menu

Wednesday 6 June 2012

 ‘လုပ်ခွင့်ရတဲ့ ဘယ်လိုဇာတ်ကောင် စရိုက်မျိုးကို မဆို ပီပြင်အောင် လုပ်နိုင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်’ သရုပ်ဆောင် အိချောပိုနှင့် တွေ့ဆုံခြင်း





e5103 အနုပညာပန်းခင်းအတွင်း ပွင့်လန်းရန် ပြင်ဆင်နေသည့် ပန်းကလေးများထဲမှ ပန်းကလေးတစ်ပွင့်။ အနုပညာတက္ကသိုလ်မှ ရုပ်ရှင်ပညာရပ်ဖြင့် ဘွဲ့ရရှိပြီး နောက် လက်တွေ့အနုပညာ နယ်ပယ်အတွင်းတွင် လှုပ်ရှားနေသူ သရုပ်ဆောင်မော်ဒယ်လ် အိချောပိုပင်ဖြစ်သည်။ အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးသုံးဦး အနက်မှ တစ်ဦးအပါအ၀င်ဖြစ်ပြီး ဇာတ်ကားနှင့် ကြော်ငြာများဆက်တိုက်ရိုက်ကူးနေသူ အိချောပိုသည် မကြာခင်ကထွက်ရှိထားသည့် ‘ပလိန်း’၊ ‘မပြောင်းလဲ သောဆက်နွှယ်မှု’၊ ‘အပြင်လူမ၀င်ရ’စသည့် ဇာတ်ကားများတွင် ဇာတ်ကောင်စရိုက်နှင့် လိုက်ဖက်သည့် သရုပ်ဆောင်မှုများဖြင့် ပရိသတ် အသိအမှတ်ပြုမှုကို စတင် ရရှိနေသူ ဖြစ်သည်။ အိချောပို၏ လတ်တလော အနုပညာအရေး၊ ရှေ့ဆက်မည့် အနုပညာလမ်းကြောင်းနှင့် အနုပညာခံယူချက်တို့ကို မေးမြန်းဖြစ်ခဲ့ရာ . . . မေး ။ အခုလတ်တလော ထွက်ထားတဲ့ ဇာတ်ကားတွေမှာ ပရိသတ်လက်ခံကြတယ်နော်။ အဲဒီ ကားလေးတွေအကြောင်းက စပြီးပြောပြပေးပါလား။
ဖြေ ။ ဒီရက်ပိုင်းအတွင်းမှာ ထွက်ထားတဲ့ ‘ပလိန်း’တို့၊ ‘မပြောင်းလဲသော ဆက်နွှယ်မှု’တို့၊ ‘အပြင်လူမ၀င်ရ’တို့မှာ ပရိသတ်တွေက အားပေး ကြတဲ့အတွက် အရမ်းပျော်ပါတယ်။ အဲဒီကားတွေက ရိုက်ထားတာ တော်တော်ကြာပါပြီ။ တတ်သမျှလေးတွေ နဲ့ ကြိုးစားထားတဲ့အပေါ် ပရိသတ် အသိအမှတ်ပြုတယ် ဆိုတော့လည်း ကြိုးစားရကျိုးနပ်တယ်ပေါ့နော်။ အတူ ပါဝင်ခဲ့တဲ့ ၀ါရင့်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ သင်ကြားပြသမှုကြောင့်လည်း အခုလိုမျိုး လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

မေး ။ အသစ်တစ်ယောက် ဖြစ်ပေမယ့် သရုပ်ဆောင်ခွင့်ရတဲ့ ဇာတ်ကောင်စရိုက်ပေါ်မှာ ကြိုးစား သရုပ်ဆောင်တာကို တွေ့ရတယ်။
ဖြေ ။ အဲဒါကတော့ ဒါရိုက်တာတွေ ရဲ့သင်ကြားပြသမှုအတိုင်းပါပဲ။ အိချောဘက်ကတော့ ကိုယ်နဲ့လိုက်ဖက် တယ်လို့ယူဆလို့ ရွေးချယ်ထားတဲ့ ဇာတ်ကောင်စရိုက်ကိုပဲ ပီပြင်အောင်လုပ်ဖြစ်ခဲ့တာပါ။ လိုအပ်ချက်တွေ လည်း အများကြီး ရှိပါသေးတယ်။ သင်ယူလေ့လာနေဆဲ ကာလဆိုတော့ လေ့လာခွင့်ရတယ်လို့လည်း သဘော ထားပါတယ်။
မေး ။ အနုပညာတက္ကသိုလ်မှာ ရုပ်ရှင်ဘာသာရပ်ကို သင်ကြားခဲ့တာဆိုတော့ တကယ်တမ်း သရုပ်ဆောင်လုပ်တဲ့ အချိန်မှာ အထောက်အကူ ဖြစ်လား။
ဖြေ ။ အများကြီး အထောက်အကူ ဖြစ်ပါတယ်။ တက္ကသိုလ်ကာလ တစ်လျှောက်လုံးမှာ ၀ါရင့်ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းပညာရှင်တွေ၊ စက်မှု ပညာရှင်တွေ၊ သရုပ်ဆောင်တွေက စာတွေ့လက်တွေ့သင်ကြားပေးခဲ့တာ တွေရှိပါတယ်။ အဲဒီမှာ သရုပ်ဆောင် ပညာရပ်တင် မဟုတ်ဘဲ ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ တခြားသော သိမှတ်ဖွယ်ရာတွေ အများကြီး သိခွင့်ရခဲ့ပါတယ်။ အခုတကယ်တမ်း သရုပ်ဆောင်ဖြစ်ခွင့်ရတဲ့အချိန်မှာ အဲဒီသင်ကြားမှုတွေက အများကြီး အထောက်အကူပြုတယ်လို့ ဆိုရမှာပါ။
မေး ။ အနုပညာပျိုးခင်း အနေနဲ့ရော ဘယ်နှကား ရိုက်ဖြစ်ပြီးပြီလဲ။
ဖြေ ။ အနုပညာပျိုးခင်းအနေနဲ့တော့ ဇာတ်ကားခြောက်ကား ရိုက်ပြီးပါပြီ။ အခုလက်ရှိလည်း အဲဒီထဲက သရုပ်ဆောင်တွေနဲ့ပဲ ကြော်ငြာတွေ၊ ဇာတ်ကားတွေ ဆက်ရိုက်ဖြစ်နေပါတယ်။ နောက်ထပ်ထပ်ရိုက်ဖို့ စီစဉ်ထားတာ တွေလည်းရှိပါတယ်။
မေး ။ ဒီလောကထဲကို ၀င်လာတဲ့အခါ ရည်ရွယ်ချက် အမျိုးမျိုးရှိတတ်တာဆိုတော့ အိချောလက် ကိုင်ထားတဲ့ ယုံကြည်ချက်ကရော။
ဖြေ ။ ကိုယ်လုပ်ခွင့်ရတဲ့ ဘယ်လို ဇာတ်ကောင်စရိုက်မျိုးကို မဆို ပီပြင်အောင်လုပ်နိုင်တဲ့ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ ဒါကြောင့် အိချောအနေနဲ့တော့ ဘယ်အခန်းကပဲ ပါဝင်ခွင့်ရသည်ဖြစ်စေ လေ့လာဆည်းပူးခွင့်ရတယ်လို့ ယုံကြည် ထားပါတယ်။ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်လာအောင်လည်း ကြိုးစားသွားမှာပါ။
မေး ။ ကြော်ငြာတွေကလည်း သရုပ်ဆောင် တစ်ယောက်အတွက် အရေးကြီးတဲ့ အပိုင်းမှာပါတော့ ကြော်ငြာတွေမှာ သရုပ်ဆောင်ဖို့ အတွက် ရော ဘယ်လိုပြင်ဆင်ဖြစ်လဲ။
ဖြေ ။ ကြော်ငြာက ပျံ့နှံ့မှု အတိုင်းအတာအရ တစ်နိုင်ငံလုံးဖြစ်သလို ပျံ့နှံ့တဲ့အရှိန်ကလည်းမြန်တယ်လေ။ ဒီတော့ သရုပ်ဆောင်တစ်ယောက် အတွက် ပရိသတ်နဲ့ထိတွေ့နိုင်မှုမှာ ကြော်ငြာက အရေးကြီးတဲ့အပိုင်းတစ်ခု လို့ဆိုရမှာပါ။ အိချောကတော့ ကြော်ငြာတွေ အများကြီး မရိုက်ရသေးပေမယ့် ကိုယ့်ကို ကမ်းလှမ်းလာတဲ့ကြော်ငြာတွေကိုတော့ သေချာလေးအချိန်ယူ ပြင်ဆင်ပါတယ်။
မေး ။ လူငယ်အနုပညာရှင် တစ်ယောက်အနေနဲ့ ကြုံရတတ်တဲ့ ကောလာဟလတွေ အတွက် ရော ဘာတွေပြင်ဆင်ထားလဲ။
ဖြေ ။ အနုပညာရှင်တွေက ပရိသတ် အများချစ်ခင်တဲ့ စိတ်ဝင်စားခံရတဲ့သူ တွေဖြစ်နေတော့ ကောလာဟလဆိုတာ မျိုးတွေကို ရင်ဆိုင်ကြရတာလို့ ထင်ပါတယ်။ ဘယ်လိုကိစ္စရပ်မျိုး မဆို ကိုယ့်ဘက်က မှန်နေတဲ့ကိစ္စဆိုရင် အချိန်တန်ရင်တော့ သူ့ဘာသာအမြင် ရှင်းသွားကြမှာပါ။ အိချောနားလည် လက်ခံထားတာက ကိုယ့်ဘက်ကသာ မှန်အောင်နေမယ်ဆိုရင် အချိန်တန်ရင် အမြင်ရှင်းသွားမှာပါပဲ။
မေး ။ လတ်တလော အနုပညာလှုပ်ရှားမှုတွေ ကရော။
ဖြေ ။ အိချောပြင်ဦးလွင်မှာ ဇာတ်ကားသုံးကားရိုက်ခဲ့ပါတယ်။ အခု ရန်ကုန်မှာ ဗီဒီယိုနဲ့ကြော်ငြာတွေ ရိုက်ဖို့တော့ လက်ခံထားပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis