လှေကလေးငယ်ငယ် ရွက်လွှင့်ပါမောင် ကျောက်ဆောင်လဲကာဆီး။ လှေကလေးနာဝါရဲ့ ရေပြာခရီး။ ရွက်လွှင့်ပါဆို မိုးညိုနဲ့မုန်တိုင်း။ လှေကလေးအဏ္ဏ၀ါထက် ရန်ပတ်ချာဝိုင်း။
ရွက်လွှင့်မယ်ခင် ဆီးချင်လဲဆီး။ လှိုင်းဂယက်ဘောင်ဘင် ကြီးချင်လဲကြီး။ လှေကလေးအပေါ်မှာ လေ ဆွေအထွေးအဖော်ပါသမို့ လှော်ပါမယ် သည်ခရီး ရည်းလေလေ့ရည်း။ ။ တင်မိုး
၁၉၆၂ ခုနှစ် စာပေဗိမာန် ကဗျာဆုရ 'တင်မိုး' ရဲ့ 'ဖန်မီးအိမ်
ကဗျာများ'စာအုပ်ထဲက 'လှေကလေး ငယ်ငယ်' ကဗျာဖြစ်ပါတယ်။ ဖန်မီးအိမ်ကဗျာတွေကို
သတိရနေတဲ့အချိန်မှာပဲ ဟိုတစ်နေ့ကတော့ သူငယ်ချင်းတစ်ယောက် အိမ်မှာ
'ဖန်မီးအိမ်ကဗျာများ' စာအုပ်ကိုတွေ့လို့ ခဏ ယူဖတ်ခွင့် ရခဲ့ပါတယ်။
ကဗျာတွေကို တစ်ပုဒ်ချင်း အသေးစိတ် လိုက်ဖတ်နေရင်းက 'လှေကလေးငယ်ငယ်'ကဗျာကို
ဖတ်လိုက်မိတဲ့အခါမှာတော့ ကိုယ့်အတွေးတွေ ဟာ ဆရာတင်မိုးရဲ့ ရေပြာခရီးထဲကို
နာဝါဆိုတဲ့လှေငယ်ကလေးနဲ့အတူ စီးမျော ၀င်ရောက်သွားကြတော့တာပါပဲ။ ဒီကဗျာထဲမှာ
ပါဠိဝေါဟာရနဲ့ ဖော်ပြထားပြီး လှေသင်္ဘောလို့ အဓိပ္ပာယ်ရတဲ့ နာဝါလေးရဲ့
ရေပြာခရီးမှာ အတားအဆီးတွေ ရှိနေပေမယ့် ကဗျာဆရာက ဒီခရီးကို ဆက်လှော်မယ်လို့
ပြောထားပါတယ်။
ကိုယ်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေကလည်း ဆရာတင်မိုးရဲ့ နာဝါလေးလိုပဲ
ပင်လယ်ပြာကြီးထဲကို စတင်ဝင်ရောက်ဖို့ တာစူနေတဲ့ အချိန်မျိုးဖြစ်နေတာမို့
ကိုယ်တို့အတွက်ရော ရှေ့ခရီးမှာ ဘာအတားအဆီးတွေ ရှိနေနိုင်လိမ့်ဦးမလဲဆိုပြီး
တွေးမိရာက စာအုပ်ရဲ့ နောက်စာမျက်နှာ တွေကို ဆက်မလှန်နိုင်တော့ဘဲ လှေကလေး
ခေါ်ရာနောက်ကို လိုက်ပါသွားခဲ့ရတော့တာ ဖြစ်တယ်။
စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းဖို့ ကြိုးစားကြတဲ့အခါ
ညင်ညင်သာသာနဲ့ရောက်အောင် ကူးပြောင်းသွားနိုင်တဲ့ နိုင်ငံရယ်လို့
ကမ္ဘာ့သမိုင်းမှာ တစ်နိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ အသွင်ကူးပြောင်းနေတဲ့ကာလမှာ
အနည်းနဲ့ အများ သွေးချောင်းစီးကြရတာချည်းပါပဲ။ အာဏာရှင် စနစ်ကနေ
ဒီမိုကရေစီစနစ်ဆီကို အောင်အောင်မြင်မြင် ကူးပြောင်းသွားပြီး
ကိုယ့်နိုင်ငံနဲ့ တော်တော်လေး အလားသဏ္ဌာန်ဆင်တူတဲ့ တောင်ကိုးရီးယားနိုင်ငံ
ဟာလည်း အသွင်ကူးပြောင်းရေးကာလမှာ သွေးမြေကျခဲ့ရတာပါပဲ။ အရှေ့အလယ်ပိုင်းက
အသွင်ကူးပြောင်းသွားတဲ့ နိုင်ငံတွေနဲ့ အသွင်ကူးပြောင်းဖို့ ကြိုးစားနေဆဲ
နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း ၀န်နဲ့အား မြှားနဲ့လေး မမျှအောင်
ပြင်းထန်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ပြည်သူတွေ ခါးကော့နေအောင်ခံကြရတယ်ဆိုတာကို
တွေ့ကြရမှာပါ။ လူတစ်စုအတွက် အကျိုးပြုတဲ့စနစ်ကနေ ပြည်သူကို
အကျိုးပြုတဲ့စနစ်ဆီကို ရောက်အောင်သွားဖို့ ဆိုတာ မိုးပေါ်ကအပ်တစ်ချောင်းနဲ့
မြေကြီးပေါ်က အပ်တစ်ချောင်းထိအောင် ကြိုးစားရသလို ခက်ခဲလှပါတယ်။
သွေးမြေကျခဲ့ရတာသာ အဖတ်တင်ပြီး ပြည်သူလိုချင်တဲ့
စနစ်ဆီကိုရောက်အောင်မသွားနိုင်ခဲ့တဲ့ နိုင်ငံတွေ လည်း သမိုင်းမှာ အများကြီး
ရှိတယ်ဆိုတာ ကိုယ့်နိုင်ငံသမိုင်းကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ခုမှသာ
သွေးတစ်စက်မှ မြေမကျဘဲ ကောင်းမွန်မှန်ကန်တဲ့ စနစ်ဆီကို
ရောက်အောင်သွားနိုင်ဖို့ အခွင့်အလမ်း ပေါ်လာတာဖြစ်လို့ လက်ရှိဒီလို
အခြေအနေမျိုးလေးကိုတော့ အားလုံးက တန်ဖိုးထားကြရမှာပါပဲ။
ဒါ့ကြောင့် ဘယ်အရာတွေ ဘယ်လောက် အရေးကြီးတယ်ပြောပြော လက်ရှိအခြေအနေကို
လက်လွတ် ဆုံးရှုံးမသွားအောင် သတိထား ကြိုးစားကြရမှာက အရင်ဖြစ်တယ်။
တစ်နည်းအားဖြင့် ကိုယ့်လှေကလေး အစဉ်သဖြင့် အန္တရာယ်ကင်းကင်းနဲ့
ခရီးဆက်နှင်နိုင်ဖို့ အရေးကိုသာ အဓိက ထားဆောင်ရွက်ကြရမှာကို
မေ့မနေကြဖို့ပါပဲ။ ဒီလှေကလေးဟာ ရာစုနှစ်တစ်ဝက်လောက် ခရီးဖင့်ခဲ့ရတာဖြစ်လို့
ကိုယ့်နိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ လိုအပ်ချက်တွေ အများကြီး
ရှိနေဦးမှာဖြစ်တယ်။ ဒီတော့ရင်ထဲမှာ ပိတ်လှောင်မွန်းကျပ်နေတဲ့ ပြည်သူတွေ
ထွက်ပေါက် ရှာချင်လာကြတာဟာ ဓမ္မတာပဲဖြစ်တယ်။ ပမာပြရရင်တော့
အဲဒီခံစားချက်တွေဟာ ရင်းနေတဲ့ အနာကြီးလို အထိမခံနိုင်တော့ပါဘူး။
ဒီအခြေအနေဟာ ပဲ့နင်းရော လှေထိုးသားပါ ခြေလှမ်းတစ်ချက်မှားတာနဲ့
ကိုယ့်လှေကျောက်ဆောင်နဲ့ ၀င်ဆောင့် သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။
ဒီတော့ ဒီအနာထဲက ပြည်တွေကို ဖောက်ထုတ်ဖို့ ဘယ်လို နည်းလမ်းမျိုးကို
သုံးမလဲလို့ ၀ိုင်းစဉ်းစားကြရမှာ ဖြစ်တယ်။ အနာသိ ဆေးရှိဆိုသလို ကုသနိုင်တဲ့
နည်းလမ်းတွေကတော့ ရှိကြမှာပါပဲ။ ဒီအထဲက ရင်းနေတဲ့ အနာတစ်ခုဖြစ်တဲ့
လျှပ်စစ်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို စဉ်းစားလိုက်မိတဲ့အခါမှာတော့
ကိုယ့်နိုင်ငံဟာ ဘာမဆို အစိုးရကိုယ်တိုင် စီးပွားရေးဝင်လုပ်မှ
အောင်မြင်မယ်လို့ ထင်နေတဲ့ အယူအဆဟာ ကိုယ်တို့ခေါင်းထဲမှာ ရှေးပဝေသဏီကတည်းက
အရိုးစွဲနေခဲ့တယ်ဆိုတာကို အရင်သွားတွေ့ရတယ်။ ဘယ်လောက်ထိ
အရိုးစွဲနေခဲ့သလဲဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆နှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့
အဖြစ်အပျက်လေးတစ်ခုကို သာဓကပြပါမယ်။ အဲဒီအချိန်တုန်းက ဌာနဆိုင်ရာ
အကြီးအကဲတွေဟာ နယ်ကတချို့ဌာနတွေကို လိုက်စစ်ပါတယ်။ ဌာနရဲ့
အိမ်ထောင်သည်တွေနေတဲ့ လိုင်းခန်းတွေထိ လိုက်စစ်ပြီး အိမ်ထောင်သည်တွေ
အခြေခံစားကုန် ၉ မျိုးကို အလွယ်တကူ ၀ယ်နိုင်အောင်
အိမ်ထောင်သည်လိုင်းခန်းထိပ်တွေမှာ ဌာနပိုင်ဈေးဆိုင်တွေ ဖွင့်ခိုင်းပါတယ်။
ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ ဈေးသွားစရာမလိုဘဲ မီးဖိုချောင်မှာ
လိုအပ်တဲ့ စားကုန် ပစ္စည်းတွေကို အလွယ် တကူ ၀ယ်နိုင်အောင်လို့ပါပဲ။ ဒါပေမဲ့
ပြဿနာက အဲဒီဆိုင်မှာ စာရင်းစာအုပ်တွေ အရင်ဖွင့်ရပြီး
နနွင်းမှုန့်တစ်ကျပ်သားကစ လယ်ဂျာသွင်းရခြင်းပဲဖြစ်တယ်။ နေ့စဉ်နဲ့အမျှ
နနွင်းမှုန့်တွေ ကိုချိန်ချိန်ပြီး ကုန်လက်ကျန်မှတ်ရပါတယ်။
ဌာနစာရင်းကိုင်ခမျာမှာလည်း ကိုယ့်ရဲ့ မူရင်းအလုပ်ကို မဆိုထားနဲ့
မဆလာနနွင်းမှုန့်နဲ့ ငရုတ်သီးမှုန့်တွေကို ချိန်ချိန်ပြီး စာရင်းမှတ်နေရတာနဲ့
ဆိုင်ထဲက တခြားရောင်းကုန်ပစ္စည်းတွေဖြစ်ကြတဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနဲ့
အာလူးတွေဘက်ကိုတောင် ခြေဦးမလှည့်နိုင်ရှာတော့ပါဘူး။
အဲသလို ဘာမဆို ကိုယ်တိုင်ဝင်လုပ်ရမှ အားရတဲ့
ကိုယ့်နိုင်ငံဟာ'လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့' ဆိုတဲ့
ကြွေးကြော်သံနဲ့အတူ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်ကတည်းက
ချီတက်လာခဲ့တာပါ။ အခု ဘယ်နိဗ္ဗာန်ကိုမှ မရောက်ဘဲ ကိုယ့်လှေဟာ လှုပ်ရုံမက
လူးလို့တောင်နေပါပြီ။ နိုင်ငံတကာမှာ လျှပ်စစ်သယ်ယူပို့ဆောင်ရေးနဲ့
ဆက်သွယ်ရေးစတာတွေကို အစိုးရတွေက ကိုယ်တိုင်ဝင်လုပ်လေ့ရှိတာ နည်းပါတယ်။
ပုဂ္ဂလိက ကလုပ်ပြီး နိုင်ငံတော်က ကြီးကြပ်ပေးကြတာပါပဲ။ အဲဒီလုပ်ငန်းတွေဟာ
လက်ပေါက်အင်မတန်စိပ်လို့ ပုဂ္ဂလိကကပဲ နိုင်ပါတယ်။ ပုဂ္ဂလိကအနေနဲ့
အဲဒီအလုပ်တွေကို စိတ်အေးချမ်းသာစွာနဲ့ ရှေုာရှေုာရှူရှူ လုပ်နိုင်အောင်
နိုင်ငံတော်က လိုအပ်တာတွေ လိုက်လံဖြည့်ဆည်းပေးပြီး ကျားကန်ပေးထားဖို့ပဲ
လိုတာပါ။ အဲသလိုသာ လုပ်မယ်ဆိုရင် မီးပျက်တဲ့အခါ အစိုး ရနဲ့ပြည်သူ
ထိပ်တိုက်တွေ့စရာလည်း မလိုတော့ပါဘူး။ ခုချိန်မှာ ကိုယ့်ကို
အကူအညီပေးချင်နေတဲ့ နိုင်ငံတွေလည်း အများကြီးရှိနေပြီမို့
အဲဒီနိုင်ငံတွေဆီက အသိဉာဏ် အကူအညီအပါအ၀င် အကူအညီမျိုးစုံကို ရနိုင်သမျှ
ရယူနိုင်အောင်လည်း ကြိုးစားသင့်ကြပါတယ်။
ကမ္ဘာပေါ်မှာလျှပ်စစ်နဲ့ ပတ်သက်လာရင် ကျွမ်းကျင်ပြီး နာမည်ရနေကြတဲ့
နိုင်ငံတွေ၊ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်
လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းရဲ့ တချို့တစ်ဝက်ကို အများသဘောတူညီချက်နဲ့
အဲဒီကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီးလုပ်ကိုင်ဖို့ စဉ်းစားသင့်ကြပါတယ်။
ဒီလိုမှမဟုတ်ဘဲ ကိုယ့်ဟာ ကိုယ်ကျိတ်ပြီးလုပ်နေကြဦးမယ်ဆို
ရင်လာမယ့်နှစ်တွေမှာ နွေရာသီရောက်တိုင်း ဘာဖြစ်နေလို့ပါ၊
မိုးများများရွာလာရင် မီးပေးနိုင်တော့မှာပါလို့ ပြောနေရဦးမှာပါပဲ။
ဒါဟာ ရင်းနေတဲ့ အနာထဲက သွေးပုပ်ပြည်ပုပ်တွေ ပေါက်ထွက်သွားပြီး
အနာကျက်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေပြီး နမူနာ
တင်ပြတာပဲဖြစ်တယ်။ အနာရင်းတာကို ဖြေရှင်းကြတဲ့နေရာမှာ မှားသွားရင်
အန္တရာယ်ကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 'ငါ့စကောတပ်ကြီး လာပြီ'ဆိုတဲ့
ပါးစပ်ရာဇ၀င်နဲ့'တောမီးလောင် တောကြောင် လက်ခမောင်းခတ်' ဆိုတဲ့
မြန်မာစကားပုံ ရှိနေလို့ပါပဲ။
အလားတူ အင်္ဂလိပ်စာမှာ Herd Behavior ဆိုတဲ့ ဝေါဟာရလည်း ရှိပါတယ်။
အသင်းအဖွဲ့နဲ့ နေတဲ့ ကျွဲ နွားတိရစ္ဆာန်တွေဟာ အန္တရာယ်ကျရောက်လာပြီထင်ရင်
ကိုယ့်အသက်ဘေးက လွတ်ကင်းအောင် အလယ်ကောင်ကို အတင်းတိုးဝင်တတ်တဲ့
အမူအကျင့်ရှိကြပြီး အဲဒီအမူအကျင့်ကို Herd Behavior လို့ခေါ်တာ ဖြစ်ပါတယ်။
လူမှာက အဲဒီအပြုအမူ ပိုရှိပါတယ်။ ကမ္ဘာမှာ ဒီ Behavior ကြောင့် မလိုအပ်ဘဲ
မဖြစ်သင့်တာတွေဖြစ်ပြီး လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေ
အများကြီးရှိခဲ့ပါတယ်။ အမျိုးသမီးကြီးတစ်ဦးက လေမှာလွင့်ပါသွားတဲ့ သူ့ဆန်ကော
နောက်ကို 'ငါ့စကော ..ငါ့စကော..'လို့ အထိတ်တလန့် အော်ပြီးလိုက်ရာက
ငါစကောတပ်ကြီး ချီလာပြီအထင်နဲ့ လူအများ ထိတ်လန့်ချောက်ချားပြီး
တိုင်းပြည်တစ်ပြည်လုံး ပျက်ခဲ့ရတယ်ဆိုတဲ့ ပါးစပ်ရာဇ၀င်ကို
အကြောင်းမဲ့ပြောခဲ့ကြတာ မဟုတ်ပါဘူး။ ဒီစကားကို အခြေခံပြီး လူတွေရဲ့
ဖြစ်တတ်တဲ့သဘောကို တင်စားပြီး ပြောခဲ့ကြတာဖြစ်တယ်။ ဒါ့ကြောင့်
လူစုလာပြီဆိုရင် ဘာမဆိုဖြစ်သွားနိုင်ပြီး အန္တရာယ်နီးလာပြီဆိုတာကို
မမေ့ကြစေချင်ပါဘူး။ ကမ္ဘာပေါ်မှာ လူအုပ်ရဲ့ထိတ်လန့်မှုကြောင့် လူလူချင်း
နင်းမိပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။
ပူပူနွေးနွေး ဖြစ်ရပ်ကတော့ ၂၂-၁၁-၁၀ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး
လူ့အသက်ပေါင်း ၃၄၇ ယောက် ဆုံးရှုံးခဲ့ရတဲ့ ကမ္ဗောဒီးယားနိုင်ငံ
ဖနွမ်းပင်မြို့တော် ခမာသင်္ကြန်ပွဲက လူနင်းပြီး သေကျေခဲ့ရမှုပဲ ဖြစ်တယ်။
ကိုယ့်နိုင်ငံမှာတော့ လူနင်းလို့ သေစရာမရှိပါဘူး။ အသိ စိတ်ဓာတ်ရှိရှိနဲ့
ဆန္ဒဖော်ထုတ်နေကြတဲ့ ကိုယ့်ပြည်သူတွေကြားထဲမှာ ပရိသတ် ထိတ်လန့်အောင်လုပ်ပြီး
တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို နိုင်ငံအတွက်အကျိုးမဲ့တဲ့
လုပ်ရပ်တွေ ဖော်ဆောင်သွားမယ့် တောကြောင်တွေရဲ့ အန္တရာယ်ကို စိုးရိမ်ရတာပဲ
ရှိပါတယ်။ဒါ့ကြောင့် အစိုးရနဲ့ ပြည်သူကြားမှာ ဦးနှောက်ဦးနှောက်ချင်း
နှလုံးသားနှလုံးသားချင်း အစဉ်သဖြင့် ထိတွေ့ဆက်စပ်နေအောင်
အမြဲကြံဆောင်နေဖို့ လိုပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ကိစ္စနဲ့ပတ်သက်ပြီး အူသိမ်
ချေးခါးမကျန်အောင် ပြည်သူကို ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်ဖို့
လိုပါတယ်။ ရှေ့မှာဘာတွေလုပ်ထားတယ် ဘာတွေဖြစ်နိုင်တယ် ဘာတွေကတော့
မဖြစ်နိုင်ဘူး၊ အနောက်နိုင်ငံတွေနဲ့ ဘာတွေ ဖက်စပ်ပြီးလုပ်ဖို့
ပြင်ဆင်ထားတယ်ဆိုတာ ရှင်းပြလိုက်ရင် အနာရင်းလို့ ခံစားနေရတဲ့ ဝေဒနာဟာ
အနာရှိန်လျော့ပြီး နည်းနည်းသက်သာသွားနိုင်မှာပါ။
နိုင်ငံရဲ့ လက်ရှိအခြေအနေကလည်း ဆရာတင်မိုးရဲ့ နာဝါလေးလိုပဲ
ပင်လယ်ပြာကြီးထဲကို စတင်ဝင်ရောက်ဖို့ တာစူနေတဲ့ အချိန်မျိုး ဖြစ်နေတာမို့
ကိုယ်တို့အတွက်ရော ရှေ့ခရီးမှာ ဘာအတားအဆီးတွေ . . .
|
ကိုယ့်နိုင်ငံဟာ အခုအချိန်မှာ စိတ်ညစ်စရာတွေအများကြီးရှိတယ်
ဆိုပေမယ့် အားတက်စရာတွေလည်း အများကြီးရှိနေပါတယ်။ ၁၉၅၉ ခုနှစ်
စင်ကာပူပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ပထမဆုံး ၀န်ကြီးချုပ်အဖြစ်
အရွေးခံရပြီး သူ့နိုင်ငံကိုနောက် ၁၀ နှစ် အတွင်းမှာ
မြန်မာနိုင်ငံလိုဖြစ်လာအောင်လုပ်မယ်လို့ အဲဒီတုန်းက ကြွေးကြော်ခဲ့တဲ့
လီကွမ်းယုဟာ လူပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံကိုပဲ ဖြစ်ဖြစ်
အားကျရင်ကျသလို သဘောကျရင်ကျသလို ဆရာတင်တတ်လေ့ရှိသူပါ။ ကာကွယ်ရေးနဲ့
ပတ်သက်လာရင် စင်ကာပူနဲ့ သဘာဝချင်းဆင်ပြီး မြို့တွင်းတိုက်ပွဲစစ်ဆင်နည်းကို
ကျွမ်းကျင်တဲ့ အစ္စရေးနိုင်ငံကို အတုယူခဲ့ပါတယ်။ စီးပွားရေးနဲ့
ပတ်သက်လာတဲ့အခါမှာလည်း သူ့နိုင်ငံနဲ့ သဘာဝချင်းနည်းနည်းဆင်တဲ့
နယ်သာလင်နိုင်ငံက ဒတ်ခ်ျဘောဂဗေဒပညာရှင် 'အဲလ်ဘတ်ဝင်ဆီမီးယပ်စ်'(Albert
Winsemius)ရဲ့အကြံပေးချက်တွေကို ၁၉၆၁ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ
လက်ခံယူခဲ့တာပါ။ ၁၇ ရာစုနှစ် နယ်သာလင်နိုင်ငံက အကောက်ခွန်မဲ့
အမ်စတာဒမ်ဆိပ်ကမ်း (Am-sterdam Entrepot) ရဲ့ သဘောသဘာဝတွေကို အတုယူပြီး
စင်ကာပူနိုင်ငံ ရဲ့ စီးပွားရေးစနစ်ကို '၀င်ဆီမီးယပ်စ်'က အကြံဉာဏ်ပေးခဲ့တာ
ဖြစ်တယ်။ သူ့ဆီက ဒီလိုအကြံဉာဏ်တွေကို လက်ခံရရှိခဲ့တဲ့အတွက် သူ့နိုင်ငံဟာ
သိပ်ကံကောင်းခဲ့တယ်လို့ လီကွမ်းယု ကိုယ်တိုင်ကလည်း ပြောခဲ့ပါတယ်။
ရှေးတုန်းက ကုန်သည်တွေဟာပစ္စည်းတွေကို လှေပေါ်တင်ပြီး ခရီးဆုံးထိ
မသွားချင်ကြဘူး။ လမ်းခုလတ်မှာပဲ ချရောင်းပြီး လိုချင်တဲ့ပစ္စည်းကို
လမ်းခုလတ်မှာရှိတဲ့ ဆိပ်ကမ်းကပဲဝယ်ပြီး အိမ်ပြန်ချင်ကြတာပါ။
ဒီအခြေခံအချက်ကို ဆုပ်ကိုင်ပြီး လီကွမ်းယုဟာ သူ့နိုင်ငံကို ချမ်းသာအောင်
လုပ်သွားခဲ့တာဖြစ်တယ်။
အခုကိုယ်တို့နိုင်ငံဟာ တရုတ် ပြည်ရဲ့ကုန်းတွင်းပိတ်ဒေသကိုပိတ်ပြီး
ထိုင်ထားတဲ့ နိုင်ငံဖြစ်တယ်။ ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံ
ရဲ့အကြားမှာတည်ရှိနေတာလည်းဖြစ် တယ်။ နောက်အရှေ့အာရှနဲ့အရှေ့
တောင်အာရှကိုထိပ်ကနေပိတ်ထိုင် ထားတဲ့ နိုင်ငံလည်းဖြစ်တဲ့အပြင်ခု
ထားဝယ်ရေနက်ဆိပ်ကမ်းကို တည် ဆောက်နိုင်သလိုသဘာဝအမွေအနှစ်
တွေအများကြီးရထားတဲ့ နိုင်ငံလည်း ဖြစ်တယ်။ အဲဒီမှာအရေးကြီးတဲ့ လို
အပ်ချက်ကတော့ အစိုးရနဲ့ ပြည်သူ ဦးနှောက်ဦးနှောက်ချင်းနှလုံးသား
နှလုံးသားချင်းအစဉ်ထိတွေ့ဆက်စပ် နေဖို့ပါပဲ။ဒီအချက်အောင်မြင်အောင်
အကောင်အထည်ဖော်ဆောင်ရွက် နိုင်မယ်ဆိုရင်တော့ လှေကလေးနာ
ဝါရဲ့ရေပြာခရီးမှာစိတ်အေးရပါပြီ။
နောက်ပြီး'လှေကလေးအပေါ်မှာ လေဆွေအထွေးအဖော်ပါသမို့' ဆိုတဲ့ ဆရာတင်မိုးရဲ့
ကဗျာထဲကလို ဒီရေပြာခရီးမှာ ကိုယ်နဲ့အတူ ဘေးမှာကပ်လျက် ဆွေအထွေးလေးအဖော်
ပါနေသေးတယ်ဆိုတာကိုလည်း မမေ့ကြစေချင်ပါဘူး။ အဲဒီဆွေအထွေးလေးကတော့
ကိုယ့်နိုင်ငံရဲ့ မျိုးဆက်သစ်တွေ လူရိုသေ ရှင်ရိုသေခံရတဲ့
နိုင်ငံကြီးသားဘ၀ကို အမြန်ရောက်စေချင်တဲ့ ကိုယ်တို့ရဲ့
ရင်ထဲကပြင်းပြတဲ့ဆန္ဒပဲ ဖြစ်တယ်။ အဲဒါကြောင့် ကိုယ်တို့တစ်တွေ အလွန်တရာမှ
ရောက်ချင်တဲ့ တစ်ဖက်ကမ်းကို အမြန်ရောက်အောင်သတိနဲ့ ဆင်ခြင်ပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လှော်ကြရဦးမယ်ဆိုတာကို ဒီကဗျာဖတ်ပြီး
သဘောပေါက်လိုက်မိရတာမို့..
အို..ဘာတဲ့တုန်း..ရည်းလေ လေ့ရည်း..။
EMG |
No comments:
Post a Comment