆိုသည့် အမြင်ဖြင့်သာ ပြေလည်အောင် ဖြေရှင်းကြစေချင်ကြောင်း ဒါရိုက်တာ ၀ိုင်းက ပြောကြားခဲ့သည်။
“လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေဟာ မလုပ်သင့်တဲ့ အဖြစ်အပျက်ကို လုပ်ခဲ့တာကစပြီး မဖြစ်သင့်တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေအထိ ရောက်သွားတာပါ။ ဒီဖြစ် ရပ်တွေကို အပြေလည်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းနဲ့ ပဲ ချဉ်းကပ်သင့်ပါတယ်။ မီဒီယာတချို့ကလည်း ဒါကို သွေးထိုးလှုံ့ဆော်တဲ့ ပုံစံမျိုးတွေနဲ့ နိုင်ငံ နောက်ပြန်လှည့်သွားအောင် မလုပ်သင့်ပါဘူး။ အများပြည်သူအနေ နဲ့လည်း ဒီလိုသွေးထိုးလှုံ့ဆော်မှုမျိုး နောက်ကို မလိုက်ဘဲ နိုင်ငံ တည်ငြိမ်စွာနဲ့ ပြောင်းလဲစပြုလာတဲ့ အခြေအနေကို ဆက်လက်ထိန်းသိမ်းမယ် ဆိုရင်အကောင်းဆုံးလို့ မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရုပ်မြင်သံကြားသတင်းမှာ ထုတ်ပြန်သွား တာကအစ ထုတ်ပြန်သင့်တဲ့ အကြောင်းအရာလောက်ပဲ ထုတ်ပြန်တာထက်ပိုပြီး ဖွင့်ချခဲ့တယ်လို့ မြင်တယ်။ ဒါမျိုးကိုတော့ လက်မခံချင်ဘူး။ ဖြစ်ပျက်တာတွေ အားလုံးကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်။ ဒီလိုနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်ပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဦးဝင်းကြိုင်ကပြော ကြားပါသည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် နေသည့်ကာလအတွင်း ယခုကဲ့သို့ ဖြစ်ရပ်များမှ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအသွင် ဖြစ်လာပါက တိုင်းပြည် နစ်နာနိုင်ကြောင်း၊ သတိပေးခဲ့ကြသည်။
“အခုကိစ္စမှာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်တွေကို သတိကြီးစွာထားပြီးတော့ လုပ်နေရတဲ့အချိန်မှာ ဒီလက်ရှိ အပြောင်းအလဲကို ဟန့်တား တဲ့ပုံစံမျိုး၊ လမ်းကြောင်းပြောင်းချင်တယ့် ပုံစံမျိုး၊ တခြားပယောဂမျိုးတွေ ပါမလာအောင် သို့မဟုတ် ဖြစ်လာရင်လည်း အဲဒီအခြေအနေ မရောက်အောင်တော့ ၀ိုင်းပြီး ထိန်းသိမ်းကြဖို့ အဲဒါအရေးကြီးတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကလည်း မြန်မာနိုင်ငံ၏အနေအထားသည် sensitive အလွန်ဖြစ်နေသည့် အနေအထားမျိုးဖြစ်၍ မြန်မာနိုင်ငံ၏ရှေ့ကို သွားနေသည့်လမ်းကြောင်းမှ သွေဖည်သွားနိုင်သည့်  ကိစ္စရပ်မျိုးများကို ရှောင်ရှားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး တွေနဲ့ ကောင်းတဲ့ဘက်ကို ဦးတည်နေပြီ။ ဒါကို လက်ခံတဲ့သူရှိတယ်။ လက်မခံဘဲ နောက်ပြန်ဆွဲချင်တဲ့သူလည်း ရှိမယ်။ အခု ရခိုင်ပြည်နယ် က အဖြစ်အပျက်အပေါ် အမြတ်ဝင် ထုတ်ချင်တဲ့သူလည်း ရှိမယ်။ ဒါကိုတော့ သတိထားဖို့လိုပါတယ်။ နိုင်ငံ ပြုပြင်ပြောင်းလဲတာကို လက်မခံဘဲ လက်ရှိ ရခိုင်က စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို အသုံးချပြီး အမြတ်ထုတ်ချင်တဲ့သူတွေကတော့ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်လာနိုင်ပါတယ်။ ဒီလို နိုင်ငံနောက်ပြန်သွားမယ့် ဖြစ်ရပ်မျိုးအထိ မရောက်အောင် ဆိုရင်တော့ အုပ်ချုပ်သူ အစိုးရမှာလည်း တာဝန်ရှိသလို ပြည်သူ တစ်ဦးချင်းစီမှာလဲ တာဝန်ရှိပါတယ်။ အားလုံးဟာ ကိုယ့်နိုင်ငံကောင်းကျိုး ကိုပဲကြည့်ကြပါလို့ မေတ္တာရပ်ခံပါ တယ်”ဟု UMFCCI  တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်အနေနဲ့ အစည်းအဝေး မလုပ်ရသေးဘူး။ ကျွန်တော့် သဘောထားကတော့ ဒီကိစ္စတွေ မှာ နစ်နာတဲ့သူတွေကို ကိုယ်ချင်းစာတယ်။ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း ဖြစ်အောင် လုပ်သင့်တယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံက ဘာသာရေးအပေါ်မှာ အခြေခံပြီးတော့လုပ်တာ ဖွဲ့စည်းပုံ ထဲမှာမပါဘူး။ ဘာသာရေးက အားလုံး လွတ်လပ်ခွင့်ရှိတယ်။ ဘာသာရေးအပေါ်မှာ အခြေခံပြီးဖြစ်တယ်ဆိုတာ ဟာ ပြည်သူပြည်သားတွေအားလုံး အတွက် အကျိုးမရှိဘူးလို့ ကျွန်တော် ပြောချင်တယ်”ဟုပြောကြားခဲ့ပါသည်။
“ငြိမ်းချမ်းရေး၊ လူသားအချင်းချင်း သင့်မြတ်ရေးဆိုတဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါဟာမဖြစ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ ယုံကြည်ချက်၊ ခံယူချက်၊ အယူဝါဒတွေအပေါ်မှာ ဖြစ်ကြတဲ့မပြေလည်မှုတွေပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ မဖြစ်သင့်ဘူး လို့ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေဟာ မဖြစ် သင့်တဲ့ကိစ္စတွေလို့ မြင်ပါတယ်။ ဒီ ကိစ္စတွေကတစ်ဆင့်ဘာသာ အယူဝါဒတွေ အပြန်အလှန်ကွဲပြားပြီး ရန်သတ္တရု ဖြစ်ရမယ့် ကိစ္စရပ်တွေဟာ လက်ရှိ တိုင်းပြည်အခြေအနေအရ မဖြစ်သင့်ဘူးလို့ မြင်တယ်”ဟု သိက္ခာတော်ရ ဆရာတော် ဦးမျိုးချစ်(မန္တလေး၊ ဒိစတြိတ်ဂိုဏ်းအုပ် ဆရာတော်)ကပြော ကြားပါသည်။
“ဒီလို မတရားပြုကျင့်ပြီးတော့ သတ်တယ်ဆိုတဲ့ ကိစ္စရပ်ရော၊ တစ်ဖက်က ၁၀ ယောက်ကိုသတ်တဲ့ ကိစ္စ ရပ်ရော တရားဥပဒေအရ အရေးယူရမယ့် ကိစ္စတွေပါ။ ရာဇ၀တ်မှုတွေပါ။ ဒီကိစ္စပေါ်မှာ မူတည်ပြီးတော့ လူမျိုး ရေးအဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်း ဖန်တီးတာမျိုး၊ လုပ်တာမျိုးက လုံးဝမဖြစ်သင့်သလို လူမျိုးရေးအရ ဘာသာရေးအရ ပုတ်ခတ်စော်ကားမှုလည်း မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေး အဖွဲ့အစည်း အသီးသီးတွေ အားလုံးကရော ဆရာတော်ကြီး တွေ အားလုံးကရော ဒီကိစ္စ ရပ်တန့်အောင်ဆော်သြပေးမယ်။ ကူညီဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။ တစ်ဆက်တည်းမှာ ကျွန်တော်မေတ္တာ ရပ်ခံပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးကပြောကြားပါသည်။
“သမိုင်းဆိုတာ မအအောင်သင်ထားတဲ့ဟာပါ။ သမိုင်းမှာပြန် ကြည့်ရင် ကုလားဗမာ၊ တရုတ်ဗမာ အရေးအခင်းတွေကို ကိုလိုနီခေတ်ကစပြီး ဘယ်သူတွေက ဖန်တီးခဲ့ကြတာလဲ။ ဒီလိုလူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေ မဖြစ်စေချင်ဘူး။ ကျွန်တော် တို့ ဒီမိုကရေစီနိုင်ငံကို သွားနေတာကို နောက်ပြန်လှည့်စေနိုင်တဲ့ဟာတွေ အားလုံးကို ဘယ်သူ တွေဖန်တီးနေကြ တာလဲ၊ ဖန်တီးနေတဲ့သူတွေ ကိုယ်တိုင်သိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေ မအဖို့တော့လိုတယ်” ဟု မြန်မာဂျာနယ်လစ် သမဂ္ဂဖြစ်မြောက်ရေး ယာယီကော်မတီမှ ကိုဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ ဘာသာရေးနှင့် လူမျိုးရေးအပေါ် အခြေခံပြီး ရုန်းရင်း ဆန်ခတ်ဖြစ်နေခြင်းအား ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်း အသီးသီးက ဥပဒေဘောင်အတွင်း မှသာဖြေရှင်းကြရန် တိုက်တွန်းခဲ့ကြပြီး ကြေညာချက်များထုတ်ပြန်ကာ  မေတ္တာရပ်ခံပန်ကြားလျက် ရှိနေသည်။ ထို့အပြင်နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ ကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် အရှိန်ရနေသည့် ပြုပြင်ပြောင်းလဲမှုများ ယခုအဖြစ်အပျက်ကြောင့် နောက်ကြောင်းပြန်လှည့်သွားနိုင်သည်ကို ဆင်ခြင်သတိပြုကြရန် တိုက်တွန်းခဲ့ကြပါသည်။  
EMG   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis